Thursday, June 25, 2015

ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်ဆင်ရေး လွှတ်​​တော်​ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ


ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေး ပြောကြားချက်များ

(၂၄-၆-၂ဝ၁၅၊ နေပြည်တော်)



သူရဦးအောင်ကို (ကန်ပက်လက်မဲဆန္ဒနယ်)



ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ-
-နိုင်ငံတစ်ခု၏ မိခင်ဥပဒေ (Mother Law) ဖြစ်သည်။
-နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ရန် ရေးဆွဲ ပြဋ္ဌာန်းထားသော ပင်မ ဥပဒေလည်း ဖြစ်သည်။
-ဥပဒေအားလုံး၏ အခေါင်အချုပ် ဖြစ်ပြီး နိုင်ငံတော်ကို ပုံဖော်ပေးသည့် အဓိကအကျဆုံး ဥပဒေကြီးလည်း ဖြစ်သည်။
-နိုင်ငံတော် အစိုးရ (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ မဏ္ဍိုင်သုံးရပ်)နှင့် နိုင်ငံသားများ အကြား ချုပ်ဆို ထားသော ပဋိဥာဉ် စာချုပ်ကြီးလည်း ဖြစ်သည်။ ၄င်းတွင် နိုင်ငံတော်ကို မည်သို့စီမံအုပ်ချုပ်မည်။ ဒီမိုကရေစီ အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး စသည်တို့အား မည်သို့ကာကွယ်ပေးမည်ကို အာမခံမည့်အချက်များ ပါဝင်သည်။
ယနေ့ကမ္ဘာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၃)မျိုးရှိသည်ဟု ဆိုနိုင်ပါသည်။
-ပြင်ဆင်ရန် လွယ်ကူသော အခြေခံ ဥပဒေ၊
-ပြင်ဆင်ရန်ခက်ခဲသော အခြေခံ ဥပဒေ၊
-ပြင်ဆင်ရန် အလွန်ခက်ခဲသော အခြေခံဥပဒေတို့ ဖြစ်ပါသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြင်ဆင်ရန် လွန်စွာခက်ခဲသော ပြင်ဆင်၍မရနိုင်သော ဥပဒေဖြစ်ရာ တင်းမာလွန်းသော ဥပဒေဟု ခေါ်ဆိုနိုင်ပါသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ ပုထုဇဉ်လူသားတို့ ရေးဆွဲထားသော ဥပဒေဖြစ်ခြင်းကြောင့် ထာဝရ မှန်ကန်နေမည့် ပရမတ္ထ သစ္စာတရား မဟုတ်ပါ။ အချိန်ကာလ တစ်ခုအထိသာ မှန်ကန်နိုင်မည့် သမုတိသစ္စာတရားသာ ဖြစ်ပါသည်။ ထို ဥပဒေ ကြောင့်ပင် မြန်မာနိုင်ငံအနေဖြင့် အမိန့်ပေး၊ အမိန့်ခံ အုပ်ချုပ်မှုစနစ်မှာ ဒီမို ကရေစီစနစ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ပြည်ထောင်စု လွှတ်တော်ကြီး နှင့် တကွ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များလည်း ပေါ်ထွန်းလာခဲ့ပါသည်။ ပြည်ထောင် စုအစိုးရနှင့် လက်အောက်ခံ အစိုးရ အဆင့်ဆင့်လည်း ပေါ်ထွန်းလာခဲ့ပါသည်။ အထိုက်အလျောက် ပွင့်လင်း မြင်သာသော ဒီမိုကရေစီ နိုင်ငံသစ်ကို တည်ထောင်နိုင်ခဲ့ခြင်းကြောင့် အတိုင်းအတာ တစ်ခုထိ ပြည်သူတို့ ကျေနပ်အားရခဲ့ပါသည်။ သို့ဖြစ် ၍ ၂ဝဝ၈ အခြေခံဥပဒေ ရေးဆွဲ ပြဋ္ဌာန်းပေးခဲ့ခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာ ရှိရမည် ဖြစ်ပါသည်။

