Saturday, June 17, 2017

တရားသူကြီးကောင်းတို့ဟူသည်

တရားသူကြီးကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲလို့ မေးသည့်အခါ တရားသူကြီးကောင်းတစ်ယောက်ဖြစ်ဖို့ဆိုလျှင် ဥပဒေစိတ်ထားရှိဖို့က အဓိက အချက်ပါပဲလို့ ဖြေဆိုချင်ပါသည်။
ဥပဒေစိတ်ထား ဥပဒေစိတ်ထားဟူသည် ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ မှန်ကန်မျှတမှုကိုလိုလားခြင်း၊ တရားသဖြင့်ဖြစ်စေမှုကို အလေးထားခြင်း၊ အညီအမျှ ဖြစ်မှုကို မြတ်နိုးခြင်း၊ ချိန်ခွင်လျှာပမာတည့်မတ် မှန်ကန်မှုကို တန်ဖိုးထားခြင်း၊ ဘက် လိုက်မှု၊ ခွဲခြားမှုကိုရွံမုန်းတတ်ခြင်း၊ မတရားမှုမမှန်ကန်မှုပြုရမည်ကို ရှက်ခြင်း၊ ကြောက်ခြင်းစသည်တို့သည် ဥပဒေစိတ်ထား၏ အခြေခံများဖြစ်ကြောင်း ဖော်ပြခဲ့ ပြီးဖြစ်သည်။

တရားသူကြီး

တရားသူကြီးဟု ဘာကြောင့်ခေါ်ရသနည်း။ တိုတိုရှင်းရှင်းနှင့် နားလည်လွယ် အောင်ပြောပါမည်။ တရားသဖြင့်ဖြစ်စေခြင်းကို အဆုံးအဖြတ်ပေးရသူ၊ တရားမျှတစွာ အဆုံးအဖြတ်ပေးရသူ၊ အမှန်တရားကိုအဆုံးအဖြတ်ပေးရသူ၊ တစ်နည်းအားဖြင့် တရားသည့်သူဖြစ်ခြင်းကြောင့် တရားသူကြီးဟု ခေါ်ဆိုရခြင်းဖြစ်သည်။


တရားလို၊ တရားခံ

တရားစီရင်မှုတစ်ခုတွင် ရာဇဝတ်မှုခင်းများဆိုပါက တရားလိုရှိသည်၊ တရားခံ ရှိသည်။ တရားလိုသည်ကား တရားသဖြင့်ဖြစ်စေခြင်းကို အလိုရှိသူ၊ တရားမျှတခြင်းကို အလိုရှိသူ၊ အမှန်တရားကိုအလိုရှိသူ၊ တစ်နည်းအားဖြင့် တရားကိုအလိုရှိသူဖြစ်ခြင်း ကြောင့် တရားလိုဟု ခေါ်ဆိုသည်။ တရားခံဟူသည်ကား တရားသဖြင့်အဆုံးအဖြတ်ကို ခံယူရမည့်သူ၊ တရားမျှတခြင်းကိုခံယူရမည့်သူ၊ အမှန်တရားကိုခံယူရမည့်သူ၊ တစ် နည်းအားဖြင့် တရားကိုခံယူရမည့်သူဖြစ်ခြင်းကြောင့် တရားခံဟု ခေါ်ဆိုသည်။

တရားပြိုင်

တရားမမှုခင်းများတွင်ကားတရားခံဟုမသုံး။ တရားပြိုင်ဟုသုံးနှုန်းသည်။ အဘယ် ကြောင့်ပါနည်း။ တရားလိုက စွဲဆိုသောတရားကို သူမှန်၊ ကိုယ်မှန်ပြိုင်ဆိုင်ရမည့်သူ ဖြစ်ခြင်းကြောင့် တရားပြိုင်ဟူ၍ခေါ်ဆိုသုံးနှုန်းခြင်းဖြစ်သည်။

