ဒီလို အတိုးသတ်မှတ်ပေးရာမှာ အပိုင်း(၃)ပိုင်း ရှိတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။
(၁) တရားရုံးက ဆုံးဖြတ်သတ်မှတ်ပေးတဲ့ ငွေရင်းအပေါ်မှာ ငွေချေးတဲ့နေ့ကစလို့ တရားစွဲဆိုတဲ့နေ့အထိ ကာလအတွက် အတိုး၊
(၂) တရားစွဲဆိုတဲ့နေ့မှ ဒီကရီချမှတ်တဲ့ နေ့အထိ ကာလတွက် အတိုး နဲ့
(၃) ဒီကရီ ချမှတ်တဲ့နေ့မှ ငွေအပြေအကျေ ပေးဆပ်တဲ့ ကာလအတွက် အတိုး ဆိုပြီး အပိုင်း(၃)ပိုင်း ရှိပါတယ်။ အပိုင်းတစ်ပိုင်းချင်းအလိုက် ခွဲခြားစိတ်ဖြာ လေ့လာကြည့်ကြပါစို့။
(၁) ငွေချေးသည့်နေ့မှ တရားစွဲဆိုသည့်နေ့အထိ အတိုး။
ငွေချေးတဲ့နေ့ကစလို့ တရားစွဲဆိုတဲ့နေ့အထိ အတိုးကို ခွင့်ပြုပေးရာမှာ (၂)ပိုင်း ခွဲခြား စဉ်းစားရပါမယ်။
(၁) သတ်မှတ်ထားတဲ့နှုန်းဖြင့် အတိုးပေးရန် သတ်မှတ်ချက် ရှိတဲ့ ကိစ္စ နဲ့
(၂) အတိုးပေးရန် သတ်မှတ်ထားခြင်း မရှိတဲ့ ကိစ္စ။
ပထမအပိုင်း(၁)ကို စဉ်းစားတဲ့အခါမှာ တရားလိုနဲ့ တရားပြိုင်တို့ဟာ အတိုးနှုန်း သတ်မှတ်ထားခဲ့ ကြတယ် ဆိုရင် သူတို့သတ်မှတ်တဲ့ အတိုးနှုန်းဟာ မြင့်မားလွန်းတယ်လို့ ယူဆနိုင်စေကာမူ တရားရုံး အနေနဲ့တော့ သူတို့သဘောတူခဲ့ကြတဲ့ အတိုးနှုန်းထားအတိုင်းပဲ (ငွေချေးသည့်နေ့မှ တရားစွဲဆိုသည့်နေ့ အထိ) အတိုး ခွင့်ပြုပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူတို့သဘောတူခဲ့ကြတဲ့ အတိုးနှုန်းထားဟာ ဒဏ်ခတ်တဲ့သဘော (penal) သတ်မှတ်တဲ့ အတိုးနှုန်း ဖြစ်ခဲ့ရင် ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၇၄ အရ တရားရုံးက သင့်တော်သည် ထင်တဲ့အတိုင်း အတိုးနှုန်း သတ်မှတ်ပေးနိုင်ပါတယ်။ နောက်တစ်ချက်က အတိုးနှုန်းထားဟာ ဆိုခဲ့သလို ဒဏ်ခတ်တဲ့သဘောမျိုး မဟုတ်ဘူးလို့ ဆိုနိုင်စေကာမူ အတိုးနှုန်း အလွန် ကြီးမြင့်လွန်းပြီး တရားမျှတမှု မရှိဘူးလို့ ရုံးက သုံးသပ်ယူဆရင် အတိုးနှုန်းကို လျှော့ချသတ်မှတ် ပေးနိုင် ပါတယ်။
ဒုတိယအပိုင်း(၂)အရ အတိုးပေးရန် သတ်မှတ်ချက် အတိအလင်း မရှိတဲ့ကိစ္စမှာ ယေဘုယျ အားဖြင့် အတိုးရထိုက်ခွင့် မရှိပါဘူး။ ဒါပေမယ့် ကူးသန်းရောင်းဝယ်ရေး လောကမှာ အတိုးပေးရန် ထုံးစံရှိတဲ့ ကိစ္စမျိုးမှာ ယင်းသို့ ထုံးစံရှိကြောင်းကို တရားလိုက သက်သေထင်ရှား တင်ပြနိုင်ခဲ့ရင် အတိုး ရထိုက်ခွင့် ရှိမယ်။ ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်မှာ အတိုးရထိုက်ခွင့် ရှိကြောင်း (သို့မဟုတ်) အတိုး ခွင့်ပြု နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းချက်ရှိရင် တရားရုံးအနေနဲ့ အတိုးပေးရန် တာဝန်ရှိတယ်။ ဒါ့အပြင် အမှုသည် တို့ချင်း ဆက်ဆံဆောင်ရွက်ပုံ အစဉ်အလာအရ အတိုးပေးရန် သဘောတူညီတဲ့ အဓိပ္ပာယ် သက်ရောက် သော (၀ါ) သဘောတူညီရာ ရောက်သောကိစ္စ တွေမှာလည်း အတိုးရနိုင်ပါသေးတယ်။
