Friday, June 30, 2017

Operative Order အကြောင်း ဆွေးနွေးတင်ပြခြင်း


 ဒီ​နေ့ ကျွန်​​တော်​ ​ဆွေးနွေးတင်ပြချင်တဲ့ အကြောင်းအရာကတော့ _ တစ်ခါတစ်ရံ ကျွန်တော်တို့ကိုယ်တိုင် ဒီကရီ ရေးဆွဲရာမှာ အမှတ်တမဲ့ဖြစ်ပြီးေ၀၀ါးဝါးဖြစ်ခဲ့ရတဲ့ Operative Order (အကျိုးသက်ရောက်စေသော အမိန့်) အကြောင်းပဲ ဖြစ်ပါတယ်။  ဒီပို့စ်လေး ရေးသားဖို့ ဖြစ်လာရတဲ့ အကြောင်းရင်းခံကတော့ ဆရာကြီး ဦးမြ ရေးသားခဲ့တဲ့ သောင်းပြောင်းထွေလာ ဥပဒေပြဿနာ အတွဲ(၆) စာအုပ်မှာ ဖော်ပြပါရှိတဲ့ အောက်ပါ သွန်သင်ညွှန်ပြချက်ကို စတင်မြင်တွေ့ဖတ်ရှုမိခဲ့ရာမှ မိမိရဲ့လိုအပ်ချက် အမှားများကို သတိမူ ပညာယူမိခဲ့ တဲ့အတွက် တရားသူကြီးများနှင့် ဥပဒေကို လေ့လာလိုက်စားကြသူတွေ အတွက် ဆင်ခြင် မှတ်သားဖွယ်ရာ message လေးတစ်ခု ကျန်ခဲ့စေဖို့ ရည်ရွယ်ပြီး ဒီပို့စ်လေး ရေးသားဖို့ ဖြစ်လာခဲ့ရပါတယ်။ Operative Order ​အ​ကြောင်းကို တရား​ရေးဂျာနယ်​မှာလည်း ဖတ်​၊မှတ်​ခဲ့ရဖူးပါတယ်​။

 ဆရာကြီး ဦးမြ က ညွှန်ပြသွန်သင်သည်မှာ ××××× ဒီကရီကို စီရင်ချက်အပေါ် အခြေခံ၍ ရေးဆွဲရသည်။  ဒီကရီရေးဆွဲသူ စာရေး၊ စိစစ်သူ တရားရေးဝန်ထမ်း၊ လက်မှတ်ရေးထိုးသူတို့သည် သံပတ်ပေးထားသော စက်ရုပ်ကဲ့သို့ ရေးသူက ရေး၊ စိစစ်သူက စိစစ်၊ လက်မှတ်ရေးထိုးသူက လက်မှတ်ရေးထိုးကြ၊ ကိုးရိုး ကားရားနိုင်သော ဒီကရီဖြစ်သည်ကို သတိမထားကြချေ။  တာဝန်အရှိဆုံးမှာ တရားရေးဝန်ထမ်း ဖြစ်သည်။
 ဆက်လက်၍ လမ်းညွှန်ပြသည်မှာ - ဒီကရီဟူသည် တရားရုံး၏ ဆုံးဖြတ်ချက်ကို ထုံးနည်းတကျ ရေးသား ထားသော ဖော်ပြချက် ဖြစ်သည်။  စီရင်ချက်ပါ အရေးယူဆောင်ရွက်ရန် အမိန့် Operative Order (စီရင်ချက် တွင် အမိန့် ဟူသော ခေါင်းစီးရေးပြီး ချမှတ်သော နောက်ဆုံးစာပိုဒ်)အတိုင်း ဒီကရီတွင် ကူးရေးကြလေ့ ရှိသည်ကို တွေ့ရသည်။  ထိုသို့ရေးသားသော ဒီကရီမှာ ထုံးနည်းကျကျ ရေးသား ဖော်ပြချက် မဟုတ်၊ ဒီကရီပါဟု ကျမ်းကျိန်ပြောဆိုရမည့် ဒီကရီမျိုး ဖြစ်သည် လို့ ဆရာကြီးက ဝေဖန်ပြခဲ့တာကို တွေ့ရပါတယ်။  ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဆရာကြီး ဦးမြ ပြောသလိုပါပဲ၊ စီရင်ချက်ရဲ့ နောက်ဆုံးစာပိုဒ်မှာ ဖော်ပြချမှတ်ခဲ့တဲ့ စာပိုဒ်ကို ဒီကရီမှာ ကူးရေး ဖော်ပြ ရေးဆွဲရတာပါလို့ ပေါ့ပေါ့လွယ်လွယ် တွေးတော ဆောင်ရွက်ခဲ့ဖူးပါတယ်။

