Tuesday, June 27, 2017

တရားသူကြီးဆိုတာ အမိန့်တော်ပြန်သူမဟုတ်ပါ

ဒီမိုကရေစီဝါဒရဲ့ အကောင်းဆုံးအခြေခံကတော့ 
လူကိုလူပီပီသသမြင်ခြင်းပဲဖြစ်ပါတယ်။
                                    (ဒေါ်အောင်ဆန်းစုကြည်)

  ×××××××××××××××××××××××××××××××××

 အာမခံပေးရမည့်ပြစ်မှုဖြင့် စွပ်စွဲခံရသောအမျိုးသမီးတစ်ဦးက အာမခံယူမည်မဟုတ်ကြောင်း၊ တရားရုံးက ၎င်းအား အာမခံပေးပါကလည်း ရုံးချိန်းလာရောက်မည်မဟုတ်ကြောင်းပြောသဖြင့် အမှုစစ်တရားသူကြီးခမျာ တော်တော့်ကိုကြံရာမရ ဖြစ်နေခဲ့ပြီး တရားရုံးရှေ့တွင် ကင်မရာတကားကားနှင့်ကိစ္စများနေသောလူတစ်အုပ်ကိုငေးကာ သက်ပြင်းတွေလှိုင်လှိုင်ချနေ သည်ကို ၂၀၁၅ ခုနှစ်တုန်းက ကျွန်တော်မြင်ဖူးပါသည်။

အာမခံပေးရမည်ကို အာမခံမပေးခြင်းမှာ ဥပဒေကခွင့်မပြုဘဲချုပ်နှောင်ရာရောက်နိုင်သဖြင့် ကျရောက်လာမည့်တာဝန်ကို သူကစိုးရိမ်နေပုံရသည်။ ကျွန်တော်ကတရားရုံး၏ဥပဓိပျက်ယွင်းသွားမည်ကို စိုးရိမ်နေမိခြင်းဖြစ်သည်။ စွပ်စွဲခံရသူကို အာမခံဖြင့်ခုခံချေပစေခြင်းမှာ ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏အမူအရာဖြစ်သည်ဟု ကျွန်တော်ယုံသောကြောင့်ဖြစ်ပါသည်။
“ကိုယ်ပိုင်ခံဝန်တောင် မထိုးနိုင်ဘူးဆိုရင်တော့ချုပ်မိန့်ပေးဖို့ကလွဲပြီး ရွေးချယ်စရာမှမရှိတာပဲ”ဟုပြောလိုက်ပါသည်။ 

 ××××××××××××××××××××××××××××××××

ယခုတလော မှတ်သားဖွယ်ရာ၊သို့မဟုတ်-အံ့အားသင့်ဖွယ်ရာသတင်းစကားနှစ်ခွန်းကို  ကြားရသည်။ အထောက်အထား ခိုင်လုံပါက တရားသူကြီးများကိုအရေးယူရန်လက်နှေးနေမည်မဟုတ်ကြောင်းနှင့်ပုဒ်မ-၆၆(ဃ)ကို ပယ်ဖျက်ရန် မည်သည့်လွှတ်တော်အမတ်ကမျှ မတင်သွင်းသေးကြောင်း သတင်းစကားကို လွှတ်တော်ဥက္ကဌနှစ်ဦးက ပြောဆို လိုက်ခြင်းဖြစ်သည်။ တစ်ခုက အဂတိလိုက်စားမှုကိုဆိုခြင်းဖြစ်ပြီး တစ်ခုကအတည်ဖြစ်ဆဲဥပဒေကို ရည်ညွှန်းခြင်းဖြစ်သည်။ 

