Saturday, June 10, 2017

အပြစ်ရှိတယ်ဆိုတာ သံသယလုံးဝ မရှိသည်အထိ (၁)

Pyay Lwin Myint

 လူသတ်မှုတစ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရလို့ ၆ နှစ်ကြာ အကျဉ်းကျခံပြီးတဲ့နောက် အမှုတည်ဆောက် စွဲဆိုတဲ့ ရဲတပ်ဖွဲ့ဟာ သူတွေ့ရှိခဲ့တဲ့ သက်သေခံ အထောက်အထား အားလုံးကို ပြည့်ပြည့်စုံစုံ မတင်ပြခဲ့ဘဲ တချို့ကို (Omit) ထိန်ချန်ပြီး ပြစ်မှုကျူးလွန်ကြောင်း ယူဆနိုင်တဲ့ အထောက်အထားတွေကိုပဲ တင်ပြခဲ့ကြောင်း စိစစ် တွေ့ရှိတဲ့အတွက် တရားရုံးက ပြန်လည်စစ်ဆေးကြားနာဖို့ အခြေအနေ ပေါ်ပေါက်ခဲ့ ကြောင်း ဂျပန်နိုင်ငံ သတင်းတစ်ပုဒ်က ဆိုပါတယ်။

 အမှုအခင်းတွေကို တရားသူကြီးတွေက စီရင်ဆုံးဖြတ်တာပါပဲ။  နိုင်ငံတော်ရဲ့ကိုယ်စား အမှုကို ခိုင်မာအောင် တည်ဆောက်စွဲဆိုပါတယ် ဆိုတဲ့ တရားစွဲအဖွဲ့အစည်းနဲ့ အစိုးရရှေ့နေတို့ရဲ့ အခန်းကဏ္ဍကလည်း ဘယ်လောက် အရေးပါတယ် ဆိုတာ ဂျပန်နိုင်ငံသတင်းက ပြောပြနေပါတယ်။



 ၁၉၉၉ ခုနှစ်က ဗဟိုဝန်ထမ်းတက္ကသိုလ် မွမ်းမံသင်တန်း တစ်ခုရဲ့ စာတမ်းဖတ်ပွဲမှာ စာတမ်းရှင် ကို ၅ မိနစ်တာ ပြန်လှန် ဆွေးနွေးခွင့်ရတဲ့ အရာရှိငယ်တစ်ဦးက ခုလို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

 "အမှုတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တယ် ဆိုတာက ပေါင်ချိန်ကြီးမှာ အင်မတန် ယုံကြည် စိတ်ချရတဲ့ ကျန်ကျောင်းကို စုံစမ်းရေး အရာရှိနဲ့ ကုန်းစွန်းလို ဖြောင့်မှန်တဲ့ ပညာရှင်မျိုး ရှိခဲ့လို့ပဲ ဆိုတာကို သတိပြု စေချင်ပါတယ်" တဲ့။

++++++++++++++++++++

 ရာထူးရာခံ မျှော်ကိုးချက်နဲ့ အောင်မြင် ကျော်ကြားလိုမှု အတွက် တရားခံ အပြစ်ဒဏ် ရရှိရေး ကိုပဲ ဇောင်းပေးပြီး အရေးကြီးတဲ့ သက်သေခံချက် တချို့ ထိန်ချန်တင်ပြခဲ့မှုကြောင့် မည်းမှောင်တဲ့ အကျဉ်းခန်း လေးတစ်ခုအတွင်း အပြစ်မဲ့သူ တစ်ယောက် ၁၅ နှစ်ကြာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ဖူပါတယ်။  တရားခံ ရီး(စ်)မက်ထရီရဲ့ အမှုပါ။

