Saturday, June 10, 2017

တရားရေးမဏ္ဍိုင်ရဲ့အထက်မှာ တရားဥပဒေမှအပ (၁)

No one is above the law.


အလွန်ဂုဏ်ကျက်သရေ ရှိပါတယ်။  ရွှေလင်ပန်းနဲ့ အချင်းဆေးခဲ့သူတို့ရော၊  ဈေးထောင့် ကင်းတဲကို ခြေကန်မွေးခဲ့သူတို့ပါ  'လှည်းနေ လှေအောင်း မြင်းဇောင်း မကျန်' နှစ်သက် လိုလားနိုင်ကြတဲ့ ဥပဒေ ဆိုရိုး (Legal Maxim) တစ်ခုပဲ ဖြစ်ပါတယ်။  တရားဥပဒေရဲ့ ရှေ့မှာက်မှာ မျက်နှာကြီးငယ်မရွေး၊  ဆူကြုံနိမ့်မြင့် မဟူ  တန်းတူညီမျှ ရှိကြရမယ် ဆိုတာ လူအများစုကြီးရဲ့ ဆန္ဒ လိုအင်ပဲ ဖြစ်ပါလိမ့်မယ်။

ဟိုတုန်းခါက နန်းတော်တိုင်ကို ထုံးသုတ်ခဲ့မိတဲ့အတွက် သူ့လက်ညှိုးကို သူကိုယ်တိုင် ဖြတ်ပစ်ခဲ့တဲ့ ဘုရင်တစ်ပါး ရှိခဲ့ဖူးပါတယ်။  မတောက်တခေါက် အာဏာပါဝါလေးတွေ ပြပြပြီး ဆောင့်ကြွားကြွား လာမလုပ်နဲ့၊  ဘုရင် ဧကရာဇ်ဖြစ်တဲ့ ငါကိုယ်တော်တောင်မှ ဥပဒေရဲ့ အထက်မှာ ခွထိုင်မနေဘူး ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။  ဥပဒေ 'ပြု'တဲ့ ဘုရင်ဧကရာဇ် ကိုယ်တိုင်တောင်မှ သူ'ပြု'တဲ့ ဥပဒေ ပြဌာန်းချက်ကို ချိုးဖောက်ခဲ့မိလို့ သူ့အပြစ်ဒဏ်ကို သူ ကျေကျေနပ်နပ် ခံယူတယ် ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။


ရခိုင်ဘုရင်မင်းထီးလို့ ထင်ပါတယ်။  သူဟာ ဒီနေရာမှာတော့ တရားမျှတမှု၊ သာနာညီမျှမှု နဲ့ ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရား (Justice, Equity and Good Conscious) တို့ရဲ့ ဥဒါဟရုဏ်ပဲ ဖြစ်ပါတယ်။

++++++++++++++++++++++++++++++

လူတစ်ဦးချင်းစီရဲ့ အတွင်းပိုင်း အကျဆုံး အဇ္ဈတ္တ သန္တာန်မှာ တရားမျှတမှုကို နှစ်သက်လိုလား တဲ့ ဆန္ဒအညွန့် အညှောက်ကလေးတွေ ပုန်းခိုတွယ်ငြိ နေတတ်ပါတယ်။  သူတစ်ပါးရဲ့ ဥစ္စာပစ္စည်းကို မတရား သဖြင့် လုယက်တိုက်တိုက်လေ့ ရှိတဲ့ လူဆိုးဓားပြများ တောင်မှ တိုက်ရာပါပစ္စည်းကို ခွဲဝေယူကြတဲ့ အခါ ညီတူမျှတူ ဖြစ်ချင်တတ်ပါတယ်။  မညီမမျှလို့ လက်နက်ခွန်အားနဲ့ ဖြေရှင်းကြရင်း 'အမှုပေါ်'ခဲ့ရ တာတွေလည်း အပုံအပင် ရှိပါတယ်။

ဘုရားဒကာ၊ ကျောင်းဒကာ ဖြစ်မှရယ် မဟုတ်ပါဘူး။  ဘယ်သူမဆို တရားမျှတမှုကို နှစ်လိုတဲ့ သဘာဝ ရှိတတ်တယ် ဆိုတာကိုတော့ဖြင့် အငြင်းပွားစရာ မရှိလောက်ပါဘူး။