(၂) တရားစွဲဆိုသည့်နေ့မှ ဒီကရီကျသည့်နေ့အထိ အတိုး။
တရားစွဲဆိုတဲ့နေ့မှ ဒီကရီကျသည့်နေ့အထိ အတိုးနှုန်းကိုတော့ တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။ သို့သော်လည်း ပဋိညာဉ်ပါ အတိုးနှုန်းကို ခွင့်ပြုလိုက်ခြင်းဖြင့် တရားမျှတမှု ကင်းမဲ့စရာ မရှိနိုင်ဘူးဆိုရင်တော့ ပဋိညာဉ်ပါ အတိုးနှုန်းကိုသာ ခွင့်ပြုသင့်ပါတယ်။ အဆိုလွှာမှာ တရားလိုက အတိုးပေးရန် အတိအလင်း အတိုးတောင်းဆိုခြင်း မရှိလင့်ကစား အမိန့် ၇၊ နည်းဥပဒေ ၇ အရ အတိုးပေးစေရန် တရားရုံးက အမိန့်ချမှတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
မကြင်တင် ပါ-၅ နှင့် ပြည်သူ့ဘဏ် (၁၁) (၁၉၆၉၊ မတစ (ရုံးချုပ်)၊ စာ-၂၀၀) စီရင်ထုံးမှာ အောက်ပါအတိုင်း လမ်းညွှန်ထုံးဖွဲ့ထား တာကိုလည်း တွေ့ရပါတယ်။
တရားစွဲဆိုသည့်နေ့မှ ဒီကရီချမှတ်သည့် နေ့အထိ အတိုးနှုန်းကို မူလရုံးနှုန်းအတိုင်း ငွေတစ်ရာ၊ တစ်နှစ် ကိုးရာခိုင်နှုန်း ခွင့်ပြုခဲ့သည်ကို တွေ့ရ၏။ ပဋိညာဉ်အရ နှစ်ဦးသဘောတူ ခဲ့သည့်အတိုင်း ခြောက် ရာခိုင်နှုန်းသာ ဖြစ်ပေသည်။ တရားရုံးအနေဖြင့် ပဋိညာဉ်အရ သဘောတူခဲ့သည့် အတိုးနှုန်းသည် ရုံးခွန်ထက် များနေမှသာ သက်သာသော ရုံးနှုန်းအတိုင်း အတိုးငွေကို ခွင့်ပြုလေ့ရှိပေသည်။ ပဋိညာဉ်အရ သဘောတူခဲ့သော အတိုးနှုန်းသည် ရုံးနှုန်းထက် နည်းနေပါမူ သက်သာသည့် အတိုးနှုန်းကိုသာ ခွင့်ပြုသင့် သည်။
(၃) ဒီကရီကျသည့်နေ့မှ ငွေပေးချေသည့်နေ့အထိ အတိုး။
ဒီကရီကျတဲ့နေ့မှ ငွေပေးချေတဲ့နေ့အထိ ပေးရမယ့် အတိုးနှုန်းမှာလည်း တရားရုံးက ဆင်ခြင်တုံ တရားနဲ့ ဆုံးဖြတ်ရတာပဲ ဖြစ်ပါတယ်။ ဒီကရီကျတဲ့နေ့ကစလို့ အတိုးပေးရမယ်လို့ အတိုးနှုန်း သတ်မှတ်ခြင်း မရှိဘဲ တရားရုံးက အမိန့်ချမှတ်ပေးထားတယ် ဆိုရင်တော့ ဒီကရီရသူဟာ တရားရုံးရဲ့ နှုန်းဖြစ်တဲ့ (၆)ရာခိုင်နှုန်း အတိုး ရခွင့်ရှိပါမယ်။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ အရ ဒီကရီ အနိုင်ရသူသို့ ခွင့်ပြုတဲ့ ရုံးအတိုးနှုန်းကို သာမန်အားဖြင့် ငွေကျပ် (၁၀၀)လျှင် (၉)ကျပ်နှုန်းဖြစ်စေ၊ ပဋိညာဉ်အရ ၄င်းအောက်ကျ သောအတိုးကိုဖြစ်စေ သတ်မှတ်ရမယ်လို့ တရားရုံးများလက်စွဲ အပိုဒ် ၁၇၃ မှာ ညွှန်ပြထားပါတယ်။ ဒီကရီအရ အတိုးပေးရန် အမိန့်ချမှတ်ထားခြင်း မရှိရင် အတိုးပေးရန်ကိစ္စကို တရားရုံးက ငြင်းပယ်ခြင်းသာ ဖြစ်တယ်လို့ မှတ်ယူရမှာ ဖြစ်ပြီး၊ ယင်းအတိုးအတွက် အမှု သီးခြား စွဲဆိုနိုင်ခွင့် မရှိပါဘူး။
ပြည်သူ့ဘဏ်အမှတ်(၉) နှင့် မက်ဆားစ် နေရှင်နယ် စီးကရက် ကုမ္ပဏီပါ-၁၆ (၁၉၆၇၊ မတစ (ရုံးချုပ်)၊ စာ-၂၃၀) အမှုမှာလည်း အောက်ပါအတိုင်း စီရင်ထုံးဖွဲ့ထားတာကို လေ့လာနိုင်ပါတယ်။
တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ အရ တရားရုံးချုပ်သည် မိမိသင့်တော်သည်ဟု ထင်မြင်သည့် နှုန်းထားအတိုင်း အတိုးပေးရန် အမိန့် ချမှတ်နိုင်သည်။ သို့ရာတွင် ထိုကဲ့သို့ အမိန့်ချမှတ်ရာ၌ မိမိတို့ ထင်သလို အမိန့် ချမှတ်သည်မဟုတ်။ တရားမျှတမှုကို အဓိကထား၍ အစဉ်တစိုက် လိုက်နာအပ်သည့် မူနှင့် ဥပဒေသများ အတိုင်းသာလျှင် အမိန့်ချမှတ်ရမည် ဖြစ်သည်။ အယူခံတရားလိုများနှင့် အယူခံ တရားခံများသည် ချေးငွေများအတွက် တစ်နှစ်လျှင် (၇)ရာခိုင်နှုန်း အတိုးပေးရန် သဘောတူညီခဲ့ကြပြီး ဖြစ်သည်။ ထိုကဲ့သို့ နှစ်ဦး သဘောတူညီမှု ရရှိခဲ့သော်လည်း အလွန်ခိုင်လုံသည့် အကြောင်းပြချက်များ မရှိဘဲ တရားရုံးသည် ထိုနှုန်းထားအတိုင်း ဒီကရီ ချမှတ်သည့်နေ့အထိ အတိုးပေးရန် အမိန့် ချမှတ် သင့်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအတိုးနှုန်းသည် တရားမျှတသည့် အတိုးနှုန်း ဖြစ်သည်။ များပြားလှသော အတိုးနှုန်းဖြစ်သည်ဟု မယူဆနိုင်။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၄ အရ တရားရုံးသည် ဒီကရီချမှတ်သည့်နေ့မှ ဒီကရီငွေများ ရရှိသည်အထိ သင့်တော်သည့်နှုန်းဖြင့် အတိုးပေးစေရန် အမိန့်ချမှတ် နိုင်သည်။ သို့ရာတွင် ထိုအာဏာကို အသုံးပြုရာ၌ တရားမျှတရာ ရောက်မည့် အမိန့်မျိုးကိုသာ ချမှတ်နိုင် မည်ဖြစ်သည်။
နှစ်ဦးနှစ်ဘက် အတိုးငွေအတွက် ကတိပဋိညာဉ်ရှိကြောင်း ပေါ်ပေါက်ရင် ထိုပဋိညာဉ်အတိုင်း အတိုးသတ်မှတ်ပေးနိုင်တာဖြစ်ပါတယ်။ ပဋိညာဉ် မရှိတဲ့ ကိစ္စမျိုးတွေမှာ တရားလိုက အတိုးသတ်မှတ် ပေးဖို့ တောင်းဆိုလာခဲ့ရင်တော့ တရားရုံးက အတိုးထည့်သွင်း စဉ်းစားပေးသင့်တယ်လို့ ထင်ရင် ဆင်ခြင်တုံတရား အလျောက် အတိုးနှုန်းထား သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ထိုသို့ အတိုးသတ်မှတ်ပေးဖို့ အကြောင်းပေါ်ပေါက်တဲ့အခါ မည်သို့သော အကြောင်းတရားများကို အထောက်အထားပြု၍ မည်သို့သော အတိုးနှုန်းထားဖြင့် ခွင့်ပြုပေးသင့်ကြောင်းကို သုံးသပ်ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဒီလို သုံးသပ်ချက် ရှိနေမှသာ တရားရုံးအနေနဲ့ ဆင်ခြင်တုံတရားကို အပြည့်အ၀ သုံးစွဲခဲ့တယ်ဆိုတာ မြင်သာစေနိုင်မှာ ဖြစ်လို့ပါပဲ။ ငွေရလိုမှုတွေမှာ အချို့အမှု တွေက မေတ္တာနဲ့ ချေးငှားကူညီ ပေးလိုက်တာမျိုးကြောင့် ပေါ်ပေါက်လာရတဲ့ အမှုတွေရှိသလို၊ အတိုးရလိုမှုနဲ့ ငွေချေးငှားခဲ့ရာမှ ပေါ်ပေါက်လာရတဲ့ အမှုတွေလည်း ရှိလေတော့ ဒီလိုငွေချေးငွေငှား အမှုအခင်းတွေ ပေါ်ပေါက်လာလို့ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ အခြေခံကျတဲ့ ဥပဒေ ပြဿနာရပ်တွေကို အများပြည်သူတို့ လွယ်လင့်တကူ နားလည်သဘောပေါက် ထားကြရင် လွန်စွာ အကျိုးများလှမှာပဲ ဖြစ်ပါတယ်။