မွန်မြတ်သောလုပ်ငန်းဖြစ်ခြင်း

တရားသူကြီးများ၏လုပ်ငန်းတာဝန်များသည် မွန်မြတ်သည်။ ဂုဏ်ယူထိုက်သည်။ အဘယ်ကြောင့်ပါနည်း။ တရားသူကြီးများသည် အခင်းဖြစ်ပွားကြသော အမှု သည်များ၏အကြားတွင် အမှန်တရားကိုရှာဖွေရသည်။ ဥပဒေနှင့်အညီ မှန်ကန် သည့်အမိန့် တရားသဖြင့် ဖြစ်စေသည့်အမိန့်၊ တရားမျှတသည့်အမိန့်မျိုးကို ချမှတ် ပေးရသည်။

အမှန်တရားကိုရှာဖွေရာ၌ တရားလိုနှင့် တရားလိုပြသသောသက်သေများကို စစ်ဆေးပေးရသည်။ တရားခံနှင့် တရားခံပြသက်သေများကို စစ်ဆေးပေးရသည်။ တရားမမှုခင်းများဆိုက တရားပြိုင်နှင့် တရားပြိုင်ပြသက်သေများကို စစ်ဆေး ပေးရသည်။ နှစ်ဖက်အမှုသည်များ တင်ပြသော သက်သေခံအထောက်အထား အချက်အလက်၊ စာရွက်စာတမ်းများကို သက်သေခံချက်များအဖြစ်စုစည်းရသည်။ နှစ်ဖက်အမှုသည်များ၏ လျှောက်လဲတင်ပြချက်များကို ကြားနာရသည်။ နားထောင် ပေးရသည်။ ပြီးလျှင် အဆုံးအဖြတ်ပေးရသည်။
ဤသည်မှာ တရားစီရင်ရေးမှုခင်းတစ်ခု၏ စစ်ဆေးစီရင်မှုလုပ်ငန်းစဉ် အကျဉ်း မျှသာဖြစ်သည်။ အသေးစိတ်လျှင်ကျယ်ပြန့်သော လုပ်ငန်းစဉ်အဆင့်ဆင့်ကို တွေ့ရပေမည်။ အဆင့်ဆင့်တိုင်းတွင် ဥပဒေနှင့်အညီ ဖြစ်စေရသည်။ ဥပဒေကိုကျွမ်း ကျွမ်းကျင်ကျင်ကောင်းစွာသိမြင်သိရှိနေကြရမည်။ မှုခင်းဖြစ်စဉ်အရ သုံးလ၊ လေးလ၊ ငါးလ၊ ခြောက်လစသည်ဖြင့် ကြာတတ်သည်။ စစ်ဆေးစီရင်မှုတစ်လျှောက်လုံး တရား စီရင်မှုတွင်ပါဝင်ပတ်သက်နေသော အမှုသည်များ၊ ရှေ့နေများ၊ သက်သေများနှင့် ကောင်းမွန်စွာဆက်ဆံတတ်ကြရသည်။

မှုခင်းများမှန်မှန်နှင့်မြန်မြန်ပြီးမြောက်စေရေးအတွက် ကောင်းစွာကြံစည်တွေးတောရသည်။ အားထုတ်ရသည်။ အမှန်နှင့် အမှား၊ တရားမှုနှင့် မတရားမှုတို့ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်ကြရသည်။ ထိုသို့ သုံးသပ်နိုင်ရေးအတွက် ဥပဒေစိတ်ထားရှိကြရသည်။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဆိုသည့် အဂတိတရားကင်းစင်ကြရသည်။ သို့ဆိုလျှင် အမှန်တရားကို ကောင်းစွာ အဆုံးအဖြတ်ပြုနိုင်ကြပေမည်။ မိမိ၏အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းသည်လည်း ကောင်းသောအသက်မွေးဝမ်းကျောင်းမှု ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် တရားသူ ကြီး၏လုပ်ငန်းတာဝန်များသည် မွန်မြတ်သည်၊ ဂုဏ်ယူထိုက်သည်ဟု ဆိုရခြင်း ဖြစ်သည်။
မဂ္ဂင်ရှစ်ပါး အကျင့်တရားကိုကျင့်ကြံပြီးဖြစ်နေခြင်း
တရားသူကြီးကောင်းတို့မည်သည် မဂ္ဂင်ရှစ်ပါးအကျင့်တရားကို ကျင့်ကြံပြီးနေ သည်ဟု ဆိုရပါမည်။ အဘယ်ကြောင့်နည်း-