 ဆရာကြီးက ဆက်လက်ပြီး ဥပမာပြ ညွှန်ပြခဲ့တာလေးကိုလည်း ဆက်လက်တင်ပြပါရစေ။ - ငွေကျပ်ငါးထောင် ရလိုကြောင်း စွဲဆိုသောအမှုတွင် စီရင်ချက်၏ နောက်ဆုံးအမိန့်တွင် တရားလို စွဲဆိုသည့်အတိုင်း ဒီကရီချမှတ်လိုက်သည်ဟု ရေးသည့်အတိုင်း ဒီကရီတွင် ဖော်ပြရန်မဟုတ်။  ဒီကရီတွင် တရားပြိုင် ဦးဖြူက တရားလို ဦးနီအား ငွေကျပ်ငါးထောင် ပေးစေ စသည်ဖြင့် စာသံပေသံပါပါ ထုံးနည်းတကျ ရေးသားရန် ဖြစ်သည်။  ထိုနည်းတူ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂(၁)(စ)အရ စွဲဆိုသောအမှုတွင် တရားလို စွဲဆိုသည့်အတိုင်း ဒီကရီကို ချမှတ်လိုက်သည်ဟု ဆုံးဖြတ်သော စီရင်ချက်နှင့်အညီ ဒီကရီရေးဆွဲရာ၌ `တရားပြိုင် ဦးမြသည် ------မြို့၊ (၁၀)လမ်း၊ အိမ်အမှတ်(၅၃)၏ မြေညီထပ် လက်ဝဲဘက် အစွန်ဆုံးအခန်းမှ ၁၉၆၀ ပြည့်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂(၁)(စ)အရ ဖယ်ရှားထွက်ခွါသွားစေ` ဟု ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြရန် ဖြစ်သည်။

 အလျဉ်းသင့်တိုက်ဆိုင်လို့ ဆက်လက်တင်ပြလိုတာက ဒီကရီဆိုတဲ့အကြောင်းကို အကျဉ်းမျှ ပြန်ရှင်းပြလိုပါတယ်။  တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂(၂)မှာ- ဒီကရီ ဆိုတာက အမှုသည်တို့ အငြင်းပွားတဲ့ အကြောင်းအရာတွေ အပေါ်မှာ ရပိုင်ခွင့်တွေကို အပြီးသတ် ဆုံးဖြတ်ပေးသော စီရင်ချက်မှာ ထုံးနည်းတကျ ရေးသား ဖော်ပြချက်ကို ဆိုလိုကြောင်း ယင်းပုဒ်မ ၂(၂)မှာ ဖော်ပြပါရှိပါတယ်။  ဒါ့အပြင် တရားရုံးတွေဟာ တရားမမှုတွေကို စစ်ဆေးကြားနာပြီးနောက်မှာ စီရင်ချက် ချမှတ်ကြရတဲ့အပြင်၊ အဲဒီလို ချမှတ်ခဲ့တဲ့ စီရင်ချက်နဲ့ ညီညွတ်အောင်လည်း ဒီကရီကို ရေးဆွဲကြရမယ် ဆိုတဲ့အကြောင်း တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၃၃ နဲ့ အမိန့် ၂၀၊ နည်းဥပဒေ ၆(၁)တို့မှာ ပြဋ္ဌာန်းပါရှိပါတယ်။

 ဒီကရီနှင့် ပတ်သတ်ပြီး ယခင် တရားရုံးချုပ်ကလည်း (၂၀-၄-၁၉၉၀)ရက်စွဲပါ စာအမှတ်၊ ၂၈၂/၁၆၄ (လထန)နဲ့  မှာကြားခဲ့ဖူးတာ ရှိပါတယ်။  အမှုမကြန့်ကြာစေရန်နှင့် နှစ်ဘက်အမှုသည်များ အငြင်းမပွား စေရန် စီရင်ချက်နှင့် အညီ ဒီကရီရေးဆွဲရန် လိုအပ်ကြောင်း၊ ဒီကရီနှင့် ထုံးပုံကျအမိန့်များ ရေးဆွဲရာတွင် လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို အမိန့် ၂၀ နှင့် တရားရုံးများလက်စွဲ အပိုဒ် ၁၇၄၊ ၁၇၅ နှင့် ၁၇၇ တို့တွင် ပြဋ္ဌာန်းထားသည့်အပြင်၊ ဒီကရီနမူနာများကိုလည်း တရားမကျင့်ထုံးဥပဒေ နောက်ဆက်တွဲ(ဃ) တွင် ဖော်ပြထားကြောင်း၊ ဒီကရီရေးဆွဲရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုကြောင်းနှင့် ဒီကရီကို သေချာစွာ စိစစ်၍ စီရင်ချက်နှင့် ညီညွတ်ပြီး ကျေနပ်မှသာ တရားသူကြီးက လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း မှာကြားခဲ့တာကို တွေ့ရပါတယ်။