အဂတိဆိုသည်မှာ အဓိပ္ပာယ်ဖွင့်ဆိုရန် များစွာကျယ်ဝန်းသဖြင့် ဤနေရာတွင် အကျယ်တ၀င့်မပြောလိုပါ။ အတည်ဖြစ်ဆဲဥပဒေ ဆိုသည်မူကား အတည်ဖြစ်နေသေးသမျှ မည်သူမဆိုလိုက်နာရန်တာဝန်ရှိသဖြင့် အနည်းငယ် ဆွေးနွေးလိုပါသည်။ ပုဒ်မ-၆၆(ဃ)ကိုတရားမျှတမှုနှင့်သာနာညီမျှမှုအလို့ငှာ ဝေဖန်မှုများ၊ များစွာ ရှိစေကာမူ တည်ရှိဆဲဖြစ်ရာ  မည်သူမဆိုလိုက်နာကြရပါမည်။ဥပဒေတစ်ခုအတည်ဖြစ်နေသမျှ နစ်နာသူကယင်းဥပဒေဖြင့် အရေးယူပေးရန်တိုင်တန်းစွဲဆို ခြင်း၊တရားရုံးများကလည်း တရားစွဲဆိုမှုကို(ငြင်းပယ်ခွင့်မရှိ)လက်ခံ၊စစ်ဆေး၊စီရင်ခြင်းများ ရှိနေဦးမည်ပဲ ဖြစ်ပါသည်။

ယခုအခါ ဂုဏ်သတင်းပျက်ယွင်းနေသည်မှာ ငြိမ်းစုစီ -၁၈ မဟုတ်တော့ပါ။ ၆၆(ဃ)ဖြစ်နေပါပြီ။ ၆၆(ဃ)ဆိုလျှင် ဆက် သွယ်ရေးဥပဒေ-ဟုပြောပြရန် မလိုတော့သည့်အထိ ကျော်ကြားလျက်ရှိပါပြီ။
ယခုစိတ်ဝင်စားကြသည်မှာ ၆၆(ဃ)အရ(ပြစ်မှုထင်ရှား၍)အပြစ်ပေးစီရင်သည့်ပြဿနာမဟုတ်ပါ။ ၆၆(ဃ)အရစွဲဆိုမှု တစ်မျိုးတစ်စားတည်းကို အာမခံပေးသည့်ရုံးကပေး၍၊ အာမခံပေးဖို့ငြင်းသည့်ရုံးက ငြင်းပယ်သည့်ပြဿနာဖြစ်ပါသည်။ ပြစ်မှုတစ်မျိုးတည်းဖြင့် စွပ်စွဲခံရသူတို့အပေါ် တရားရုံးများက“မတူညီကွဲလွဲသည့်ပြစ်ဒဏ်”များကိုချမှတ်ခြင်းမှာ စင်စစ်၊ ဖြစ်တောင့်ဖြစ်ခဲကိစ္စ မဟုတ်ပါ။ဖြစ်တတ်ပါသည်။ ပြစ်မှုတစ်မျိုးတည်းဖြစ်စေကာမူ ကျူးလွန်သည့်ပြစ်မှု၏ အတိမ် အနက်၊ထိခိုက် နစ်နာစေခဲ့သည့် ပမာဏအလျောက်ကွဲပြားနိုင်ပါသည်။ကွဲပြားတတ်ပါသည်။ (ရာဇသတ်ကြီးပုဒ်မ၃၂၆အရနာကျင်စေမှုကိုကျူး လွန်ခဲ့သည်ချည်းဖြစ်သော်လည်း လက်ချောင်းတစ်ခုမသန်မစွမ်းဖြစ်သွားခြင်းနှင့်လက်တစ်ဖက်လုံးပြတ်ကျသွားခြင်းမှာမတူပါ)

အာမခံပေးသင့်၊မသင့်ကိစ္စမှာမူ ပြဌာန်းချက်နှင့်စီရင်ထုံးလမ်းညွှန်ချက်များကို “မူ”အဖြစ်လိုက်နာလျက် ဥပဒေကခွင့် ပြုသည့်ဆင်ခြင်တုံတရားနှင့်အညီ စဉ်းစားဆုံးဖြတ်ပါက တရားရုံးအချင်းချင်း အလွန်အမင်းကွဲပြားခြားနားရန် အကြောင်းမရှိ ဟု ယူဆပါသည်။ တရားသူကြီးတစ်ဦးချင်း၏ လွတ်လပ်၊မှန်ကန်၊ရဲဝံ့သည့်ဆုံးဖြတ်ချက်တစ်ခုပဲ လိုပါသည်။ 
“အမှောင့်ပယောဂ” မပါဖို့ပဲ လိုပါသည်။ 

