Saturday, June 17, 2017

အပေါင်မှုတွင် ပုဂ္ဂလိက ဒီကရီ (personal decree)ကို မည်သည့်အချိန်လျှောက်ထားရခြင်း

အပေါင်မှုတွင် အပေါင်ခံသူသည် မိမိရရန်ကြွေးမြီအတွက် အပေါင်ပစ္စည်းကို ရောင်းချခြင်းဖြင့် မလုံလောက်သည့်အခါ

ပေါင်နှံသူအပေါ် တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်း ၃(၄)အရ ပုဂ္ဂလိကဒီကရီ လျှောက်ထား ရယူနိုင်ပါသည်။



--

ပုဂ္ဂလိကဒီကရီသဘော
×××××××××××××

လူတစ်ဦးတစ်ယောက်သည် မိမိ၏ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို တရားဥပဒေနှင့်အညီ ပေါင်ထားလျှင် အပေါင်ခံသူ သည် သာမန်အားဖြင့် အပေါင်ပစ္စည်းအပေါ်၌သာ အရေးယူ ရမည်ဖြစ်သည်။

ဆိုလိုသည်မှာ အပေါင်ပစ္စည်းကိုရောင်းချ၍ ကြွေးမြီကို ပေးဆပ်ရေးအတွက် ဆောင်ရွက်ရန်ဖြစ်သည်။

အပေါင်ဒီကရီသည် အပေါင်ပစ္စည်းအပေါ် အရေးယူစေ နိုင်သည့် ဒီကရီဖြစ်သည်။ ပုဂ္ဂလိကဒီကရီ မချမှတ်မီ ပေါင်သူအပေါ် အရေးယူစေနိုင်သည့် ဒီကရီဖြစ်သည်။ ပုဂ္ဂလိကဒီကရီ မချမှတ်မီ ပေါင်သူအပေါ် ပုဂ္ဂိုလ်အရ အရေးယူခွင့်မရှိ။

ဆိုလိုသည်မှာ အပေါင်ခံထားသည့် ပစ္စည်းကို မရောင်းသေးမီ ကြွေးမြီ အတွက် ပေါင်သူကို ထောင်မချစေနိုင်။ ပေါင်သူ၏ အခြားပစ္စည်းများကို ရောင်းချစေရန်အတွက် အရေးယူ ဆောင်ရွက်ခြင်း မပြုနိုင်။

အပေါင်ပစ္စည်းကို ရောင်းချရာတွင် ကြွေးမကျေပါက ပေါင်သူ သည် ပုဂ္ဂိုလ်အရ ပေးဆပ်ရန် တာဝန်ရှိသဖြင့် အပေါင်ခံသူက လျှောက်ထားလျှင် တရားရုံးက ပေါင်သူအပေါ် ကျန်ကြွေးမြီကို ပေးချေရန်အတွက် ပုဂ္ဂလဒီကရီ ချမျတ်မည်ဖြစ်သည်။

ထိုသို့ ဒီကရီချမှတ်သောအခါ ငွေရရှိရေးအတွက် တရားနိုင် သည် ပေါင်သူအား ထောင်ချပေးရန် အရေးယူနိုင်သည်။ ပေါင်သူ၏ အခြားပစ္စည်းများကို ၀ရမ်းကပ်၍ ရောင်းချပေး စေရန်အတွက် လျှောက်ထားနိုင်သည်။

(ဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿ နာ အမှတ်-၄၊ စာ ၁၉၁)

---

ပုဂ္ဂလိကဒီကရီကို မည်သည့်အချိန်လျှောက်ထားရန်ဖြစ်ခြင်း
×××××××××××××××××××××××××××××××××

ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၈၁ တွင် ဤဇယားတွင် အခြားနေရာ၌သော်၎င်း၊ တရားမ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၁အရသော်၎င်း၊ စည်းကမ်းသတ်ကာလ အပိုင်းအခြား ပြဋ္ဌာန်းလျက်မရှိသည့် လျှောက်ထားမှု ကို လျှောက်ထားပိုင်ခွင့် ဖြစ်ပေါ်သည့်အခါကစ၍ (၃)နှစ် အတွင်း စွဲဆိုရသည်။

မြန်မာ့စီးပွားရေးဘဏ်(ပုသိမ်မြို့) နှင့် ဦးမေရွှင်ပါ(၂) (၁၉၇၉၊ မတစ၊ စာ ၁၂၉)တွင်

"တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်း ၃(၄) အရ တင်သွင်းသည့် လျှောက်လွှာများ အတွက် ကာလ စည်းကမ်းသတ် အချိန်ကာလမှာ ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား အပိုဒ် ၁၈၁နှင့် သက်ဆိုင်ကြောင်း နှစ်ဖက်အငြင်းမပွားချေ။ ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား အပိုဒ် ၁၈၁ ၏ပြဋ္ဌာန်းချက်အရ ဆိုလျှင် တရားမကျင့်ထုံး အမိန့် ၃၄၊ နည်းဥပဒေ ၃(၄)အရ လျှောက်လွှာကို လျှောက်ထားရန်အကြောင်း အခွင့်ပေါ်ပေါက်သည့်နေ့မှ ၃ နှစ်အတွင်း လျှောက်ထားရမည်ဖြစ်ပေသည်။" ဟု ညွှန်ပြထားသည်။