 အင်္ဂလန်နိုင်ငံ၊ ဝေါ့တလေမြို့စွန်က ပန်းဆိုင်မှာ အလုပ်လုပ်ပြီး လိင်မှု ရှုပ်ထွေးတဲ့ မိုနာစပါးလိန်း ဆိုတဲ့ ၂၆ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ညတစ်ည သူ့အခန်းထဲမှာ ၀ဲလည်ပင်းကို ဓားနဲ့ လှီးဖြတ်ပြီး အသတ်ခံခဲ့ရပါတယ်။  မျက်မြင်သက်သေ မရှိပါဘူး။  အခင်းဖြစ်တဲ့ ည ၈ နာရီက မိုနာ့ အခန်းထဲကနေ အတင်း ထွက်လာပြီး အစိမ်းရောင် ဘိုင်စကယ်ကို စီးနင်း ထွက်ပြေးသွားတဲ့သူ တစ်ယောက်ကို လျှပ်တပြက် မြင်လိုက်ရသူ နှစ်ယောက် ရှိပါတယ်။  သေသူ မိုနာစပါးလိန်းရဲ့ ဗီရိုထဲက ပို့စ်ကတ် တစ်ခုနဲ့ ညစာစားဖို့ မိုနာ့ကို ချိန်းဆိုတဲ့ လက်ရေးစာ တစ်စောင်ကို ပုလိပ်အဖွဲ့က သဲလွန်စ ရရှိခဲ့ပါတယ်။  ပို့စ်ကတ်ရေးဆွဲ ပို့သူကို သိရင် သတင်းပေးဖို့ ပုလိပ်အဖွဲ့က သတင်းစာ ကြော်ငြာ ထည့်သွင်းတဲ့အခါ ဘွတ်ကီဒိုင် စာရေးတစ်ဦးက ပို့စ်ကတ် ရေးဆွဲသူကို သိကြောင်းနဲ့ အဲဒီလူဟာ မိုနာ အသတ်ခံရတယ် ဆိုတဲ့ ည ၈ နာရီမှာ ဘိလိယက်ထိုးရင်း သူနဲ့အတူ ရှိနေတဲ့အကြောင်း ပုလိပ်က မေးရင် ပြောပေးဖို့ သူ့ကို သိမ်းသွင်းခဲ့တဲ့ အကြောင်း ပုလိပ်အဖွဲ့ကို သတင်း လာပေးခဲ့ပါတယ်။  အဲဒါနဲ့ ပုလိပ်အဖွဲ့ဟာ ရီး(စ်)မက်ထရီကို ဖမ်းဆီးရှာဖွေခဲ့ပါတယ်။  မက်ထရီရဲ့ သေတ္တာထဲက သင်တုန်းဓား တစ်ချောင်းကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

 သင်တုန်းဓါးမှာ သွေးစသွေးန တွေ့ရှိကြောင်းနဲ့ ညစာစားဖို့ မိုနာ့ကို ချိန်းဆိုသူရဲ့ လက်ရေးဟာ ရီး(စ်)မက်ထရီ ဘယ်လက်နဲ့ ဖျက်ရေးတဲ့ လက်ရေးဖြစ်ကြောင်း ကျွမ်းကျင်သူတို့ရဲ့ ထင်မြင်ချက်အရ သူဟာ လူသတ်မှုကို ကျူးလွန်တဲ့ တရားခံအဖြစ် ရောက်ခဲ့ရပါတယ်။

