တရားစရိတ် ပေးခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမှုသည်တစ်ဦးက ၄င်းရဲ့အခွင့်အရေးအတွက် တရားရုံး တွင် အရေးဆိုရာမှာ ၎င်းအနိုင်ရရှိတဲ့အတွက် ၎င်းကုန်ကျခဲ့တဲ့ တရားစရိတ်တွေကို ပြန်လည်ထုတ်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကုန်ကျတဲ့စရိတ်တွေထက် ကျော်လွန်ပြီးတော့ တစ်ဘက်အမှုသည်ကို ပြစ်ဒဏ် ခတ်တဲ့ သဘောနဲ့ တရားစရိတ်ကို သတ်မှတ်ပေးခြင်းတော့ မပြုသင့်ပါဘူး။ ဒီပုဒ်မက စည်းကမ်းသေ၀ပ်မှု အတွက် တရားရုံးကို စီရင်ပိုင်ခွင့် ပေးထားတာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီသဘောတရား တွေဟာ Mulla ရေးတဲ့ The Court of Civil Procedure မှာ ဖော်ပြပါရှိတယ်လို့ ဆရာ ဦးကျော်အေးရဲ့ တရားမ ကျင့်ထုံးဥပဒေ (ပထမတွဲ)မှာ ညွှန်းဆိုထားတာ တွေ့ရပါတယ်။
တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၃၅ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ အောက်ပါအတိုင်း ပြဋ္ဌာန်းပါရှိပါတယ်။
"သတ်မှတ်ထားသော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ တရားမမှုများနှင့် စပ်လျဉ်းသည့် တရားစရိတ်များမှာ တရားရုံး၏ သဘောအတိုင်း ဖြစ်စေရမည်။ ယင်းတရားစရိတ်များကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်မျှအထိ ပေးရမည်ကို ဆုံးဖြတ်ရန်နှင့် အထက်တွင် ဆိုခဲ့သည့် ကိစ္စများ အတွက် လိုအပ်သည်များကို ညွှန်ကြားရန် တရားရုံးတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိစေရမည်။ တရားရုံးက ယင်းအမှုကို စစ်ဆေးစီရင်ပိုင်ခွင့် မရှိခြင်းကြောင့် အဆိုပါလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းကို ပိတ်ပင်ခြင်း မရှိစေရ။"
တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၀၊ နည်း ၆ (၂)အရ ဒီကရီမှာ တရားစရိတ် ငွေပမာဏနဲ့ ယင်း တရားစရိတ်ကို မည်သူက၊ သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်သည့်အချိုးအရ ပေးရမယ်ဆိုတာကို ဖော်ပြရ ပါမယ်။ အမိန့် ၂၀၊ နည်း ၆ (၃)ကို ဆက်လက် လေ့လာမယ်ဆိုရင်လည်း တရားစရိတ်ငွေကို တစ်ဘက် အမှုသည်အား ပေးဖို့ရှိကြောင်း ၀န်ခံထားတဲ့၊ သို့မဟုတ် ပေးရန်ရှိကြောင်း တွေ့ရှိရတဲ့ ငွေနဲ့ ခုနှိမ်ရန် တရားရုံးက ညွှန်ကြားနိုင်ကြောင်း မှတ်သားကြရမှာ ဖြစ်ပါတယ်။