 ဒီတော့ တရားမ စီရင်ချက်များမှာ ပါရှိတဲ့ Operative Order တွေဟာ လွန်စွာ အရေးကြီး လှတဲ့အတွက်  ကျွန်တော်တို့အနေနဲ့  စာရေးအချို့က ပေါ့ပေါ့လွယ်လွယ် ရေးသားတင်ပြလာတဲ့ ဒီကရီမျိုးကို လွယ်လင့် တကူ လက်ခံရန်မသင့်ပါဘူး။  စာရေးတွေကိုလည်း နားလည်သဘောပေါက်အောင် ညွှန်ပြပေးသင့်ပါတယ်။ ကျွန်တော် တရားသူကြီး စဖြစ်ကာစကလည်း စာတွေ့ကို လက်တွေ့နဲ့ မပေါင်းစပ်တတ်သေးတော့ တရားရုံး ဘိလစ်ကြီးက စာအုပ်အထူကြီးတစ်အုပ် ယူလာပြပြီး ပြသရင်း ရှင်းပြပေးလို့ သဘောပေါက် နားလည်လာ ခဲ့ရဖူးပါတယ်။ ဒီကရီဟာ အမှုရဲ့ အသက်ဖြစ်တာကြောင့် အမှားအယွင်းမရှိရအောင် အထူး ဂရုစိုက်ပြီး ရေးသားစေရမှာပဲ ဖြစ်ပါတယ်။  ယခင်တရားရုံးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က ချမှတ်ခဲ့တဲ့ စီရင်ထုံးများကို အသေအချာ လေ့လာဖတ်ရှု ကြည့်မယ်ဆိုရင် ဒီကရီရေးဆွဲရာမှာ ရေးသားဖော်ပြရမယ့် Operative Order တွေကို စီရင်ထုံးရဲ့ နောက်ဆုံးမှာ အထင်အရှား တွေ့ရှိနိုင်ပါလိမ့်မယ်။  လေ့လာကြည့်လိုက်ကြပါစို့။

* အထက်ပါ အကြောင်းများကြောင့် ဤအယူခံမှုကို ခွင့်ပြု၍ မူလပြည်နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်လိုက်သည်။  ၄င်းနောက် အချင်းဖြစ်မြေသည် လယ်ယာမြေဖြစ်၍ တရားလိုသည် တရားစွဲဆိုပိုင်ခွင့်မရှိဘဲ အမှုပုံစံ မှားယွင်းနေသည်ဟု ဆိုခြင်းမှာ မမှန်ကြောင်း ပဏာမငြင်းချက် အမှတ်(၁) နှင့် (၂)တို့အပေါ် ဖြေဆို ဆုံးဖြတ်လိုက်သည်။
 မွန်ပြည်နယ်တရားရုံးသည် မူလမှုတရားလို စွဲဆိုသော အမှုကို မူလမှုနံပါတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပြီး ဤရုံးငြင်းချက်များကို ဥပဒေနှင့်အညီ ဖြေဆိုဆုံးဖြတ်ရန် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၁၊ နည်းဥပဒေ ၂၃ အရ ညွှန်ကြားလိုက်သည်။
 ဤအယူခံမှုတွင် အယူခံတရားလို ထမ်းဆောင်ထားသော ရုံးခွန်ကို ပြန်အမ်းစေရန်အတွက် လိုအပ်သည့် သက်သေခံလက်မှတ်ကို အယူခံတရားလိုအား ထုတ်ပေးစေ။
( ခွင့်ပြုချက်ဖြင့်ထားသူကို နှင်လိုမှု၊ ၂၀၀၅၊ မတစ၊ စာ-၁၀၉ )
--------------------------------------------