ကောင်းစွာသိမြင်မှုရှိခြင်း၊ ကောင်းစွာကြံစည်မှုရှိနေခြင်းတို့ကြောင့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပတည်းဟူသော ပညာမဂ္ဂင်နှစ်ပါးကို ဖြည့်ဆည်းအားထုတ်ရာရောက်၏။
ကောင်းစွာပြောဆိုမှုရှိခြင်း၊ ကောင်းစွာပြုလုပ်မှုရှိခြင်း၊ ကောင်းစွာအသက် မွေးမှုရှိခြင်းတို့ကြောင့် သမ္မာဝါစာ၊ သမ္မာကမ္မ္တ၊ သမ္မာအာဇီဝတည်းဟူသော မဂ္ဂင် သုံးပါးကို ဖြည့်ဆည်းအားထုတ်ရာရောက်၏။
ကောင်းစွာအားထုတ်မှုရှိခြင်း၊ ကောင်းစွာအောက်မေ့မှုရှိခြင်း၊ ကောင်းစွာတည် ကြည်မှုရှိခြင်းတို့ကြောင့် သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိတည်းဟူသော သမာဓိမဂ္ဂင်သုံးပါးကို ဖြည့်ဆည်းအားထုတ်ရာရောက်၏။

ဤမဂ္ဂင်ရှစ်ပါးအကျင့်တရားလမ်းစဉ်သည် တစ်ခုတည်းသော နိဗ္ဗာန်ရောက် ကြောင်းအကျင့်တရားလည်းဖြစ်သည်ကို ဗုဒ္ဓမြတ်စွာဘုရား ဟောမိန့်ထားသည်။

မဂ္ဂင်တရားနှင့်ယှဉ်သော ဤစိတ်ထားမျိုးထားကြလျှင် တရားသူကြီးကောင်းများ ဖြစ်ကြပေမည်။ ကုသိုလ်လည်းရ၊ ဝမ်းလည်းလှကြမည်။ ပစ္စုပ္ပန်သံသရာ အပြစ် ကင်းသည်။ သံသရာအတွက်စိတ်ချရသည်။

ဒေါက်တာမောင်မောင်၏ရေးသားချက်

ဒေါက်တာမောင်မောင်၏ ''တရားဥပဒေအထွေထွေဗဟုသုတ''(တတိယအကြိမ် မြောက်) စာအုပ်၏အခန်း ၁၃ ''တရားသူကြီး''ခေါင်းစဉ်အောက်တွင်ပါရှိသော ရေးသားချက်များက ဤသို့ရှိသည်-

''အဂတိတရားလေးပါးကင်း၍ သီလသမာဓိရှိလျှင် တရားသူကြီးကောင်းဖြစ်သည်။ လူသားမျှသာဖြစ်ကြ၍ အရည်အချင်းအပြည့် အလုံးစုံပြည့်စုံနိုင်မည်မဟုတ်။ သို့ရာတွင် စုံနိုင်သမျှစုံလျှင်ကောင်းသည်။ ပို၍စုံအောင်မပြတ်ကြိုးစားနေရသည်။''