တရားရုံးများလက်စွဲ အပိုဒ် ၁၇၈ (၁)မှာ တရားစရိတ်နဲ့ ပတ်သက်လို့ ပုဒ်မ ၃၅ အရ တရားစရိတ်ကို တရားသူကြီးရဲ့သဘောအတိုင်း ဆောင်ရွက်ခွင့်ရှိကြောင်း၊ ပုဒ်မ ၃၅-က အရ မဟုတ်မမှန်၊ အနှောင့်အယှက် ဖြစ်စေတဲ့ တရားမမှုမျိုးမှာသာ ပြစ်ဒဏ်သဘောအဖြစ် လျော်ကြေးစရိတ်ငွေများ ပြဋ္ဌာန်းထားကြောင်း၊ ဒါ့အပြင် အမိန့် ၁၆၊ နည်း ၂ အရ သက်သေစရိတ်ကိုလည်း သတ်မှတ်ထားကြောင်း လမ်းညွှန်ထားတာ တွေ့ရပါတယ်။ အပိုဒ် ၁၇၈ (၂)မှာ အဆိုလွှာ၊ ချေလွှာမိတ္တူများ ပေးရတဲ့အတွက် ကုန်ကျစရိတ်မှာ ရှေ့နေခမှာ အကျုံးဝင်တာဖြစ်လို့ တရားစရိတ်မှာ ထည့်၍မရကြောင်း၊ သို့သော်လည်း လျှောက်လွှာများ၊ ကျမ်းကျိန်လွှာများနဲ့ ရှာဖွေခများအတွက်တော့ တရားစရိတ်မှာ ထည့်ရမယ်လို့ ညွှန်ပြထား ပါတယ်။
အမှုအတွက် ကုန်ကျစရိတ်များနဲ့ ဆက်စပ် ကုန်ကျငွေများကို ပေးဖို့ တရားရုံးက အမိန့်ချမှတ် ရာမှာ ဒီပုဒ်မက တရားရုံးအနေနဲ့ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ရမယ် ဆိုတဲ့အကြောင်း အာဏာပေးအပ် ထားတဲ့ ပြဋ္ဌာန်းချက်လည်း ဖြစ်ပါတယ်။ တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရန် အာဏာ (Discretion) ပေးထားတယ် ဆိုရာမှာလည်း သတ်မှတ်ထားတဲ့ မူ(စီရင်ထုံး)တွေကို လိုက်နာဆုံးဖြတ်ရမယ့် (Judicial Discretion) သာဖြစ်ပါတယ်။ တရားရုံးအနေနဲ့ တရားစရိတ်ကို အမှုမှာ ခွင့်မပြုဘူးဆိုရင်တော့ ယင်းပုဒ်မ ၃၅ (၂)အရ ခွင့်မပြုရခြင်းရဲ့ အကျိုးအကြောင်းကို ဒီကရီမှာ ရေးသားချမှတ်ရမှာလည်း ဖြစ်ပါတယ်။ ယေဘုယျဥပဒေသကတော့ အမှုမှာ အနိုင်ရသူဟာ ကျင့်ဝတ်ဖောက်ဖျက်မှု၊ ပေါ့ဆမှု၊ ထိန်ချန်မှုကို ကျူးလွန်ခြင်းမရှိရင်၊ ဒါမှမဟုတ် တရားစရိတ် မပေးခြင်းအတွက် အခြား ကောင်းသော အကြောင်းပြချက် မရှိဘူးဆိုရင် ၎င်းအနိုင်ရသူအနေနဲ့ တရားစရိတ် ရထိုက်ခွင့် ရှိမှာပဲ ဖြစ်ပါတယ်။
ဆက်လက်ပြီး တရားရုံးအနေနဲ့ ပုဒ်မ ၃၅ (၃)အရ တစ်နှစ်လျှင် (၆)ရာခိုင်နှုန်း ထက်မပိုတဲ့ အတိုးနှုန်းနဲ့ တရားစရိတ် အပေါ်မှာ အတိုးကို ခွင့်ပြုပြီး တရားစရိတ်မှာ ပေါင်းထည့်စေရန်လည်း အမိန့်ချမှတ် ပေးနိုင်ခွင့် ရှိပါသေးတယ် ဆိုတာကိုလည်း မှတ်သားထားရမှာ ဖြစ်ပါတယ်။ အဆိုပါ အတိုးငွေတွေကို တရားစရိတ်အဖြစ် အရ တောင်းခံပိုင်ခွင့် ရှိမှာလည်း ဖြစ်ပါတယ်။