     ××××××××××××××××××××××××

အာမခံပေး(ရ)မည့်ပြစ်မှုနှင့် အာမခံမပေး(နိုင်)သည့်ပြစ်မှုဟူ၍ ရှိပါသည်။
  ဆက်သွယ်ရေးဥပဒေသည် အထူးဥပဒေတစ်ရပ်ဖြစ်ပြီး ပုဒ်မ-၆၆(ဃ)အရ ထောင်ဒဏ်-၃ နှစ်အထိ ချမှတ်နိုင်သော ပြစ်မှုဖြစ်သဖြင့် ရာဇ၀တ်ကျင့်ထုံးဥပဒေနောက်ဆက်တွဲဇယား-၂၊စာတိုင်-၅ အရ(not bailable) “အာမခံမပေးနိုင်သောပြစ်မှု” ဖြစ်ခဲ့ရသည်ကို ဥပဒေသမားတိုင်းသိပါသည်။

 ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ-၄၉၆တွင် အကျုံးဝင်သည့်ပြစ်မှုများကို “အာမခံပေးရ”ပါသည်။ အာမခံ မပေး၍ မရပါ။ “ကိုယ်ပိုင်ခံဝန်နှင့်နေစေခွင့်ပြုသင့်သူများအား ထိုသို့နေပါစေ”ဟု တရားရုံးများညွှန်ကြားလွှာအမှတ်-၇/၆၅ က ဆိုပါသည်။ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၉၇တွင် အကျုံးဝင်သည့်ပြစ်မှုများကိုမူ သာမန်အားဖြင့် အာမခံမပေးနိုင်ပါ။ သို့သော် ဝေဖန်သူတို့မျက်မုန်းကျိုးလေ့ရှိသော စကားလုံးကိုသုံး၍ပြောရပါက အာမခံမပေးနိုင်သောပုဒ်မဖြင့်စွပ်စွဲခံရသူများကို“တရားရုံး၏ဆင်ခြင်တုံတရား” နှင့်အညီ အာမခံဖြင့် နေခွင့်ပြုနိုင်ပါသည်။

သေဒဏ်၊တစ်သက်တစ်ကျွန်းဒဏ် စီရင်ထိုက်သောပြစ်မှုမျိုးဖြင့်စွပ်စွဲခံရသည့် 
(၁)အသက်-၁၆နှစ်အောက်ရှိသောသူ၊
(၂) အမျိုးသမီး၊
(၃)ဖျားနာ၊ချည့်နဲ့နေသောသူ-တို့ကိုပင် အာမခံဖြင့်လွှတ်ထားရန် တရားရုံးက ညွှန်ကြားနိုင်ပါသည်။ 

ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)သည် ထောင်ဒဏ်-၃နှစ်အထိသာချမှတ်နိုင်သဖြင့်ကျင့်ထုံးပုဒ်မ-၄၉၇အရ အာမခံ မပေးနိုင်သောပြစ်မှုအဖြစ်ပြဌာန်းထားစေကာမူ တရားရုံး၏ဆင်ခြင်တုံတရားအရ အာမခံပေးနိုင်ပါသည်။ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ်စီရင်ထိုက်သည့်ပြစ်မှုများကဲ့သို့ ဖျားနာချည့်နဲ့ကြောင်း၊ အထောက်အထားပြဖို့ရာ မလိုပါ။ ဆရာဝန်၏သက်သေခံချက်ကို ရယူရန်လိုအပ်ခြင်းမရှိပါ။ဤသည်ကိုလည်း ဥပဒေသမားများသိကြပါသည်။ (ဥပဒေသမားစစ်စစ်တို့သည် မလိုအပ်ဘဲ အပိုလုပ်လေ့မရှိပါ။ အပိုလုပ်သမျှ ရှုပ်တာ အဖတ်တင်တတ်ပါသည်။

