Saturday, June 10, 2017

အပြစ်ရှိတယ်ဆိုတာ သံသယလုံးဝ မရှိသည်အထိ (၂)

Pyay Lwin Myint

'အပြစ်ရှိတယ် ဆိုတာ သံသယ လုံးဝ မရှိသည်အထိ'
အရင်တစ်ပတ် စာမူကို ရေးနေတုန်းမှာပဲ အေဂျေကရိုနင်ရဲ့ ၀တ္ထုမဟုတ်ဘဲ စီရင်ထုံး (သို့မဟုတ်) စီရင်ချက် တစ်ခုကို ကိုးကားရရင် ပိုပြီး ကောင်းမှာပဲလို့ တွေးမိပါတယ်။  ဒါပေမယ့် တချို့ကိစ္စတွေမှာ ၀တ္ထုက ပိုပြီး ပေါ့ပါး လွတ်လပ်ပါတယ်။

စွပ်စွဲခံရသူ တရားခံကို အပြစ်ရှိတယ် ဆိုတာ သေချာမှ အပြစ်ပေးရမယ် ဆိုတာ အနိုင်နိုင်ငံမှာ ရှိတဲ့ တရားရုံးများရဲ့ ကျင့်စဉ်ပဲ ဖြစ်ပါတယ်။  အရင်တုန်းက တရားရုံး စီရင်ထုံးတွေမှာ သံသယကအကျိုးကို တရားခံသာ ခံစားခွင့် ရှိတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးအတွက် တရားသူကြီးတွေပါ သံသယအဖြစ် ခံရတာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။  နောင်တော့ သံသယအကျိုးကို တရားခံအား ပေးရမည် ဆိုမယ့်အစား ထင်ကြေးဖြင့် အပြစ်မပေးသင့်၊ ကွင်းဆက်မပြတ် ခိုင်လုံတဲ့ အထောက်အထား သက်သေခံချက် ပြည့်စုံမှ အပြစ်ပေးရမယ် ဆိုတဲ့  (ဗိုလ်မှူး ၀င်းဖေ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၊ ၁၉၆၉ မတစ၊ အထူး-၃၂) စီရင်ထုံး အတွေးအခေါ်ကို လိုက်နာ ကျင့်သုံးခဲ့ကြတယ်။  ကောက်ချက်နှစ်မျိုး ယူနိုင်တဲ့ ကိစ္စမျိုးမှာ တရားခံဘက်ကို သက်ညှာတဲ့ ကောက်ချက်ကို လက်ခံခြင်းဟာ မျှတတယ် ဆိုတဲ့  (အမ်အေအာရာဇ်ပါ-၂ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ၊ ၁၉၇၀၊ မတစ၊ အထူး-၁၆) စီရင်ထုံးလည်း ပေါ်ပေါက်လာခဲ့တယ်။

မှားယွင်းချွတ်ချော်တဲ့ စီရင်ဆုံးဖြတ်မှုကြောင့် ကုစား မရနိုင်တော့တဲ့ နစ်နာဆုံးရှုံးမှုတွေ နည်းနိုင်သမျှ နည်းစေလိုတဲ့ သဘောပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။  မသင်္ကာဖွယ်ရာ အကြောင်းရှိရုံမျှနဲ့ တရားခံကို အပြစ်ပေးဖို့ မဟုတ်ဘူး။  အပြစ်ရှိတယ် ဆိုတာ သံသယ လုံးဝ မရှိသည်အထိ သေချာမှ အပြစ်ပေးရမယ် ဆိုတာနဲ့ အနက်အဓိပ္ပာယ် တူမျှပါလိမ့်မယ်။

++++++++++++++++++++++++++++++

မကြာသေးခင်က တရားရေး အရာရှိကြီး တစ်ဦးနဲ့ ပြောဆိုဖြစ်ပါတယ်။  သူက 'ခုကာလ ပြစ်မှု ကျူးလွန်သူတွေက မဟော်သဓာ နွားတရားစီရင်ခန်းက နွားသူခိုးလောက် မတုံးကြတော့ဘူးဗျ' လို့ ဆိုပါတယ်။