ဘိုးတော်မင်းတရားလက်ထက်က ထုတ်ပြန်သော အမိန့်တော်စာတမ်းတွင် ဤသို့ဖွင့်သည်-

''နိုင်ငံတော်အတွင်း စီရင်ခင်းစီရင်ဖွယ်လည်း အလွန်များပြားစွာရှိသည်။ အဂတိ လေးပါးသို့လိုက်၍ မစူးမစမ်း၊ မစိမစစ်စီရင်လျှင် အမှုမှန်ရာမဖြစ်၊ စီရင်သူလည်း ပစ္စုပ္ပန်၊ သံသရာအပြစ်နှစ်ပါးမကင်းမလွတ်ရှိသည်။ အဂတိလေးပါးသို့လိုက်၍ မစီရင်နှင့်။''
အင်္ဂလန်နိုင်ငံတွင် တရားဝန်ကြီးတစ်ဦးအား တရားလွှတ်တော်တရားသူကြီးတို့တွင် ရှိအပ်သော အဓိကအရည်အချင်းသုံးရပ်ကိုပြောပါမေးရာ မဆိုင်းမတွပင်''ရိုးသားခြင်း၊ ရိုးသားခြင်း၊ ရိုးသားခြင်း''ဟူ၍ ပြောဖူးသည်။
ရိုးသားခြင်းဟုဆိုရာ ဆန္ဒာဂတိကင်းခြင်းကိုသာမဆို။ ကြောက်၍၊ အမျက် ဒေါသထွက်၍၊ တွေဝေမိန်းမော၍ မဟုတ်မမှန်စီရင်ခြင်းဟူသမျှ ကင်းစင်ခြင်းကိုခြုံ၍ဆိုခြင်းဖြစ်သည်။

တရားသိလျက်တရားမရှိသူသည် တရားသူကြီးကောင်းမဖြစ်၊ တရားရှိ၍ ကောင်းစွာလေ့လာစိစစ်လျှင် တရားသိနိုင်သည်။ တရားမျှတမှုကိုပြုနိုင်သည်။
စာသာတတ်၍လူမတတ် ဂါဟသတ်တတ်သည်။ လူသာတတ်၍ စာမတတ်၊ ဂါဟပြတ်တတ်သည်။

စွဲလမ်းတပ်ငြိခြင်း၊ ဖမ်းယူကိုက်စားခြင်းသည် ဂါဟမည်၏။ ဂါဟတရားသည် တရားမျှတမှု၏ ရန်သူဖြစ်သည်။ ဒေါက်တာမောင်မောင်၏ဤရေးသားချက်ကို အမြဲနှလုံးသွင်းထားအပ်သည်။

ဓမ္မသတ်၊ ပါပသတ်

မနုကျယ်ဓမ္မသတ်တွင် ဓမ္မသတ်နှင့် ပါပသတ်ဟူ၍ တရားနှစ်ပါး ဖော်ပြထား သည်ကို တွေ့ရသည်။
''မင်းကြီးလူတို့တွင်စီရင်ကြသည့်အကြောင်းနှစ်ပါးတည်း။ နှစ်ပါးဟူသည်ကား ဓမ္မသတ်၊ ပါပသတ်ဟူ၍ နှစ်ပါးရှိသည်။ ဓမ္မသတ်မှာ ရှေးရှေးသောက္ဘာအဆက်ဆက် မင်းကောင်း၊ မင်းလျာတို့ကျင့်တမ်းနှင့်အညီ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင်ရှစ်ပါးကိုယှဉ်၍ စီရင်ဆုံးဖြတ်သည်ကို ဓမ္မသတ်ဆိုသည်။''

''ပါပသတ်ဟူသည်ကား ငါမင်းဖြစ်သည်၊ အစိုးရသည်တကားဟု အပိုင်အနိုင်လု ယူသိမ်းဖျက်ခြင်း၊ သေတန်သောသူ မသေတန်သောသူ၊ ဖြတ်တတ်သောသူ၊ မဖြတ်တတ်သောသူ၊ လျော်ကန်သောသူ၊ မလျော်ကန်သောသူနေရာမှ နိမ့်တန်သောသူ၊ နေရာမှမနိမ့်တန်သောသူ၊ ထိုဆိုခဲ့ပြီးသမျှကိုမချင့်၊ မဆင်ခြင်စီရင်လေ့လာ ပြုသောအရာကို''ပါပသတ်''ဟူသတည်း။
''ပါပသတ်ကိုပယ်၍ ဓမ္မသတ်နှင့်စီရင်ရာ၏။''