အာမခံပေးသင့် မပေးသင့်စဉ်းစားရာတွင် တရားရုံးကဆင်ခြင်ရမည့်အချက်များ(တစ်နည်း-မူများ) ရှိပါသည်။ ဖော်ပြခဲ့ပြီးဖြစ်သည့် တရားရုံးများညွှန်ကြားလွှာအမှတ်(၇/၆၅)တွင် “သာမန်အားဖြင့် ဆိုလျှင် စွပ်စွဲခြင်း ခံနေရသော လုပ်သားပြည်သူတစ်ဦးသည် အမှုတွင်ပြည့်ပြည့်စုံစုံ ခုခံနိုင်ရန်လည်းကောင်း၊အမှုစစ်ဆေးနေစဉ်အတွင်း၌ အလုပ်အကိုင်မပျက် ရအောင် လည်းကောင်း၊အာမခံနှင့်နေရသင့်သည်ကို သတိပြုပါ။ သို့ရာတွင် မလျော်သြဇာသုံး၍ဖြစ်စေ၊ဓနအင်အားကိုသုံး၍ဖြစ် စေ၊သက်သေများကိုဖျက်ခြင်းစသည်တို့ပြုလုပ်၍ မှန်ကန်သောတရားစီရင်ရေးကိုပျက်ပြားအောင်ပြုမည့်သူဟုယူဆရသူများကို မူ အာမခံဖြင့်နေခွင့်မပြုသည့် စီရင်ထုံးမူများကို သတိပြုပါ” ဟုညွှန်ကြားခဲ့ပါသည်။

၁၉၆၅ ခုနှစ်ကညွှန်ကြားလွှာကို ခေတ်အဆက်ဆက်တရားရုံးများက“မူ”အဖြစ်လိုက်နာခဲ့သည်။အမြင့်ဆုံး တရားရုံးရှိ မည်သည့်တရားသူကြီးတစ်ဦးဦးကမျှ အာမခံကိစ္စနှင့်စပ်လျဉ်း၍ ယင်းမူသဘောကို သွေဖည် ဆုံးဖြတ်သည်မျိုး မတွေ့ခဲ့ဖူးပါ။ ယင်းမူသဘောကို ချဲ့ထွင်စဉ်းစား၍ဆုံးဖြတ်ခဲ့သည်မျိုးသာ ရှိခဲ့ပါသည်။

စွပ်စွဲခံရသူကိုအာမခံဖြင့်နေခွင့်ပြုလိုက်လျှင်-
(၁) စွပ်စွဲရသူသည် မလျော်သြဇာသုံး၍ဖြစ်စေ၊ ဓနအင်အားသုံး၍ဖြစ်စေ၊ မှန်ကန်သောတရားစီရင်ရေးကို ပျက်ပြား
      အောင်ပြုလုပ်ရန် အကြောင်းရှိမရှိ။ 
(၂) အာမခံပေးပါက ထွက်ပြေးတိမ်းရှောင်မည့်သူ ဟုတ်မဟုတ်။
(၃) စွပ်စွဲခံရသူသည်အလားတူပြစ်မှုမျိုး ထပ်မံကျူးလွန်ရန် အကြောင်း ရှိမရှိ။
(၄) အာမခံပေးလိုက်ခြင်းကြောင့် အများပြည်သူလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးရန်အကြောင်း ရှိမရှိ။
တရားဥပဒေနည်းလမ်းနှင့်ညီညွတ်သောဆင်ခြင်တုံတရား(judial discretion)ဖြင့် ဆင်ခြင်စဉ်းစားပါက တရားရုံးများ အချင်းချင်းအလွန်အမင်းကွဲပြားရန် အကြောင်းမရှိပါ။ တစ်ရုံးတစ်ထုံးကိစ္စသည်တရားရုံးများကိုအထင်အမြင်လွဲတတ်ပါသည်။

   ××××××××××××××××××××××××××××××××

 ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားမပြနိုင်သေးသမျှ စွပ်စွဲခံရသူမှာအပြစ်ကင်းစင်သူ(Innocent person)ဖြစ်သဖြင့် အာမခံဖြင့်နေရသင့်သည်ကို သတိချပ်ရမည်ဖြစ်ကြောင်း၊အမှုစစ်ဆေးနေဆဲတွင်ချုပ်နှောင်ထားခြင်းဖြင့် စွပ်စွဲခံရသူကို ကြိုတင်အပြစ်ပေးရာမရောက်အောင် တရားရုံးများကဆင်ခြင်ရမည်ဖြစ်ကြောင်း၊
အာမခံပေးခြင်းသည် လိုက်နာရမည့်ကျင့်ထုံး ဖြစ်ပြီး အာမခံကိုငြင်းပယ်ခြင်းသည်ခြွင်းချက်ဖြစ်ကြောင်း၊ စီရင်ထုံးညွှန်ပြချက်များရှိသည်ကိုတရားသူကြီးတိုင်း သိပါသည်။