ဟုတ်မှာပါ။  မြက်ကောင်းရာနေရာမှာ နွားတစ်ရှဉ်း လွှတ်ကျောင်းတုန်း အခိုးခံခဲ့ရတဲ့ နွားရှင်နဲ့ နွားသူခိုးတို့ကို ဘယ်သူပိုင်ရှင် အစစ်ဖြစ်သလဲ ဆိုတာ သိစေဖို့ မေးတဲ့အခါမှာ သူခိုးက မြက်ခင်းထဲက နွားကို ခိုးယူခဲ့ပါလျက်ကနဲ့ နွားကို မြက်ကျွေးတယ်လို့ မဖြေဘဲ နှမ်းဖတ်နဲ့ ပဲမှော် ကျွေးခဲ့ပါတယ်လို့ ဖြေခဲ့ပါသတဲ့။  ခုကာလ လူတွေက အဲသလောက် မတုံးကြတော့တာ သေချာပါတယ်။

လွန်ခဲ့တဲ့ နှစ်များစွာက ဆရာချစ်ညို ရေးတဲ့ ၀တ္ထုတိုတစ်ပုဒ်ကို ပြောချင်ပါသေးတယ်။  အမှုက လူသတ်မှုပါ။  မိန်းကလေးတစ်ဦး ပျောက်ဆုံးသွားပြီး ရက်အတန်ကြာတဲ့အခါ အဲဒီမိန်းကလေးနဲ့ နောက်ဆုံး အတူတွေ့ရတဲ့ အမျိုးသား တစ်ယောက်ကို မြင်ခဲ့သူတွေ ရှိတယ်။  အမျိုးသားလေးရဲ့ အခန်းထဲမှာ မိန်းကလေး နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ အင်္ကျီစကို သွေးစွန်းလျက် တွေ့တယ်။  သူတို့နှစ်ယောက် ကျွမ်းဝင်ပတ်သက်ခဲ့တာကို မြင်တွေ့ သိရှိသူတွေလည်း ရှိနေတယ်။  အလောင်း မတွေ့ရတာမှအပ၊ အကယ်၍ မိန်းကလေးသာ အသက် ထင်ရှား မရှိတော့ဘူး ဆိုရင် အမျိုးသားလေးဟာ လူသတ်မှုကို ကျူးလွန်တဲ့သူ ဖြစ်တဲ့အကြောင်း လုံလောက်တဲ့ သက်သေခံချက်တွေ ပေါ်ပေါက်ခဲ့တယ်ပဲ ဆိုပါစို့။

အပြီးသတ်လျှောက်လဲချက် ကြားနာတဲ့အခါ အစိုးရရှေ့နေကြီးက တရားခံကို လူသတ်မှုနဲ့ပဲ အပြစ်ပေးဖို့ သက်သေခံချက်တွေကို ပြည့်ပြည့်စုံစုံ ထောက်ပြပြီး လျှောက်လဲခဲ့တယ်။  အင်မတန် ကျော်ကြားတဲ့ ရှေ့နေကြီး ဦးဖိုးလှိုင်က တရားခံဘက်က လျှောက်လဲတဲ့အခါ တရားလိုဘက် လျှောက်လဲပြချက်တွေကို တစ်ချက်မှ မငြင်းကွယ်ခဲ့ဘဲ အင်မတန် ခိုင်လုံ ကောင်းမွန်တဲ့အကြောင်း၊ သက်သေခံချက် တွေအရဆိုရင် သူ့အမှုသည်ဟာ မလွဲမသွေ အပြစ်ပေးခံရ တော့မယ့်အကြောင်း ချီးမွမ်း ပြောဆိုပါတယ်။  ဒါပေမယ့် -