တရားစရိတ်နဲ့ စပ်လျဉ်းတဲ့ ပြဋ္ဌာန်းချက်တွေပါရှိသော နည်းဥပဒေတွေကတော့ __ အမိန့် ၁၁၊ နည်း ၃ (မေးခွန်းများ ဖြေဆိုသည့် စရိတ်)၊ အမိန့် ၁၂၊ နည်း ၂ (စာချုပ်စာတမ်းများကို သက်သေပြခြင်း)၊ အမိန့် ၂၁၊ နည်း ၇၂ (၃) (ရောင်းချခြင်းကို ပယ်ဖျက်ရန် လျှောက်လွှာ)၊ အမိန့် ၂၃၊ နည်း ၁ (၃) (အမှုရုပ်သိမ်းခြင်း)၊ အမိန့် ၂၄၊ နည်း ၄ (တရားရုံးသို့ ပေးသွင်းထားသည့် ငွေနှင့်စပ်လျဉ်းသည့် တရားစရိတ်)၊ အမိန့် ၃၂၊ နည်း ၄ နှင့် ၅ (နီးစပ်ရာ မိတ်ဆွေများနှင့် အုပ်ထိန်းသူများ)၊ အမိန့် ၃၃၊ နည်း ၁၀၊ ၁၁၊ ၁၆ (လူမွဲအဖြစ် တရားစွဲဆိုခြင်း)၊ အမိန့် ၃၄ (အပေါင်မှု)၊ အမိန့် ၃၅၊ နည်း ၃ (ကြားဖြတ်အမှု) တွေပဲ ဖြစ်တယ်ဆိုတာ သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
လေ့လာမိသမျှ တရားစရိတ်နဲ့ပတ်သက်တဲ့ စီရင်ထုံးမှတ်စုအချို့ကို ဖော်ပြပေးလိုက်ပါတယ် __
* ထူးခြားသော အမှုများတွင် သီးခြား တရားလိုများ ကိုယ်စား လိုက်ပါသော တရားရုံးချုပ်ရှေ့နေများ အတွက် သီးခြား တရားစရိတ်များကို ခွင့်ပြုနိုင်သည်။ (The Moola Hashim Family Endowment Waqf Estate Vs. M.E. Dawoodjiee and others. 1952, B.L.R., H.C., p-74)
* တရားစရိတ်ကို တောင်းဆိုသည့်ငွေအပေါ် တွက်ချက်ရန် မဟုတ်ဘဲ၊ ရုံးက ခွင့်ပြုသောငွေအပေါ် အချိုးကျ တွက်ချက်ခွင့် ပြုရမည်။ ခွင့်မပြုလျှင် ပုဒ်မ ၃၅ (၂) အရ အကြောင်းပြချက် ရေးရမည်။ (ရွှေတင် နှင့် စီတားလ်၊ ၁၉၅၄၊ မတစ၊ စာ-၂၄၈) ၊ (မူလီဒါးကန်ဒွိုင် နှင့် လက်ခါးဆင်း ပါ-၂၊ ၁၉၆၂၊ မတစ (လွှတ်တော်)၊ စာ-၁၁၂)။
* တရားပြိုင်က ချေလွှာတွင် တစ်စိတ်တစ်ဒေသ ဖြောင့်ဆိုဝန်ခံပြီး အခြားအစိတ်အပိုင်း အတွက် ထုချေလျှင် ထုချေသည့်အပိုင်း အတွက် တရားလိုအား အချိုးကျ ခွင့်ပြုရမည်။ ရှေ့နေစရိတ်ကိုမူ တရားပြိုင်က ခုခံသည့်အနေဖြင့် ခွင့်ပြုရမည်။ (ပြည်သူ့ဘဏ် အမှတ်(၉) နှင့် မက်ဆားစ် အမျိုးသား စီးကရက် ကုမ္ပဏီလီမိတက် ပါ-၁၆၊ မတစ၊ စာ-၅၃)
* အစုစပ်လုပ်ငန်း ဖျက်သိမ်းလိုမှုတွင် တရားစရိတ်ကို အစုစပ်လုပ်ငန်းပိုင် ငွေမှ ကျခံစေရမည်ဟု သာမန်အားဖြင့် အမိန့်ချမှတ်ရမည်။ အစုစပ်လုပ်ငန်းပိုင် ငွေမရှိမှ အစုရှင်က ကျခံရမည်။ တရားပြိုင်က စာရင်းပေးသွင်းရန်၊ အစုစပ် ဖျက်သိမ်းရန် တမင်ငြင်းဆိုမှ တရားပြိုင်က ကျခံသင့်သည်။ (ဒေါ်ငွေသီး ပါ-၁၁ နှင့် ဦးဖေသင် ပါ-၅၊ ၁၉၆၆၊ မတစ၊ စာ-၁၁၈၅)
* အမိန့် ၁၊ နည်း ၁၀ အရ အမှုသည်အဖြစ်မှ ဖယ်ထုတ်သော တရားပြိုင်အား တန်ဖိုးအလျောက် တရားစရိတ် မပေးရ။ (E.I. Seedat and others Vs. Mariam Bi Bi and others, 1938, RLR, p-252)