 တကယ်တော့ ရီး(စ်)မက်ထရီဟာ ကောင်းမွန်တဲ့ အလုပ်အကိုင် တစ်ခုနဲ့ သင့်တင့်တဲ့ အိမ်ထောင် ရှိခဲ့ပါတယ်။  ရုပ်ချော အပြောချိုပြီး မဟုတ်တဲ့ နေရာမှာ လူစွမ်းပြချင်တယ်။  အခင်းမဖြစ်မီ ရက်သတ္တ (၇)ပတ်လောက်က မိုနာစပါးလိန်းနဲ့ စတင် သိကျွမ်းခဲ့ပြီး ပို့စ်ကတ် ရေးဆွဲပို့တဲ့အထိ ရင်းနှီးခဲ့တာ မှန်ပါတယ်။  မိုနာ အသတ်ခံခဲ့ရတဲ့ ည ၈ နာရီ အချိန်က ရုပ်ရှင်ရုံထဲမှာ သူအိပ်ပျော်နေခဲ့တယ် ဆိုတာကို သက်သေထူပြဖို့ ခဲယဉ်းတာကြောင့် ဘွတ်ကီဒိုင်စာရေးကို မမှန်မကန် သိမ်းသွင်းခဲ့မိရာက သူဟာ အစိုးရရှေ့နေကြီးရဲ့ ထောင်ချောက်ထဲ တန်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။  ဂျူရီလူကြီးတွေက သူ့ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး တရားသူကြီး အိုမန်က သေဒဏ် ချမှတ်ခဲ့ပါတယ်။  နောက်တော့ ပြည်ထဲရေးဝန်ကြီးရဲ့ အမိန့်နဲ့ တစ်ကျွန်းပို့ဒဏ်ကို ပြောင်းလဲပြီး စတုံးဟိသ် အကျဉ်းထောင်ဆီ သူ့ကို ပို့ခဲ့ပါတယ်။

 ရီး(စ်)မက်ထရီဟာ စတုံးဟိသ် အကျဉ်းထောင်မှာ ၁၅ နှစ်တာ ပြစ်ဒဏ် ခံစားပြီးတဲ့အချိန်မှ သူ အပြစ်ကျူးလွန်တယ် ဆိုတာကို ဘယ်လိုမှ မယုံနိုင်သူ တစ်ယောက် ပေါ်ပေါက်လာခဲ့ပါတယ်။  အသက် ၂၁ အရွယ် ရှိလာပြီဖြစ်တဲ့ ရီး(စ်)ရဲ့သား ပေါလ်မက်ထရီ ပါပဲ။  ဝေါ့တလေမြို့ကို သွားရောက်ပြီး လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ပွားခဲ့တဲ့ ဖခင်ရဲ့အမှုကို ပြန်ခြေရာခံခဲ့တဲ့ ပေါလ်ရဲ့ခရီးဟာ ကြမ်းတမ်းပါတယ်။  ပေါလ်ရဲ့ စုံစမ်းမှုကို ပုလိပ် မင်းကြီး'ဒေး'နဲ့ အစိုးရရှေ့နေကြီး 'မက်သရူးစပရောက်'တို့က ပိတ်ဆို့ တားဆီးပါတယ်။  အဲဒီအပြုအမူဟာ ဖုံးကွယ်မှု တစ်ခုခု ရှိခဲ့ကြောင်း ယူဆနိုင်တဲ့ အတွက် ပေါလ်ကို အားတက်စေခဲ့ပါတယ်။  နောက်ဆုံးတော့ ပေါလ်ဟာ သူ့ဖခင် အပြစ်ကင်းကြောင်း ဖော်ပြနိုင်တဲ့ အချက်အလက် တချို့ကို ပုလိပ်မင်းကြီးနဲ့ အစိုးရရှေ့နေကြီး တို့က ထိန်ချန်ထားခဲ့တယ် ဆိုတာ သိရှိခဲ့ပါတယ်။