"ကျွန်တော့်ရဲ့ အမှုသည်ဟာ ပြစ်မှုကို ကျူးလွန်တဲ့သူဖြစ်ကြောင်း သက်သေခံချက်တွေက ဘယ်လိုပဲ ညွှန်ပြနေပါစေ၊  အသတ်ခံရပါတယ်လို့ ယူဆရတဲ့ အဲဒီမိန်းကလေးကို ကျွန်တော့်လူတွေ့က ဒီတရားရုံးတော်ရှေ့ကို ခု ခေါ်ယူလာနိုင်မယ် ဆိုရင် ကျွန်တော့်ရဲ့ အမှုသည်ကို မလွဲမသွေ လွှတ်ရတော့မှာပဲ ဖြစ်ပါတယ်။  အဲဒီလို ဖြစ်အောင်လည်း ကျွန်တော်က သေသေချာချာ စီစဉ်ထားပြီး ဖြစ်ပါတယ်"

ရှေ့နေကြီး ဦးဖိုးလှိုင် အဲဒီလို ပြောလိုက်တော့ တရားရုံး အတွင်းမှာ ရောက်နေကြတဲ့သူတွေ အကုန်လုံး ခေါင်းထောင်သွားကြတယ်။  အစိုးရရှေ့နေကြီးနဲ့ တရားသူကြီးလည်း မျက်လုံးပြူးသွားတယ်၊  မိန်းကလေးရဲ့ မိဘဆွေမျိုးတွေလည်း မျက်နှာတွေ ၀င်းသွားတယ်။

"ခု ကျွန်တော်က လက်ခုပ်တီးလိုက်ပါ့မယ်၊  လက်ခုပ်သံ ဆုံးတာနဲ့ ငါးမိနစ်အတွင်း ကျွန်တော့် လူတွေက ဟောဒီရုံးခန်း အပေါက်ဝကနေ မိန်းကလေးကို ခေါ်ယူလာပါလိမ့်မယ်"

ရှေ့နေကြီး ဦးဖိုးလှိုင်က ယုံကြည်စိတ်ချမှု အပြည့်နဲ့ လက်ခုပ်ကို စပြီး တီးပါတယ်။  ရုံးခန်းထဲကို ရောက်ရှိနေသူအားလုံး တစ်ယောက်မကျန် ရုံးခန်း အပေါက်ဝကို လှည့်ပြီး ကြည့်ကြပါတယ်။  အစိုးရရှေ့နေကြီး ကလည်း ကြည့်ပါတယ်။  တရားသူကြီးကလည်း ကြည့်ပါတယ်။  တစ်ချက်ချင်း တီးနေတဲ့ လက်ခုပ်သံဟာ တိတ်ဆိတ်တဲ့ တရားခွင်ကို လွှမ်းမိုးနေပါတယ်။  လက်ခံသံ သုံးချက် ပြီးသွားပါပြီ။

"ခုဆိုရင် ရုံးတော်ကို ရောက်ရှိနေတဲ့ ပရိသတ် အားလုံးနဲ့ တစ်ဘက်ရှေ့နေကြီး၊ တရားသူကြီးမင်းတို့ပါ တစ်ယောက်မကျန် ရုံးတော်ရဲ့ အပေါက်ဝကို မျှော်လင့်တကြီးနဲ့ ကြည့်နေတာကို မြင်တွေ့ရ ပါတယ်။  ခွင့်လွှတ်ပါ။  ဒီအချက်ဟာ အသတ်ခံရတယ် ဆိုတဲ့ မိန်းကလေးဟာ အမှန်တကယ် သေဆုံးခြင်း ဟုတ်၊မဟုတ်၊ တရားသူကြီး အပါအ၀င် ပရိတ်သတ် အားလုံးက သံသယ ရှိနေတယ်ဆိုတာ အလွန် ထင်ရှားတဲ့ အချက်ပဲ ဖြစ်ပါတယ်။  ဒီလို သံသယ ရှိနေတာဟာ ကျွန်တော့်အမှုသည်က လူသတ်မှု ကျူးလွန်ခဲ့ တယ်ဆိုတာကိုလည်း သံသယ ရှိနေတဲ့အကြောင်း အလွန်ထင်ရှားတဲ့ အချက်ပဲ ဖြစ်ပါတယ်။  ဒါကြောင့် တရားသူကြီးမင်း အနေနဲ့ တရားခံအဖြစ် စွပ်စွဲခံနေရတဲ့ ကျွန်တော့်ရဲ့ အမှုသည်ကို သံသယအကျိုး ခံစားခွင့် ပေးပြီး တရားသေလွှတ်ပေးဖို့ လျှောက်လဲ တင်ပြအပ်ပါတယ်။"