* စွဲဆိုသည့် အမှုကို ပလပ်လိုက်လျှင် အမှုတန်ဖိုးအပေါ် အခြေပြု၍ တရားစရိတ်ကို တွက်ချက်ခွင့်ပြု နိုင်သည်။ တရားမကြီးမှု အဆင့် မရောက်သေးသည့် လူမွဲအဖြစ် စွဲဆိုခွင့်ပြုရန် အထွေထွေလျှောက်လွှာကို ပလပ်လျှင် အမှု၏တန်ဖိုးအပေါ် မူတည်၍ တရားစရိတ် တွက်ရန်မဟုတ်။ (ဦးထွန်းဖေ နှင့် ဦးသာထွန်း၊ ၁၉၇၇၊ မတစ၊ စာ-၃၆)
ဒီပို့စ်လေးကို မျှဝေတင်ပြပေးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်ကိုယ်တိုင် အပါအ၀င် အခြားသူ အချို့ဟာ တရားစရိတ်နဲ့ ပတ်သက်လာရင် အမှုနိုင်တဲ့သူကို ရှုံးတဲ့သူက တရားစရိတ် ပေးရတာပါပဲလို့ အမြင်ကျဉ်းမြောင်းစွာ ပေါ့ပေါ့လွယ်လွယ် ယေဘုယျဆန်စွာ မှတ်ယူထားခဲ့ကြလို့ ကျွန်တော်လည်း လေ့လာမှတ်သားရင်းက သိသင့်တာလေးတွေကို ပြန်လည်မျှဝေရခြင်း ဖြစ်ပါတယ်။ ဒီပို့စ်လေးကို ဖတ်ရှုရတဲ့အခါမှာတော့ တရားစရိတ်ဆိုတာ တရားရုံးက သတ်မှတ်ချင်သလို သတ်မှတ်ပေးတာမျိုး မဟုတ်ဘူး ဆိုတာကို မြင်တွေ့ရိပ်စားမိ လာကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
အလျဉ်းသင့်လို့ ပြောပါရစေခင်ဗျာ။ ဥပဒေပညာဟာ မွန်မြတ်တဲ့ ပညာရပ်ဖြစ်တဲ့အပြင်၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ ပညာရပ်လည်းဖြစ်လို့ ဥပဒေ ပညာနဲ့ အသက်မွေးဝမ်းကျောင်း ကြသူများအနေနဲ့ စာ များများဖတ်ကြဖို့ တိုက်တွန်းပါရစေ။ (ကျွန်တော့်ကိုယ် ကျွန်တော်လည်း တိုက်တွန်းရင်းပေါ့။) စာဖတ်အားနည်းတဲ့အခါမှာ ပညာဥာဏ်ရည် ယိမ်းယိုင်လာတတ် ပါတယ်၊ သူများ ပါးစပ်ပြောသမျှကို နားယဉ်ပါးပြီး ဥပဒေအသားကို ကိုယ်တိုင် မလေ့လာမိတဲ့အခါ တကယ့် ပြဿနာ အရေးကြုံလာရင် ထင်ယောင်ထင်မှား ပြောကြ၊ ဆိုကြတာမျိုးတွေ ရှိလာတတ်ပါတယ်။ ပညာမပြည့်တဲ့အခါ ကိုယ်ရည်ကိုယ်သွေးတွေ ပိုမိုနိမ့်ပါးလာနိုင်ပြီး ဆူလွယ်၊နပ်လွယ် လုပ်ငန်းဆောင်တာ များကိုသာ လုပ်ကိုင် ရှာဖွေ စားသောက်ရင်းက ဘ၀ဟာ တန်ဖိုးတက် မလာတော့ဘဲ ကျရှုံးခြင်း ဘက်သို့သာ ဆက်၍ ဆက်၍ ဦးတည်ခြေလှမ်းနေရပါတော့တယ်။ မိမိတို့ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကျရှုံးခြင်း၊ ပညာနိမ့်ပါးခြင်းတို့ ဖြစ်လာကြတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း အားအင်ချိနဲ့လာ နိုင်တာဖြစ်လို့ အမှားတွေနဲ့ အားနည်းချက်တွေကို လွတ်လပ်စွာ ဝေဖန်ပါ၊ ပညာယူပါ၊ ထောက်ပြပါ၊ တရားစီရင်ရေး အသိုင်းအ၀ိုင်းက လူအားလုံး (အားလုံး) တန်းတူစွာ ပညာရည် ပြည့်ဝဖို့ လိုအပ်နေသေးတာ ဖြစ်လို့ အားလုံးကိုယ်စီ ရိုးသား၊ ကြိုးစားကြဖို့ ထပ်ဆင့် တိုက်တွန်းလိုက်ပါရစေ။