တရားသူကြီးမည်ထိုက်သူနှင့် မမည်ထိုက်သူ

မနုကျယ်ဓမ္မသတ်ကျမ်းမှပင် တရားသူကြီးမည်ထိုက်သူ ငါးဦးနှင့် တရားသူကြီးမမည်ထိုက်သူခုနစ်ဦးတို့ကို နှိုင်းယှဉ်ဖော်ပြထားချက် တွေ့ရသည်။

'' မြတ်သောမင်းကြီး၊ တရားစီရင်သောသူငါးဦးတည်း။ ငါးဦးဟူသည်ကား...။

- တရားဆယ်ပါးကို စောင့်၍စီရင်သည့်တရားသူကြီးတစ်ဦး။
- ဓမ္မသတ်ထွက်နှင့်အညီ စီရင်သည့်တရားသူကြီးတစ်ဦး။
- ဓမ္မသတ်တွင် ငရဲလွတ်ရာကိုစီရင်သည့်တရားသူကြီးတစ်ဦး။
- မျက်စေ့ကန်းသောသူသည် တောင်ဝှေးပဲကိုင်စွဲသူနှင့်သွား၍ ခရီးကောင်း
ရောက်ဘိသကဲ့သို့ စီရင်သောတရားသူကြီးတစ်ဦး။
- ချိန်ခွင်လျှာကဲ့သို့ တည့်မတ်စွာစီရင်သောတရားသူကြီးတစ်ဦး။
ဤငါးယောက်သည်ကား တရားသူကြီးမည်ရာ၏''
''တရားသူကြီးမမည်ရာသူ ခုနစ်ယောက်တည်း။ ဤခုနစ်ယောက်ဟူသည်ကား-

- အမျိုးမြတ်သူကိုလိုက်၍ မနိုင်ဘဲအနိုင်ပေးခြင်းတစ်ပါး။
- ကြေးငွေ၊ တံစိုး၊ အများပေး၍ရှုံးမည့်သူကို အနိုင်စီရင်ခြင်းတစ်ပါး။
- အမျိုးသားချင်းဖြစ်သည်ဟု ရှုံးမည့်သူကိုအနိုင်စီရင်ခြင်းတစ်ပါး။
- သေဘေးမျက်ဘေးကိုကြောက်၍ ရှုံးမည့်သူကိုအနိုင်စီရင်ခြင်းတစ်ပါး။
- ရန်သူဖြစ်သည်ဟု နိုင်အံ့သည်ကိုအရှုံးပေးခြင်းလည်းတစ်ပါး။
- ဟုတ်သည် မဟုတ်သည်ကိုမသိမြင်၍ စီရင်ခြင်းလည်းတစ်ပါး။
- ဟုတ်သည် မဟုတ်သည်ကိုသိလျက်၊ လောဘနိုင်ငံသို့လိုက်၍ ရှုံးစေဟု အာဏာပေးကာ ခြိမ်းခြောက်စီရင်သည်တွင် မဟုတ်သည်ကို ပြီးစေ
တတ်သော တရားသူကြီးလည်းတစ်ပါး။
ဤခုနစ်ယောက်တည်း။''

''ဤခုနစ်ယောက်သည် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟသို့လိုက်၍ စီရင်သည်ကို ပြည့်ရှင်မင်း ဧကရာဇ်အမတ်သူတော်ကောင်းနှင့်တိုင်ပင်၍ တိုင်းပြည်မှနှင်ထုတ် အပ်၏။ စီရင်၍ပြီးရာကုန်ကျသမျှကိုလည်း ပြန်စေရာ၏။ သို့မှပြည်ရွာတိုင်းကား သာယာမည်။ မင်းစသောသူကြီးဆိုပြီးခဲ့သည့် ငါးယောက်သောသူတို့သည် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟသို့မလိုက်မူ၍ လမ်းဟောင်းနှင့်စီရင်သည်။ အမှုသည် တို့ပြစ်မှားလျှင် ဝတ္ထုရင်းတွင် နှစ်ဆထက် ¤င်းအမှုသည်တို့က ပေးလျော်စေ၏''