++++++++++++++++++++++++++++++

သာမန်အားဖြင့် -

ဥပဒေ ဆိုတာ တဖြည်းဖြည်း ပြောင်းလဲ (ယဉ်ကျေး) လာခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ လိုအင်၊ လူ့အဖွဲ့အစည်းရဲ့ မျှော်မှန်းချက်တို့နဲ့အညီ လူတွေရဲ့ အပြုအမူ စရိုက်သဘာဝနဲ့ အတွေ့အကြုံ များထဲက သင်ခန်းစာ ထုတ်ယူပြီး ကျင့်ဝတ်သဖွယ် တည်ဆောက်လာခဲ့ရာက မဖြစ်မနေ လိုက်နာ ကျင့်ဆောင်ရမယ့် ပြဌာန်းချက်တွေ အဖြစ် ဥပဒေပြုပိုင်ခွင့် ရှိသူတို့က အကောင်းဆုံး ရေးသား ကြေညာထားချက် တွေပဲ ဖြစ်ပါတယ်။

သို့ပေမယ့်  ဥပဒေ ဟူသမျှတို့ဟာ အသင့်လျော်ဆုံး၊ အမျှတဆုံး၊ အကောင်းဆုံး အဖြစ် ဘယ်လိုပဲ ပြဌာန်းထားထား၊  အခါကာလနဲ့ နေရာဒေသ တို့ကို လွန်မြောက်ပြီး အစဉ် ထာဝရ ညီမျှ ပြည့်စုံနေတဲ့ အမှန်တရားတော့ ဖြစ်ခဲ့ဟန် မတူပါဘူး။  ဒါကြောင့် လိုအပ်တဲ့အခါ ပြင်ဆင်ရပါတယ်။  လိုအပ်တဲ့အခါ ပယ်ဖျက် ရပါတယ်။  လိုအပ်တဲ့အခါ ဖြည့်စွက်ရပါတယ်။  လိုအပ်တဲ့အခါ အသစ် ရေးဆွဲ ပြဌာန်းရပါတယ်။  ဥပဒေ ဆိုတာလည်း စင်စစ် သမုတိသဘောပဲ ဖြစ်ပါတယ်။

ဘယ်ဥပဒေပဲ ဖြစ်ဖြစ်၊ မပြင်ဆင်၊ မပယ်ဖျက်၊ မဖြည့်စွက်သေးဘဲ အတည်ဖြစ်နေ သမျှတော့ဖြင့် လိုက်နာကြရပါတယ်။  ဥပဒေပြု ပိုင်ခွင့်ရှိသူတို့ ကိုယ်တိုင်လည်း အတည်ဖြစ်နေသမျှ ဥပဒေတွေကို လိုက်နာကြ ရပါတယ်။  တရားဥပဒေရဲ့ ရှေ့မှောက်မှာ ဘယ်သူမဆို တန်းတူညီမျှ ရှိကြရပါတယ်။

++++++++++++++++++++++++++++++

(Rule of Law) ဆိုတဲ့ တရားဥပဒေစိုးမိုးရေး ဆိုရာမှာ အဓိက လိုအပ်ချက် နှစ်ချက် ရှိပါတယ်။  တစ်ချက်က ဥပဒေနဲ့အညီ လွတ်လပ်စွာ တရားစီရင်ရေးပဲ ဖြစ်ပါတယ်။

ဥပဒေရဲ့ရှေ့မှောက်မှာ မည်သူမဆို တန်းတူညီမျှ ရှိစေရေး ဆိုတာကို လိုအပ်သလောက် အကျဉ်းရုံး ဆွေးနွေးခဲ့ပြီး ထင်ပါတယ်။ (လိုရင်ဖြည့်ပါ)

ဒုတိယအချက် ဖြစ်တဲ့ လွတ်လပ်စွာ တရားစီရင်ရေး ဆိုတာ တည်ဆဲဥပဒေ ပြဌာန်းချက်တွေကို မမှိန်မသုန် ဆုပ်ကိုင်ပြီး ပြင်ပသြဇာအာဏာနဲ့ အနှောင့်အယှက်တို့ ကင်းစင်စွာနဲ့ တရားစီရင်နိုင်ခြင်းကို ဆိုလိုတယ်လို့ နားလည်ရပါတယ်။