 သေသူ မိုနာစပါးလိန်းရဲ့ လည်ပင်း လှီးဖြတ်ခံရတဲ့ ဒဏ်ရာဟာ သင်တန်းဓားလိုမျိုးနဲ့ ရတဲ့ ဒဏ်ရာ မဖြစ်နိုင်ဘဲ အသွားပါးပါး အဖျားချွန်တဲ့ ဆရာဝန်သုံး ခွဲစိတ်ဓားမျိုးနဲ့ ပြုလုပ်မှ ရနိုင်တဲ့ ဒဏ်ရာဖြစ်တယ်လို့ ယူဆခဲ့တဲ့၊ အလောင်းကိုလည်း ကနဦး စစ်ဆေးခွင့်ရတဲ့ ဆရာဝန်ကို ဆင့်ဆိုစစ်ဆေးမှု မပြုခဲ့တဲ့ အချက်၊ အခင်းဖြစ်စဉ်က မိုနာ့မှာ ကိုယ်ဝန် ၃ လ ရှိနေခဲ့တယ် ဆိုတဲ့ အချက်နဲ့ လူသတ်သမားဟာ ဘိုင်စကယ် အစိမ်းရောင်ကို စီးနင်း ထွက်ပြေးသွားတယ် ဆိုတဲ့ အချက်တွေကို ဖုံးကွယ်ချန်လှပ်ခဲ့တာကို တွေ့ရှိခဲ့ ပါတယ်။  အဲဒီအချက်တွေဟာ ရီး(စ်)မက်ထရီကို တရားခံအဖြစ်က လွှဲဖယ်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

 ပေါလ်ဟာ သူ့ဖခင်ရဲ့အမှုကို ပြန်ပြီး ကြားနာစစ်ဆေးပေးဖို့ တံခါးတွေကို ခေါက်ခဲ့ပေမယ့် တစ်ချပ်မှ မပွင့်ခဲ့ပါဘူး။  လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုကို ပြန်စစ်ပေးဖို့ရာ လုပ်ထုံးလုပ်နည်း အခက်အခဲလည်း ရှိခဲ့ပါ တယ်။  အားလျော့လုလု အခြေအနေမှာ သူဟာ ခရော်နီကယ် သတင်းစာက ပင်တိုင်ဆောင်းပါးရှင် ဒန်းနဲ့ တွေ့ဆုံခဲ့ရပါတယ်။  အင်မတန် ကြီးမားတဲ့ ကောက်ရိုးတစ်မျှင် ပါပဲ။  ဒန်းဟာ ရီး(စ်)မက်ထရီရဲ့ အမှုက ထိန်ချန် ခဲ့တဲ့ သက်သေခံချက်တွေနဲ့ ပတ်သက်လို့ ဆောင်းပါး (၇)ပုဒ် ရေးခဲ့ပါတယ်။  ပထမဆောင်းပါး ပုံနှိပ်ဖော်ပြတဲ့ အချိန်မှာပဲ သတင်းစာစောင်ရေ လက်ကျန်မရှိ ဖြစ်သွားခဲ့ပါတယ်။

 'ဝေါ့တလေ မြို့တော်ကြီးရှိ စိုထိုင်း မှောင်မိုက်လှသည့် ကြိုးတိုက်အခန်းကျဉ်းလေး တစ်ခုဝယ် အပြစ်မဲ့သူ တစ်ယောက်သည် သူ၏လည်ပင်း၌ ကြိုးကွင်းကြီး စွပ်၍ သေဒဏ်ခံရမည့် အချိန်ကို စောင့်ဆိုင်းလျက် ရှိသည်။  အခန်းအပြင်ဖက် အကျဉ်းထောင်ရင်ပြင်တွင် သူ့အတွက် ကြိုးစင်ဆောက်လျက် ရှိရာမှ တူထုသံများကို ကြားနေရသည်။  နာရီအနည်းငယ်ကြာလျှင် သူတို့လာကြတော့မည်၊ သူ့အား လက်ပြန်ကြိုးတုပ်လျက် -----'