* မူလရုံးတရားလို ဒေါ်အေးအေးသန်း တင်သွင်းသည့် တရားမအထူးအယူခံမှုကို တစ်စိတ်တစ်ဒေသ ခွင့်ပြုပြီး တရားရုံးချုပ်နှင့် တိုင်းတရားရုံးတို့၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်ကာ မူလရုံးတရားလို ဒေါ်အေးအေးသန်းသည် ဦးစိန်၊ ဒေါ်ငွေအောင်တို့၏ လက်ထက်ပွားပစ္စည်းတွင် ၆ ပုံ ၅ ပုံကို ရထိုက်ကြောင်း ပြင်ဆင်၍ ပဏာမဒီကရီ ချမှတ်လိုက်သည်။
 မူလရုံးတရားပြိုင် ဦးကံရှိန် တင်သွင်းသည့် တရားမ အထူးအယူခံမှုကိုမူ စရိတ်နှင့်တကွ ပလပ်လိုက်သည်။
 တရားစရိတ်ကို အမွေပုံမှ ကျခံစေ။
 ရှေ့နေစရိတ် ကျပ် ၃၀၀၀ စီ သတ်မှတ်သည်။
( အမွေပုံ စီမံခန့်ခွဲပေးစေလိုမှု၊ ၂၀၀၄၊ မတစ၊ စာ-၁၄၆ )
-----------------------------------------

* သို့ဖြစ်ရာ ဤအထူးအယူခံခုံရုံးဖြင့် ကြားနာလျက်ရှိသော ပြဿနာကို အောက်ပါအတိုင်း ဖြေဆိုလိုက်သည်-
`အပေးစာချုပ်ကို အကြောင်းပြုပြီး မြေနှင့်အိမ်အားလုံးကို မူလရုံးတရားလိုတို့အား လက်ရောက် ရထိုက်ကြောင်း ချမှတ်ခဲ့သည့် ဒီကရီကို အတည်ပြုပေးခဲ့သည့် တရားရုံးချုပ် (မန္တလေး)၏ တရားမ ပထမ အယူခံမှုအမှတ် ၉၇/၂၀၀၈ ၏ စီရင်ချက်နှင့် ဒီကရီသည် မှန်ကန်မှုရှိကြောင်း။`
 ထို့ကြောင့် ဤအထူးအယူခံမှုကို စရိတ်နှင့်တကွ ပလပ်လိုက်သည်။
 ရှေ့နေစရိတ် ကျပ် ၅၀၀၀၀/- သတ်မှတ်သည်။
( မြေနှင့် အဆောက်အအုံများ လက်ရောက်ရလိုမှု၊ ၂၀၁၂၊ မတစ၊ စာ-၁၄၉ )
------------------------------------------------------

 ဒီကရီ၊ အမိန့်ရဲ့ တိကျမှန်ကန်မှု၊ ပြည့်စုံမှုတွေအပေါ်မှာ အမှုသည်တို့ရဲ့ အနာဂတ် အခွင့်အရေးတည်တာ ဖြစ်လို့ ကိုယ့်ဘက်က ချို့ယွင်းခဲ့ရင်၊ မပြည့်စုံခဲ့ရင်၊ မသေမချာ မရှင်းမလင်း ဖော်ပြမိခဲ့ရင် အမှုသည်တွေကို ဆုံးရှုံးနစ်နာစေနိုင်တဲ့အပြင်၊ အယူခံရုံးနှင့် အခြားနေရာများမှာ မှုခင်းများ ဆိုင်ပြိုင်မှုတွေ ထပ်တလဲလဲ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း တရားရုံးများလက်စွဲ အပိုဒ် ၁၇၅ မှာ အသေးစိတ် လမ်းညွှန်ထား တာကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။  ဒါကြောင့် တရားမမှုများကို စစ်ဆေးစီရင် အဆုံးအဖြတ် ပြုကြတဲ့သူတွေ အနေနဲ့ မိမိတို့ ချမှတ်ခဲ့တဲ့ စီရင်ချက်မှ Operative Order (အကျိုး သက်ရောက် ​စေသော အမိန့်)တွေကို ကနဦးကပင် စေ့စပ်သေချာစွာ ရေးသားချမှတ်ကြရမှာ ဖြစ်ပြီး၊ ဒီကရီမှာ ပြီးစလွယ် ရေးသားဖော်ပြခြင်းမျိုး မဖြစ်စေဖို့  ပိုမိုသတိပြုမိအောင် ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျာ။

လွှမ်းမိုးအောင် (တရားရေး)



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...