တရားသူကြီးက တရားခွင်ပေါ်က ဆင်းပြီး စဉ်းစားခန်း ၀င်သွားပါတယ်။  တရားခွင်ထဲမှာ အုတ်အုတ်ကျက်ကျက်ဖြစ် ကျန်ရစ်ပါတယ်။  ဒါကြောင့်လည်း ဦးဖိုးလှိုင် နာမည်ကြီးပေတာပဲ၊ သူ အငိုက်ဖမ်းနိုင်လို့ သံသယ ဖြစ်တာ ပေါ်သွားတာ၊  အမှုကို လွှတ်ကို လွှတ်ပစ်ရတော့မှာ . . . စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက် ပေးကြပါတယ်။  ခဏကြာတော့ တရားသူကြီးဟာ တရားခွင်ပေါ် ပြန်တက်လာပါတယ်။  စီရင်ချက်ကို ဖတ်ပါတယ်။  အဆုံးမှာတော့ တရားခံဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် လူသတ်မှုနဲ့ အပြစ်ပေးလိုက်ကြောင်း စီရင်ချက် ချမှတ်ပါတယ်။  တစ်ရုံးလုံး ဟာခနဲ ဖြစ်သွားပါတယ်။  အံ့သြကြပါတယ်။

'ဘယ်ရမလဲ ဖိုးလှိုင်ရယ်'လို့ တရားသူကြီးဟာ စိတ်ထဲက ကြိမ်းဝါးလိုက်ပြီး ရုံးခန်းထဲက လူတွေ အကုန်လုံး မျှော်လင့်တကြီးနဲ့ တံခါးပေါက်ဝကို လှည့်ကြည့်နေတဲ့ အချိန်မှာ တရားခံက လုံးဝ လှည့်မကြည့်ဘဲ ခေါင်းငိုက်စိုက် ကျနေတာကို သူမြင်တဲ့အကြောင်း ၀တ္ထုကလေးထဲမှာ ရေးသား ဖော်ပြထားပါတယ်။

မှန်ပါတယ်။   ၀တ္ထုပါ၊   တကယ့် အဖြစ်အပျက် မဟုတ်တဲ့ ၀တ္ထုတစ်ပုဒ်ပါ။  သို့ပေမယ့် အမှုအခင်းတွေဟာ အခါခပ်သိမ်း ရိုးစင်းလွယ်ကူနေတာ မဟုတ်ကြောင်းနဲ့ တရားရုံးက အမှန်ကို ဖော်ထုတ်စီရင် နိုင်ဖို့ရာ တရားရုံးရဲ့ အရာရှိတွေ အဖြစ် ကူညီဖို့ တာဝန်ရှိတဲ့ ရှေ့နေတချို့ဟာ တရားရုံး ကျင့်ထုံးကျင့်စဉ်နဲ့ အားနည်းချက် တချို့ကို အခွင့်ကောင်းယူ တလွဲတချော် အသုံးချတတ်တယ် ဆိုတာကို ပြန်ပြောလိုတာ ဖြစ်ပါတယ်။