အသိနှင့်အကျင့် ထပ်တူဖြစ်စေ

အခြားအခြားသော ဓမ္မသတ်အများအပြားတွင်လည်း တရားသူကြီးဖြစ်ထိုက်သူ၊ မဖြစ်ထိုက်သူ၊ တရားသူကြီးတို့လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များ၊ တရားသူ ကြီးတစ်ဦးဖြစ်ထိုက်သည့် အင်္ဂါရပ်များကို ရေးသားထားကြသည်။ ဥပဒေပညာသင်ယူ စဉ်က ဆရာများကပို့ချ၍ မှတ်သားထားခဲ့သည်။ အင်မတန်မှနှစ်ခြိုက်စရာ ကောင်းသော ပို့ချချက်များဖြစ်သည်။ လုပ်ငန်းခွင်ဝင်ရောက်သည့်အခါတွင် မိမိကလည်း တစ်ဖန်ပို့ချမှုများ၊ ဟောကြားမှုများပြုလုပ်ရပြန်သည်။ ဓမ္မသတ် ကျမ်းလာဤအကြောင်း အချက်တို့ကို ဥပဒေလောကသားများ၏ ရင်ထဲတွင် ကိုယ်စီ ကိုယ်စီသိရှိနေကြပြီးဖြစ်သည်။ ပြောနေကြသည်။ ရေးနေကြသည်။ ဖတ်နေကြသည်။ သို့သော် သိသာသိနေကြသည်။ ပြောသာပြောနေကြသည်။ ရေးသာရေးနေကြသည်။ လက်တွေ့ကျင့်ကြံဖို့ကား ခဲယဉ်းနေကြ၏။ အလှမ်းဝေးနေကြ၏။ အသိနှင့်အကျင့် တစ်ထပ်တည်းဖြစ်မနေ။ သိတာတခြား ကျင့်တာတခြား ဖြစ်နေသည်။ တစ်ထပ် တည်းဖြစ်မနေသည့်တိုင် တစ်သီးတခြားဖြစ် မနေလျှင်ပင် ကျေနပ်စရာ ဂုဏ်ယူ စရာဖြစ်ပါမည်။

ဆရာဦးဘမောင်၏ဆုံးမစကားများစာရေးသူ သည် ၁၉၇၃ ခုနှစ်တွင် ဥပဒေဝန်ထမ်းအဖြစ် အလုပ်စတင်ဝင် ရောက်သည့်အချိန် ရန်ကုန်တိုင်း လှိုင်မြို့နယ် ဥပဒေရုံးတွင် တာဝန်ချထားခံရ၏။ ထိုစဉ်က ရန်ကုန်တိုင်းဥပဒေရုံးတာဝန်ခံ ဥပဒေဝန်ထမ်းသည် ဆရာဦးဘမောင် ဖြစ်သည်။ ခရိုင်ရာဇဝတ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်သည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်သည့်အခါ ''ပုံ-ဘမောင်''ဟူ၍ အမိန့်များထုန်ပြန်ခဲ့ခြင်းကြောင့် ''ပုံ-ဘမောင်''ဆိုကာ လူသိများခဲ့သည်။ ဥပဒေပညာတွင် ကျွမ်းကျင်၍စိတ်ထားဖြူစင်ရိုးသားမှုတို့ကြောင့် အများ၏ကြည် ညိုလေးစားမှုကို ရရှိခဲ့သူဖြစ်သည်။

ဆရာ၏ဥပဓိရုပ်သည် အမြဲတည်ကြည်နေ၏။ ရွှင်လန်းနေ၏။ လေးစားဖွယ် ကောင်း၏။ ကြည်ညိုဖွယ်ထိုက်၏။ လုပ်ငန်းခွင်စတင်ဝင်ရောက်သည့် ဥပဒေဝန်ထမ်း များအား မကြာမကြာဆုံးမသြဝါဒစကားများ ပြောကြားလေ့ရှိ၏။ ဆရာ၏ဆုံးမ စကားများမှာ များပြားလှ၏။ မှတ်သားထားမိခဲ့သည်များထဲက အကျဉ်းမျှ ပြန်လည် ပြောပြချင်ပါ၏။