 'ပုလိပ်များ မှားယွင်းသည်' ခေါင်းစဉ်နဲ့ အတိအလင်း စွဲချက်တင်ထားတဲ့ ဒုတိယ ဆောင်းပါး ပါတဲ့နေ့မှာတော့ ခရော်နီကယ် သတင်းစာစောင်ရေ တဟုန်ထိုး မြင့်တက်ခဲ့ပါပြီ။  ပုလိပ်မင်းကြီးက ခရော်နီကယ် သတင်းစာကို အသရေဖျက်မှုနဲ့ တရားစွဲမယ်လို့ ဖုန်းဆက် ခြိမ်းခြောက်နေစဉ်မှာပဲ ဒန်းရဲ့ ဆောင်းပါးကို ထောက်ခံတဲ့ ပရိသတ်ရဲ့စာတွေဟာ ဂုံနီအိတ်အပြည့် ရောက်နေခဲ့ပါပြီ။  တခြား သတင်းစာတွေကပါ 'ဒန်း'ရဲ့ ဆောင်းပါးတွေကို ချီးကျူးရေးသားခဲ့ပြီး လန်ဒန်ထရီဗြွန်းကပါ ခရော်နီကယ်နဲ့ တပြိုင်တည်း ပုံနှိပ်ခဲ့ချိန်မှာ တော့ဖြင့် ရီး(စ်)မက်ထရီရဲ့ အမှုကို တစ်တိုင်းပြည်လုံးက စိတ်ဝင်စားလာခဲ့ ပါတော့တယ်။  နိုင်ငံရေးသမား၊ ကထိက၊ တရားဟောဆရာ၊ သိပ္ပံပညာရှင်၊ ထိပ်သီးသမားတော်ကြီးတွေနဲ့ ရုပ်ရှင်ပြဇာတ်ပညာသည်တွေကပါ ရီး(စ်)ရဲ့ အမှုကို ဘက်လိုက်မှုကင်းတဲ့ ကြားနာစစ်ဆေးမှု ပြုလုပ်ပေးဖို့ တောင်းဆိုလာတဲ့အခါ အတွင်းဝန်ချုပ်ကြီး က ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

 ရီး(စ်)မက်ထရီကို ခြွင်းချက်မရှိ လွှတ်ပေးမယ့် အကြောင်းနဲ့ ဝေါ့တလေ တရားရုံးချုပ်မှာ ပြန်စုံစမ်း စစ်ဆေးမယ့်အကြောင်း ကြေညာချက်ပဲ ဖြစ်ပါတယ်။  စတုတ္ထမဏ္ဍိုင်ရဲ့ ခွန်အားနဲ့ စွမ်းပကားပါပဲ။

 ဝေါ့တလေ မြို့တော် တရားသူကြီးချုပ်ရဲ့ ရှေ့မှောက်၊ ရှေ့နေချုပ်ကြီး စပရောက်က အကြိမ်ကြိမ် ခုန်ထ ကန့်ကွက်နေတုန်းမှာပဲ မက်ထရီရဲ့ ရှေ့နေကြီး ဂရေဟမ်က ပုလိပ်မင်းကြီးရဲ့ ရှေ့နေချုပ်ကြီး တို့ ထိန်ချန်ခဲ့တဲ့ သက်သေခံချက်တွေကို ထင်ရှားအောင် ဆွဲထုတ်ပြသနိုင် ခဲ့ပါတယ်။

 'တရားမင်းများ ခင်ဗျား၊  လူတစ်ယောက်ဟာ မသင်္ကာဖွယ်ရာ ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။  ဒါပေမယ့် သူ့မှာ အပြစ်ရှိပါတယ်လို့ အထောက်အထားနဲ့တကွ အခိုင်အမာပြဆိုဖို့ ကတော့ အစိုးရရဲ့တာဝန်ပဲ ဖြစ်ပါတယ်။  ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အရာရှိများက မသင်္ကာသူကို ဖမ်းဆီးချုပ်နှောင်ပြီးနောက် သူတို့ မှန်တယ်၊ အပြစ်ရှိသူကို ဖမ်းမိထားတယ် ဆိုတာကို ပြဖို့အတွက် နည်းပရိယာယ်မျိုးစုံ၊ အင်အားနဲ့ ဖိတဲ့ နည်းမျိုးစုံကို သုံးခဲ့ကြပါတယ်။  လူသားများဖြစ်တဲ့ အစိုးရရဲ့ ကိုယ်စားလှယ် ၀န်ထမ်းများဟာ သူတို့က လုံလောက်စွာ သင်္ကာမမင်း ဖြစ်ရတယ်ဆိုတာ ခိုင်လုံစေရုံမက သူတို့ရဲ့ စီးပွားတိုးတက်ရေးနဲ့ တင့်တင့်တယ်တယ် ဖြစ်စေရေးတို့ကိုပါ အာရုံပြုကြပါတယ်။  လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေး ဖြစ်နေချိန်မှာ ရှေ့နေကြီးဟာ ဇာတ်ဆန်ဆန် အမူအရာ လုပ်ပြီး လူသတ်လက်နက် ထုတ်၊ ကြမ်းပေါ် ပစ်ချလိုချ၊ တရားခံ ထိုးသတ်လိုက်ပုံကို ဟန်ပါပါ လုပ်ပြလိုပြနဲ့ လေးနက်တဲ့ တရားရုံးတော်ကို လမ်းဘေးက နှစ်ပြားတစ်ပဲတန် ပြဇာတ်မျိုး ဖြစ်သွားအောင် လုပ်လိုက်ပါသေးတယ်။'