+++++++++++++++++++++++++++++

(Benifit of Doubt) ဆိုတဲ့ မူရင်း လုံးချင်းဝတ္ထု ဆရာရဲ့ အမည်နာမကို ကျွန်တော် မမှတ်မိ နိုင်တော့ပါဘူး။  'သံသယ'ဆိုတဲ့ အမည်နဲ့ ဆရာ အောင်ခင်စော ဘာသာပြန်တဲ့ အဲဒီဝတ္ထုကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ဖတ်ခဲ့တာပါ။  ၀တ္ထုရဲ့ နောက်ဆုံးတစ်ခန်းကိုပဲ ပြန်ပြောလိုပါတယ်။

၁၂ နှစ်အရွယ် မိန်းကလေးကို အဓမ္မ ပြုကျင့် သတ်ဖြတ်ခဲ့မှုရဲ့ တရားခံက ဘဏ်ဥက္ကဋ္ဌပါ။  အခင်းဖြစ်ပုံကို မျက်မြင်သက်သေ မရှိခဲ့ပေမယ့်  ပြစ်မှုဖြစ်ပွားတဲ့ နေအိမ်ခြံကြီး ထဲကနေ ဆံပင်စုတ်ဖွား စိတ်ရှုပ်ထွေး နောက်ကျိနေတဲ့ မျက်နှာကြီး မျက်နှာအိုအိုကြီးနဲ့လူကို ညအချိန် ကားမီးရောင်နဲ့ မြင်တွေ့လိုက် ရပါတယ် ဆိုတဲ့ သူတစ်ယောက် ရှိပါတယ်။  အဲဒီ မျက်မြင်သက်သေက သူမြင်တွေ့ခဲ့သူဟာ အဲဒီ ဘဏ်ဥက္ကဋ္ဌကြီး ပါပဲလို့ အခိုင်အမာ စွပ်စွဲခဲ့ပါတယ်။  ဘဏ်ဥက္ကဋ္ဌကတော့ အခင်းဖြစ်ချိန်က အခင်းဖြစ်နေရာမှာ မရှိခဲ့ဘဲ အခြားတစ်နေရာကို ရောက်ရှိနေတဲ့အကြောင်း (Alibi) အလီဘိုင် ပြခဲ့ပါတယ်။  တရားသူကြီးက အလီဘိုင်ပြ ထုချေချက်ကို လက်မခံဘဲ မျက်မြင်သက်သေရဲ့ ထွက်ဆိုချက်ကို လက်ခံယုံကြည်ပြီး သေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

စီရင်ချက် ချမှတ်တဲ့ အချိန်မှာ တရားခံက သူဟာ မတရား ပြစ်ဒဏ်စီရင်ခံရတာ ဖြစ်တယ်လို့ အကြောက်အကန် ငြင်းဆိုခဲ့ပြီး ဘယ်လိုမှ မမျှော်လင့်တဲ့ စိန်ခေါ်ချက် တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။  အဲဒါက သူ့ကို သေဒဏ် အပြစ်ရရှိစေခဲ့တဲ့ တရားသူကြီး၊ အစိုးရရှေ့နေ၊ အမှုစစ်ရဲအရာရှိနဲ့ မျက်မြင်သက်သေတို့ဟာ သူ သေဒဏ် စီရင်ခံရတာကို မျက်ဝါးထင်ထင် လာကြည့်ဖို့ပဲ ဖြစ်ပါတယ်။

သေဒဏ် မစီရင်မီ တစ်ညမှာတော့ အဲဒီ(၄)ဦးဟာ အကျဉ်းထောင် အဆောက်အဦ တစ်ခုအတွင်း ရဲဆေးတင် အရက်သောက်ရင်း တုန်လှုပ် ချောက်ချားနေပါပြီ။  သူတို့ လုပ်ခဲ့တာတွေ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတာကို သူတို့ကိုယ်တိုင် အကြီးအကျယ် သံသယ ၀င်ကြပါပြီ။  အဆိုးဆုံးကတော့ မျက်မြင် သက်သေပါပဲ။  နက်(က်)တိုင်ကအစ ရှုးဖိနပ်အထိ အဖိုးတန်ဝတ်စုံနဲ့ မြင်မြင်နေရတဲ့ လူကြီးလူကောင်း ဘဏ်ဥက္ကဋ္ဌကြီးဟာ စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာအိုအိုကြီး ဟုတ်ပါ့မလား ဆိုတာ သူကိုယ်တိုင် မသေချာနိုင် တော့ပါဘူး။  သူတို့ (၄)ယောက်စလုံးဟာ အဲဒီ တစ်ညလုံး တစ်မှေးမှ အိပ်စက်ခဲ့ခြင်း မရှိဘဲနဲ့ မိုးစင်စင် လင်းခဲ့ပါတယ်။  သေဒဏ်စီရင်တဲ့ မြင်ကွင်းကို လိပ်ပြာသန့်သန့် ကြည့်နိုင်ဖို့ အားတင်းနေကြပါတယ်။