(မောင်အုန်း နှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်) (၁၉၆၆ ခုနှစ်၊ ရာဇ၀တ် အယူခံမှု အမှတ်- ၅၀၆၊ တရားရုံးချုပ်) အမှုမှာ ဖော်ပြထားတာ ရှိပါတယ်။  'တရားသူကြီးများ၏ ၀တ္တရားမှာ အမှုအကြောင်းကို သေချာ စေ့ငှစွာ ရေးယူလေ့လာပြီး ဥပဒေအရ ပြစ်ဒဏ်ပေးရမည် ဖြစ်စေ၊ ပြစ်ဒဏ်မှ လွှတ်ရမည်ဖြစ်စေ၊ မိမိတို့၏ အလုပ်ဝတ္တရားများကို ဆောင်ရွက်ရမည် ဆိုလျှင် ဥပဒေကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်ပြု၍ ပြုလုပ်ရမည်။  ကြောက်ရွံ့ပြီး အခြားတစ်ပါးသို့ အမှန်ကို ဆောင်ရွက်ရန် တာဝန် မလွှဲသင့်ပေ။  တရားမျှတမှုကို ရှေးရှု၍ လုပ်သားပြည်သူတို့၏ အကျိုးငှာ ရဲဝံ့သော သတ္တိဖြင့် ဆောင်ရွက်ရန် လိုပေသည်' တဲ့။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ခေတ်က ပြည်သူ့တရားသူကြီး အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ သူရ ဦးအောင်ဖေကတော့ 'တရားသူကြီးဆိုတာ (Mental Courage) လို့ခေါ်တဲ့ စိတ္တသတ္တိ ရှိဖို့ လိုတယ်၊  စိတ္တသတ္တိ ဆိုတာ ကာယသတ္တိထက် ပိုပြီး အရေးကြီးတယ်' လို့ ပြောခဲ့ဖူးပါတယ်။

မကြာသေးခင်က သမ္မတဟောင်း ဦးဘဦးရဲ့ (My Burma) ကို ကျွန်ုပ်၏ မြန်မာနိုင်ငံ ဆိုပြီး စိန်ဝင်းစိန် ဘာသာပြန်ထားတဲ့ စာအုပ်ကို ဖတ်ရပါတယ်။

အဲဒီစာအုပ်မှာ ဒေါက်တာ ဘမော် အဓိပတိလုပ်တဲ့ ဂျပန်ခေတ် တရားစီရင်ရေးကို လှစ်ခနဲ မြင်ရ ပါတယ်။  အဲဒီအခါတုန်းက ဦးဘဦးဟာ တရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်ပါတယ်။  တရားလွှတ်တော်ကို အယူခံ ၀င်ရောက်လာတဲ့ အမှုတွေကို လေ့လာကြည့် တဲ့အခါ ဂျပန်စစ်ပုလိပ်တွေက သူတို့ကို ဆန့်ကျင်တဲ့ မြန်မာမျိုးချစ် ပုဂ္ဂိုလ်တွေကို လက်သည်းခွံခွါ၊ ဇော်ထိုးဆွဲ၊ နေလှန်း၊ ဆားပက်ပြီး (ဥပဒေနဲ့ မညီညွတ်ဘဲ) မတရား ရယူခဲ့တဲ့ ဖြောင့်ချက်တွေနဲ့ အောက်ရုံး တရားသူကြီးတွေကို အဓမ္မခြိမ်းခြောက် အပြစ်ပေးခိုင်းနေတယ် ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  ဒါကြောင့် ဂျပန်ခေတ် ဖြစ်တဲ့တိုင် သင့်တင့်လျောက်ပတ်တဲ့ တရားစီရင်ရေး ဖြစ်ဖို့ရာ သူတို့မှာ တာဝန်ရှိတယ်လို့ ခံယူတဲ့ ဦးဘဦးဟာ တရားသူကြီးချုပ်က တစ်ဆင့် တင်ပြပြီး ဂျပန် စစ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။  (နောက်တော့ စစ်အာဏာပိုင် တွေက တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်မှု မပြုဖို့ ညွှန်ကြားခဲ့ပါတယ်။

အမှောင့်ပယောဂ တစ်စုံတစ်ရာဟာ တရားရေးမဏ္ဍိုင်ရဲ့ အထက်က ကြိုးကိုင်ခြယ်လှယ် နေသမျှ ဥပဒေအရ တရားမျှတမှု ဆိုတာလည်း ဆိတ်သုဉ်းရစမြဲ ဖြစ်ပါတယ်။

++++++++++++++++++++++++++++++

အဂတိ(၄)ပါးအနက် တရားသူကြီးများ အပေါ် 'ဘယာဂတိ' ဖြစ်စေနိုင်တဲ့ အချက်(၄)ချက်ကို ၁၉၈၀ ခုနှစ် ၀န်းကျင်က ထုတ်ဝေတဲ့ 'တက္ကသိုလ် ဥပဒေ ဂျာနယ်'မှာ ပါရှိတဲ့အတိုင်း အကျဉ်းရုံးပြီး ပြန်ပြောလို ပါတယ်။

(၁) ပြင်ပသြဇာရှိသူ၊ ရင်းနှီးသူများက ၄င်းတို့နှင့် ပတ်သက်သော အမှုသည်များ အတွက် လိုသည့် ကိစ္စများကို လုပ်ဆောင်ပေးရန် တရားသူကြီးများအား ခိုင်းစေပြောကြားခြင်း၊ ချဉ်းကပ်ခြင်း။