ဆရာက-

''ဥပဒေကိုလေးစားပါ။ လိုက်နာပါ။ ဥပဒေအပေါ်သစ္စာရှိပါ။ ဥပဒေကို လေးစား လိုက်နာက ဥပဒေအပေါ် သစ္စာရှိရာရောက်သည်။''
''ဥပဒေကိုဖတ်ပါ။ လေ့လာပါ။ အလုပ်ကိုကြိုးစားပါ။ ဥပဒေနှင့်အညီဖြစ်ပါစေ။ ဥပဒေကိုတန်ဖိုးထားပါ။ ဥပဒေကို မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးမချပါနှင့်။''

''ဥပဒေကိုအလွဲသုံးစားလုပ်ပြီး မမှန်မကန်တာ၊ မဟုတ်တာတွေမလုပ်ပါနှင့် မမှန်ကန်တာ၊ မဟုတ်တာတွေလုပ်မည်ဆိုလျှင် လက်ငင်းမှာပင် ကောင်းစွာအိပ်၍မရ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်။ ပူပန်မှုတွေဖြစ်နေမည်။ အမြဲတစေထိတ်လန့်နေမည်။ လူကြားသူကြားထဲတွင် ရဲရဲဝံ့ဝံ့မရှိ။ ညှိုးငယ်နေတတ်သည်။ သိမ်ငယ်နေတတ်သည်။ ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာစလုံးတွင် ကောင်းကျိုးမပေးတတ်၊ ဆင်းရဲတတ်သည်။
''မိမိကိုယ်ကိုသန့်ရှင်းအောင်နေပါ။ အမြဲလိပ်ပြာသန့်နေပါစေ။ မိမိအိမ်ကိုလည်း သန့်ရှင်းနေပါစေ။ သန့်ရှင်းသောအိမ် ဖြစ်နေပါစေ။ အမှိုက်သရိုက်မကောင်းဆိုးဝါးတွေ အဝင်မခံမိပါစေနှင့်။ ဝင်လာမည်ဆိုရင် အပူအပင်များနှင့်ကြုံတွေ့ရတတ်သည်။ အိမ်တွင်းရေး အဆင်မပြေမှုတွေ ဖြစ်တတ်သည်။ ရောဂါဘယ ထူပြောတတ်သည်။

 ငွေကုန်ကြေးကျများတတ်သည်။ မသန့်ရှင်းသောငွေ ၁ဝဝ ကျပ်ဝင်လာပါက ဝမ်းမသာပါနှင့်။ လက်မခံပါနှင့်။ အိမ်တွင် စုဆောင်းထားပြီးဖြစ်သော ငွေ ၂ဝဝ ကျပ်ကို ပြန်လည်ခေါ်ထုတ်သွားတတ်သည်။ သတိထားပါ။ ဆင်ခြင်ပါ။
ဤသည်မှာ ဆရာ၏သွန်သင်ဆုံးမပေးခဲ့သည့် ဥပဒေစကားများဖြစ်သည်။ ရင်ထဲမှာအမြဲစွဲနေပါသည်။ မေ့ပျောက်၍မရခဲ့။