အချိန် ကျရောက်ပါပြီ။  သေဒဏ် စီရင်ခံရမယ့် တရားခံကို ကြိုးတိုက်ထဲက ထုတ်လာခဲ့ပါပြီ။  သူတို့ ၄ ယောက်ကို တည်ငြိမ်တဲ့ အကြည့်နဲ့ ကြည့်လိုက်တဲ့အခါ သူတို့ခမျာ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ သလို မျက်နှာလွှဲလိုက်ပါတယ်။  လူနှစ်ဦး ခြံရံပြီး ကြိုးစင်ပေါ် တက်သွားတဲ့သူကို ငေးကြည့်နေလိုက် ပါတယ်။    နောင်တတရားတွေ ကိုယ်စီနဲ့ပေါ့။  အဲဒီအချိန်၊ အဲဒီအချိန်မှာပါပဲ။

ကြိုးစင်ရောက်ဖို့ နောက်ဆုံးခြေလှမ်း တစ်လှမ်းအလိုမှာ ဘဏ်ဥက္ကဋ္ဌကြီးက သူတို့ဘက်ကို ပြန်လှည့်ကြည့် လိုက်ပါတယ်။  အဲဒီအခါ မျက်မြင်သက်သေက ထအော်လိုက်ပါတယ်။   "ဟုတ်ပြီ၊  ဟုတ်ပြီဗျို့၊  ကျွန်တော် မြင်ခဲ့တာ အဲဒီမျက်နှာကြီး ပါပဲ။"   တည်ငြိမ်တဲ့ အိနြေ္ဒနဲ့ လူကြီးလူကောင်း အရေခွံကြီး ကွာကျသွားတဲ့ အခါ မျှော်လင့်ချက် ကင်းမဲ့စွာ နောက်ကျိ ညစ်ညူးနေတဲ့ သူ့မျက်နှာကြီးဟာ ပကတိအတိုင်း ပြန်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။  အဲဒီတော့မှ တရားသူကြီး အစရှိသူတို့တတွေလည်း ဟင်း ချ လိုက်နိုင်ပါတယ်။

++++++++++++++++++++++++++++++

သက်သေ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

တရားရုံး ဆိုတာလည်း ဇရပ်ဒကာ ကျောင်းဒကာတစ်ဦးက ပြောပါသည်၊  ဒန်အိုးဒန်ခွက် ရောင်းသူတစ်ဦးက ပြောပါသည်  ဆိုတာမျိုးနဲ့ လေဖမ်း ဒန်းချည် စီရင်လို့ရတာ မဟုတ်၊   အမှန်တကယ် သံသယ ဖြစ်ဖွယ် အခြေအနေ တစ်ရပ်ရပ်မှာ သံသယကင်းစွာ စီရင်ဆုံးဖြတ် နိုင်ဖို့ရာ အားထားစရာ တစ်ခုပဲ ရှိပါတယ်။  လှိုပ်ယိမ်းမနေတဲ့ သက်သေခံချက် တွေပါပဲ။

ပြေ လွင် မြင့်တရားခွင်ပုံပြင် (၂)
အပြစ်ရှိတယ်ဆိုတာ သံသယလုံးဝ မရှိသည်အထိ

ပြေ လွင် မြင့်

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...