(၂) အမှုသည်တို့က မိမိ၏အမှု ရှုံးနိမ့်တော့မည်ဟု သိသည့်အခါ ထိုတရားရုံးက ထိုအမှုကို မစီရင် မဆုံးဖြတ်ရလေအောင် အာဏာပိုင် အဖွဲ့အစည်းများနှင့် အရေးပိုင်ခွင့် ရှိသော ဌာနအသီးသီးသို့ တိုင်စာများ ပေးပို့ခြင်း။

(၃) ထိုအမှုသည်တို့က ရုံးပြောင်း လျှောက်ထားသည့် အခါမျိုးတွင်လည်း တရားရုံးနှင့် တရားစီရင်ရေး အဖွဲ့တို့အပေါ် ထိခိုက်နစ်နာ စေမည့် စွပ်စွဲချက်များ (Accusation) ကို အထောက်အထား မရှိဘဲ မဟုတ်မမှန် စွပ်စွဲခြင်း။

(၄) အခြားကိစ္စ တစ်ရပ်မှာ တရားစစ်ဆေးသော တရားသူကြီးများအား တမင်ထိပါး ပုတ်ခတ် ပြောဆိုခြင်း။

++++++++++++++++++++++++++++++

ဥပဒေရဲ့ အထက်မှာ မည်သူမျှ မရှိစေရ --- ဆိုတာ၊  တရားဥပဒေရဲ့ ရှေ့မှောက်မှာ မည်သူမဆို တန်းတူညီမျှ ရှိကြရမယ် ဆိုတာနဲ့ အဓိပ္ပာယ် သက်ရောက်ပုံ တူညီရပါလိမ့်မည်။  တစ်ခုခု ချို့ယွင်းတဲ့အခါ တရား မျှတမှုဟာ ပွန်းပဲ့ကျိုးကြေ နိုင်တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

အချုပ်အခြာအာဏာ (Sovereignty Power) ရဲ့ အစိတ်အပိုင်း သုံးခုကို ခွဲဝေကျင့်သုံးတဲ့ မဏ္ဍိုင်ကြီး သုံးရပ် အပါအ၀င် တိုင်းသူပြည်သား အပေါင်းဟာ ပြင်ဆင်ပယ်ဖျက်ခြင်း မပြုသေးတဲ့ တည်ဆဲဥပဒေ ဟူသမျှ တို့ကို အတိအကျ လိုက်နာကြရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ရင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်တို့ရဲ့ အထက်မှာ ဥပဒေ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။  ဥပဒေရဲ့အထက်မှာ ဘယ်သူမှ ရှိမနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။  မဏ္ဍိုင်သုံးရပ် ဆိုတာသည်ပင်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာခဲ့ ရတာ ဖြစ်ပါတယ်။  ဥပဒေရဲ့ အောက်မှာ အပြန်အလှန် ထိန်းကျောင်းနေကြတာ ဖြစ်ပါတယ်။  ဥပဒေရဲ့အောက်မှာ လွတ်လပ်စွာ တည်ရှိနေကြတာ ဖြစ်ပါတယ်။

ဆိုပါစို့ -----။
ဥပဒေနဲ့အညီ လွတ်လပ်စွာ တရားစီရင်တယ် ဆိုတာကလည်း ဥပဒေဟာ တရားရေး မဏ္ဍိုင်ရဲ့ အထက်က ရှိနေတာ ဖြစ်ပါတယ်။  တရားရေးမဏ္ဍိုင်ရဲ့ အထက်မှာ ဥပဒေပဲ ရှိပါတယ်။  ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေပါဘူး။  တရားရေးမဏ္ဍိုင်ရဲ့ အထက်မှာ ဥပဒေမှအပ တစ်စုံတစ်ရာ ရှိနေခဲ့လို့ ကမောက်ကမ ဖြစ်ခဲ့တာမျိုးဟ]ာ ဒေါက်တာ ဦးဘဦးတို့ ခေတ်မှာသာမက သမိုင်းစဉ် တစ်လျှောက် ပေါ်ပေါက်ခဲ့နိုင် ပါတယ်။

သမိုင်းပညာရှင်  'အက်ဒွပ်ဂစ်ဘွန်း' ပြောသလို သင်ခန်းစာ မယူနိုင်ခဲ့ကြတဲ့ လူနုံလူအတွေ ကတော့ဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရှိတတ်ပါတယ်။


ပြေ လွင် မြင့်

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...