မြန်မာ့စီးပွားရေးဘဏ်၊ ပုသိမ်မြို့ နှင့် စင်ဟင်းဆန်စက်၊ သာပေါင်းမြို့ပါ(၅) အမှုတွင်

" တိုင်းတရားရုံးက အပေါင်ပစ္စည်းကို လေလံတင်ရောင်းချ၍ ၆-၁၂-၈၂ ရက်နေ့တွင် လေလံတင်ရောင်းချခြင်းကို တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၉၂ အရ အတည်ပြုလိုက်ခြင်းနှင့်စပ်လျဉ်း၍ တရားနိုင်ဘဏ်က အယူခံဝင်ရာ ဗဟိုတရားရုံးက အယူခံကို အကျဉ်းနည်းဖြင့် ပလပ်သဖြင့် တိုင်းတရားရုံးက အပေါင်ပစ္စည်း လေလံတင် ရောင်းချခြင်းကို အတည်ပြုသည့်အမိန့်သည် အယူခံကို အကျဉ်းနည်းဖြင့် ပလပ်သည့် ဗဟိုတရားရုံး၏ အမိန့် နှင့် ပေါင်းစပ်ခြင်းမရှိသဖြင့် ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား အမှတ် ၁၈၁ အလို့ငှာ စည်းကမ်းသတ်ကာလကို တိုင်းတရားရုံးက ပစ္စည်းလေလံတင်ရောင်းချခြင်းကို အတည်ပြုသည့် ၆-၁၂-၈၂ ရက်နေ့မှစ၍ ရေတွက်ရန်ဖြစ်သည်" ဟု ညွှန်ပြသည်။

မြန်မာ့စီးပွားရေးဘဏ်(ပုသိမ်မြို့) နှင့် ဦးမေရွှင်ပါ(၂) (၁၉၇၉၊ မတစ၊ စာ ၁၂၉)တွင်

"ဤအမှုတွင် အပေါင်ပစ္စည်းများကို ပြည်သူပိုင်သိမ်း လိုက်သည့်အတွက် ယင်းပစ္စည်းများကို လေလံတင် ရောင်းချနိုင်ခြင်းမပြုနိုင်တော့သဖြင့် အယူခံတရားလိုဘဏ်က အယူခံတရားပြိုင်များအပေါ် ပုဂ္ဂလိကဒီကရီရလိုကြောင်းဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၃၄၊ နည်းဥပဒေ ၃(၄)အရ ဧရာဝတီတိုင်းတရားရုံးတွင် လျှောက်လွှာတင်ခဲ့ခြင်းဖြစ်သည်။ အပေါင်ပစ္စည်းများကို ပြည်သူပိုင်သိမ်းလိုက်သည့်အတွက် ပုဂ္ဂလိကဒီကရီ ချပေးရန် အယူခံတရားလိုများအတွက် အကြောင်းအခွင့်ပေါ်ပေါက်ခဲ့သည့်ရက်မှာ ပြည်သူပိုင် သိမ်းသည့်ရက် ၁-၂-၇၂ ခုနှစ်ဖြစ်သည်။ အယူခံတရားလိုဘဏ်က တရားမကျင့်ထုံး အမိန့် ၃၄၊ နည်းဥပဒေ ၃(၄)အရ အယူခံတရားပြိုင်များအပေါ် ပုဂ္ဂလိကဒီကရီ ချမှတ်ပေးရန် လျှောက်ထားသည့် ရက်မှာ ၁၄-၈-၇၅ ခုနှစ်က ဖြစ်သည်။ သို့ဖြစ်၍ အယူခံတရားလို ဘဏ်သည် လျှောက်ထားရန် အကြောင်းအခွင့် ပေါ်ပေါက်သည့်ရက်မှာ ၃ နှစ်ကျော်လွန်ပြီးမှ လျှောက်ထားခဲ့ကြောင်း ပေါ်လွင်သည်။ သို့ဖြစ်၍ ယင်းလျှောက်လွှာမှာ ကာလစည်းကမ်းသတ် ကျော်လွန်နေပြီဖြစ်သည်။"

----

သို့ဖြစ်ရာ

အပေါင်မှုတွင် ပုဂ္ဂလိကဒီကရီလျှောက်ထားခြင်းကို

သာမန်အားဖြင့်

(၁) အပေါင်ပစ္စည်းကို ရောင်းချခြင်း အတည်ဖြစ်သည့် နေ့ရက်စ၍
                         (သို့မဟုတ်)

(၂) အပေါင်ပစ္စည်းကို လေလံတင်ရောင်းချခြင်း မပြုနိုင်သည့် အခြေအနေ ပေါ်ပေါက်သည့်ကိစ္စတွင် ယင်းအခြေအနေ ပေါ်ပေါက်သည့် နေ့ရက်ကစ၍

(၃)နှစ်အတွင်း

လျှောက်ထားရမည်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

TUN MYO HTAY

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...