 ရှေ့နေကြီး ဂရေဟမ်ရဲ့ လျှောက်လဲချက် ထိရောက် ပြောင်မြောက်လှပါတယ်။  ရှည်လျားတဲ့ လျှောက်လဲချက် ပြီးဆုံးတဲ့နောက် တရားသူကြီးချုပ်က ရီး(စ်)မက်ထရီ အပေါ် ပြစ်ဒဏ်စီရင်ခဲ့တာ ပယ်ဖျက်လိုက် ပါတော့တယ်။

++++++++++++++++++++

 မှန်ပါတယ်။  ခုပြန်ပြောတဲ့ ဇာတ်လမ်းနဲ့ အချက်အလက်တွေဟာ 'အေဂျေကရိုနင်'ရဲ့ ၀တ္ထုတစ်ခုထဲက အချက်အလက်တွေပဲ ဖြစ်ပါတယ်။  ၀တ္ထုကို သာဓကပြုရတာ ဆိုပေမယ့်လည်း ဒီလို မှားယွင်းတဲ့ စီရင်ဆုံးဖြတ်မှုမျိုးဟာ အင်္ဂလန်နိုင်ငံမှာ မရှိခဲ့ပါဘူးလို့ မငြင်းဆန်နိုင်ပါဘူး။  ဂျပန်နိုင်ငံမှာ မရှိပါဘူးလို့ မငြင်းနိုင်ပါဘူး။  ကမ္ဘာအရပ်ရပ် ဘယ်နေရာ၊ ဘယ်ဒေသမဆို မရှိပါဘူးလို့ မငြင်းနိုင်ပါဘူး။

 တရားမျှတမှုကို စောင့်ရှောက်တယ် ဆိုတာ တရားသူကြီး သာမက အစိုးရရှေ့နေ အပါအ၀င် ရှေ့နေရှေ့ရပ်များနဲ့ တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေ သက်သေတွေလည်း သူ့ထောင့် သူ့နေရာက အရေးပါကြ တယ်ဆိုတာ တရားခွင်ပုံပြင် တစ်ပုဒ်က ပြန်ပြောပြနိုင်ပါတယ်။  ဘယ်လို အမှုအခင်းမျိုးနဲ့ စွပ်စွဲခံရတဲ့ တရားခံပဲ ဖြစ်ဖြစ်၊ အပြစ်ရှိတယ် ဆိုတာ သံသယ လုံးဝ မရှိသည်အထိ သေချာမှ ပြစ်ဒဏ် ကျခံထိုက်တယ် ဆိုတာကိုလည်း တရားခွင်ပုံပြင် တစ်ပုဒ်က ပြန်ပြောပြနိုင်ပါလိမ့်မယ်။

Beyond this place by A.J. Cronin
ထင်လင်း၊ တစ်ကျွန်းစံရဲ့ အပြန်လမ်း

ပြေ လွင် မြင့်


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...