ကာလတစ်ခု၌ တရားလိုကိုသာဗဟိုပြုစဉ်းစား၍ မျက်နှာရိပ်မျက်နှာကဲကြည့် ဆုံးဖြတ်ခြင်းမျိုးရှိခဲ့ပါသည်။ တရားလိုကို မျက်နှာချိုသွေးခြင်းမျိုး ရှိဖူးပါသည်။မိမိကို မည်သူကပို၍ဒုက္ခပေးနိုင်မည်လဲ-ဟူ၍စဉ်းစားခြင်းမှာ တရားသူကြီး၏ဆင်ခြင်တုံတရား ဟုယူဆသူတို့ရှိခဲ့ဖူးပါသည်။ ထို့ကြောင့်၊တရားစီရင်ရေးအပေါ် ပြည်သူလူထု၏ယုံကြည်ကိုးစားမှုမှာ မည်သည့်အဆင့်အခြေ၌ရှိသည်၊ မည်သည့်နေရာတွင်ထားသည်ကို မျက်မြင်အတိုင်း သင်ခန်းစာယူ(နိုင်)ကြဖို့လိုပါသည်။

စိတ္တသတ္တိနှင့်ပြည့်စုံသည်ဟုသိခဲ့ကြသောတရားရေးအကြီးအကဲတစ်ဦးမှာ သူရဦးအောင်ဖေဖြစ်ပါသည်။
“ယဉ်ကျေးမှု မထွန်းကားမီက အာမခံတောင်းပိုင်ခွင့်မရှိ၊လူ့ယဉ်ကျေးမှု ထွန်းကားလာသည်နှင့်အမျှ အာမခံပေးရမည်ဆိုသည့် အတွေးအခေါ် ရှင်သန်ကြီးထွားလာကြောင်း” ၎င်းက ပြောဖူးပါသည်။ 

ကျွန်တော့်သဘောပြောပါမည်။ စွပ်စွဲခံရသူကို အာမခံပေး၍နှစ်ဖက်ညီမျှစွာအမှုဆိုင်ပြိုင်စေသင့်ပါသည်။ ရုံးချိန်းပျက် ခြင်း၊တိမ်းရှောင်ခြင်း၊အလားတူအမှုမျိုးထပ်မံကျူးလွန်ခြင်း-အစရှိသည့်
ခံဝန်ဖောက်ဖျက်မှုမျိုးပြုပါက အာမခံကိုပြန်ရုပ်သိမ်း၍ ဖမ်းဆီးချုပ်နှောင်နိုင်သည့် ဥပဒေပြဌာန်းချက်လည်း အတိအလင်းရှိပါသည်။

မည်သည့်အမှုကိုမှ တသီးတခြား ဆိုလိုခြင်းမဟုတ်ပါ။
 ခိုင်လုံသောခံဝန်ဖြင့် အာမခံပေးခြင်းကို အားပေးရပါမည်။ 
အာမခံမပေးနိုင်သည့်အမှုမှစွပ်စွဲခံရသူကို ခိုင်လုံသောအကြောင်းပြချက်ဖြင့် အာမခံငြင်းပယ်ခြင်းဖြစ်ပါကလည်း
 ဥပဒေနှင့်ညီညွတ်ခြင်းမရှိဟူ၍ မဆိုသာပါ။ မဆိုသာနိုင်ပါ။

သို့သော် အာမခံပေးသင့်ပါလျက် မပေးဘဲဆက်လက်ချုပ်နှောင်ထားခြင်းသည် စွပ်စွဲခံရသူအား ဒူးတုပ်ခယစေဖို့ရာ၊ နောင်ကြဉ်စေဖို့ရာ၊ဖိအားပေးရာ-ရောက်မည်ဆိုပါက(ရောက်နေသည်ဟုမဆိုလိုပါ) တရားရုံး၏ဥပဓိပျက်ယွင်းတတ်ပါသည်။ 
တရားသူကြီးဆိုသူမှာ အမိန့်တော်ပြန်သူ မဖြစ်ရပါ။ 
အမိန့်ချမှတ်သူသာ ဖြစ်ရပါမည်။   ။

pyaylwinmyint@gmail.com
၂-၁-၂၀၁၇၊စံတော်ချိန်သတင်းစာ

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...