ဆရာသည် အပြောနှင့်အလုပ်ညီ၏။ အသိနှင့်အကျင့်ထပ်တူကျ၏။ ဆရာ၏ဥပဒေစိတ်ထားသည် လွန်စွာမွန်မြတ်လှပေ၏။ ဂုဏ်ယူမဆုံးဖြစ်ရ၏။
ဆရာသည် အသက် ၉၂ နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့၏။ ထိုထိုသောအချိန်က ရန်ကုန်ကဲ့သို့သောခရိုင်ရာဇဝတ် တရားသူကြီးတစ်ဦးအနေဖြင့် တာဝန်များဆောင် ရွက်ခဲ့ရာတွင် မည်သို့သောသြဇာအာဏာများ၊ မည်သို့သောလုပ်ပိုင်ခွင့်များ ရှိခဲ့သည် ကို အထူးပြောစရာလိုမည်မထင်ပါ။ တရားစီရင်ရေးအာဏာရှိသလို အုပ်ချုပ်ရေး အာဏာကလည်း ရှိသည်။ သို့ရာတွင် ဆရာ့တွင်ကား ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှု မရှိခဲ့။ ဆရာမကွယ်လွန်မီ တစ်နှစ်ခန့်အလိုတွင် ဆရာ့အားနောက်ဆုံးသွားရောက် ဂါရဝပြုခဲ့၏။ ဆရာသည် အသက်အရွယ်ကြီးရင့်သွားသော်လည်း အိုဆိုးခြင်းမရှိ၊ မလွန်ဆန်နိုင်သော ဇရာ၏ဖိစီးမှုဒဏ်ခံရသော်လည်း ဆရာ၏မျက်နှာသည် ယခင်က ကဲ့သို့သန့်ရှင်းနေ၏။ ကြည်လင်နေ၏။ တောက်ပနေ၏။ ဆရာ့အသံကမာနေသည်။ ဆရာ့ထံက ဆုံးမစကားများကို ထပ်မံနာယူခွင့်ရ၏။

ဆရာသည် ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာခြင်းမရှိသော်လည်း အကျင့်သိက္ခာ၊ သီလ၊ သမာဓိ၊ ဉာဏ်ပညာတွေကောင်းမှု ကုသိုလ်တွေ အမြောက်အမြားကြွယ် ဝချမ်းသာခဲ့၏။ ဆရာသည် ပစ္စည်းဥစ္စာ၊ စည်းစိမ်တွေချန်မထားနိုင်ခဲ့သော်လည်း ကောင်းမှုကုသိုလ်အမွေတွေ၊ အဆုံးအမတွေ၊ ပညာတွေ ချန်ထားခဲ့နိုင်၏။ သူနှင့် တစ်ပါးတည်း ကောင်းမှုကုသိုလ်တွေ အမြောက်အမြား သယ်ဆောင်သွားနိုင်ခဲ့၏။ လူသာသေသည် နာမည်မသေဆိုသောဆိုရိုးစကားအတိုင်း ဆရာ၏နာမည်ဂုဏ် သတင်းသည်ကား ဘယ်တော့မှမသေ ဝံြ့<ွကားလျက်ရှိနေပေတော့၏။

ဆရာကဲ့သို့အသိနှင့်အကျင့်ထပ်တူရှိနေခဲ့သည့် ဆရာတွေ၊ ထပ်တူရှိနေကြ သည့် ဆရာတွေအများကြီးရှိနေကြမည်ကို ယုံကြည်သည်။ မိမိထက်တစ်ရက် တစ်မနက် အသက်အရွယ်ကြီးသော ထိုထိုသောပုဂ္ဂိုလ်များအား အစဉ်အမြဲဂါရဝပြုနေမိသည်။ အသက်အရွယ်တူညီကြသော ထိုထိုသောပုဂ္ဂိုလ် များကို အမြဲလေးစားနေမိသည်။ အသက်အရွယ်ငယ်ရွယ်ကြသော ထိုထိုသော ပုဂ္ဂိုလ်များကို ဂုဏ်ယူဝမ်းမြောက်စွာ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ဆိုနေမိသည်။ တရားသူကြီးကောင်းတွေ တိုး၍ တိုး၍ ပေါ်ထွက်လာကြပါစေ။

နိဂုံးချုပ်ရလျှင် တရားသူကြီးကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်သည့် အဓိက အရည်အချင်းသုံးရပ်ကို ပြောပါဟုမေးလာလျှင် မိမိကတော့မဆိုင်းမတွပင် ''ဥပဒေ စိတ်ထားရှိခြင်း''၊ ''ဥပဒေစိတ်ထားရှိခြင်း''၊ ''ဥပဒေစိတ်ထားရှိခြင်း'' ဟူ၍ ဖြေဆိုမိမှာ အမှန်ပင်ဖြစ်ပေတော့သည်။

မောင်စာဂ

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...