သို့သော် ပုထုဇဉ်လူသားတို့ ရေးဆွဲခဲ့သော ဥပဒေဖြစ်သောကြောင့် ထာဝရ မှန်ကန်တည်မြဲနေမည့် ဥပဒေတော့ မဟုတ်ပါ။ ယနေ့ မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံတွင် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်ကို သတိပြုမိကြမည် ဖြစ်ပါ သည်။ သက်တမ်းအားဖြင့် မကြာမြင့်သေးသော်လည်း ပြောင်းလဲနေသော ခေတ်ကာလ အခြေအနေနှင့် လိုက်လျော ညီထွေ အောင် အခြေခံဥပဒေကို ကျယ်ပြန့်စွာ ပြင်ဆင်ပေးရန် ပြည်သူတို့က လိုလား တောင်းဆိုနေကြပြီ ဖြစ်ပါသည်။ လွတ်လပ်ရေး ရပြီး ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို (၆)ကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့ပြီးကြောင်း သိရှိရပါသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ခြင်း မပြုနိုင်ပါက-
-အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် လွန်စွာ ခက်ခဲနိုင်ပါသည်။
-အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲလက်မှတ် ရေးထိုးရန်ပင် ခက်ခဲနိုင်ပါသည်။
-နိုင်ငံသားများ၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ တောင်းဆိုနေကြသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိ သော၊ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်ရေးမှာလည်း အလှမ်း ကွာနေမည်ဖြစ်ပါသည်။
-ပြည်သူတို့အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အာမခံချက် အပြည့်အဝ ပေးနိုင်သော တရားဥပဒေ စိုးမိုးသည့် လူ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရန်ကလည်း အလှမ်းဝေးနေမည် ဖြစ်ပါသည်။
-တရားဥပဒေ စိုးမိုးမှု အားနည်းနေပါက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး၊ အမျိုးသားရေး မျှော်မှန်း ချက်သည်လည်း မှေးမှိန်နေမည် ဖြစ်ပါသည်။
-ထို့ကြောင့် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ရန်သည် အမျိုးသားရေး တောင်းဆိုမှု တစ်ရပ် ဖြစ်ပေါ်လာနေပြီ ဖြစ်ကြောင်း အလေးအနက် တင်ပြလိုပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆ဝ၊ ပုဒ်မခွဲ(ဂ)တွင် ''သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့ တစ်ဖွဲ့စီက ဒုတိယ သမ္မတ တစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေး ချယ် တင်မြှောက်ရမည်''ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။
ရွေးကောက်ပွဲများ ကျင်းပခြင်းသည် ဒီမိုကရေစီ၏ အသက်၊ ဒီမိုကရေစီ၏ ယဉ်ကျေးမှုဖြစ်ပါသည် ခက်မသုံးဖြာ အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်ဖြစ်သော နိုင်ငံသား၊ တိုင်းရင်းသား ပြည်သူများ အနေဖြင့် ၄င်းတို့၏ကိုယ်စား အာဏာ မဏ္ဍိုင်ကြီး သုံးရပ်တွင် တာဝန်ခွဲကာ ထမ်းဆောင်ကြမည့် ကိုယ်စားလှယ်များကို ၄င်း တို့ကိုယ်တိုင် ဆန္ဒမဲပေး ရွေးကောက်တင်မြှောက် လိုခြင်းသည် နိုင်ငံသားများ၏ မူလအခွင့်အရေး ဖြစ်သောကြောင့် လက်လွတ် မခံလိုကြပါ။

ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ခြင်းသည် ၄င်း ကိုယ်စားလှယ်များဖြင့် ပါဝင် ဖွဲ့စည်းမည့် အာဏာမဏ္ဍိုင် ကြီး သုံးရပ်အနေဖြင့် ပြည်သူကို ဗဟိုပြုရန် ဖြစ်ပါသည်။ ပြည်သူ့ အကျိုးစီးပွားကို မျက်နှာမူ ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါ သည်။ အရွေးချယ်ခံ ပြည်သူ့ ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့ အကျိုးစီးပွားကို မျက်ကွယ်ပြု နိုင်ကြမည် မဟုတ်ပါ။
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် မှစ၍ ဒီမိုကရေစီ ရိုက်ချိုးခြင်း ခံခဲ့ရသောကြောင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အကျိုး စီးပွားမှာလည်း ချောင်ထိုးခြင်း ခံခဲ့ရသည်။ အရှေ့တောင်အာရှ ထိပ်တန်းအဆင့် နိုင်ငံဘဝမှသည် ဖွံ့ဖြိုးမှုအနည်းဆုံး ဆင်းရဲသားနိုင်ငံ ဘဝသို့ ရောက်ခဲ့ရသည်ကို သမိုင်း သင်ခန်းစာ ယူသင့်ပါသည်။ ဒီမိုကရေစီ ချုပ်ငြိမ်းခြင်းနှင့်အတူ အာဏာမဏ္ဍိုင် သုံးရပ်တွင် ပြည်သူ့ ကိုယ်စားလှယ်များအစား အထက်မှ ခန့်အပ် တာဝန်ပေးသော ပုဂ္ဂိုလ်များဖြင့် အစားထိုး တာဝန်ပေးခဲ့သောကြောင့် နိုင်ငံသည် ဘက်ပေါင်းစုံ ချွတ်ခြုံကျခဲ့ပါသည်။

-နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည် (ပုဒ်မ- ၅၇)
-နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာ ရရှိသည်(ပုဒ်မ-၅ဝ)
-နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်(ပုဒ်မ-၁၆)
ဖော်ပြပါ ပြဋ္ဌာန်းချက်အရ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်တွင် ကြီးကျယ်မြင့်မြတ်သော အနှိုင်းမဲ့ ပုဂ္ဂိုလ် အဆင့်အတန်းမျိုး ဖြစ်သည်ကို အထူးသတိ ချပ်သင့်ပါသည်။
ထိုကဲ့သို့ မြင့်မြတ်သော နေရာ အဆင့်မျိုးတွင် ပြည်သူကရွေးကောက် တင်မြှောက်သော ကိုယ်စားလှယ်များကိုသာ တာဝန် ပေးအပ်သင့်ပါသည်။ အင်အား ၅ဝဝ ခန့်ရှိသော ပြည်ထောင်စုလွှတ်တော် အရွေးချယ်ခံ ကိုယ်စားလှယ်များတွင် အလွှာပေါင်း စုံမှ တတ်သိပညာရှင်များ ပါဝင်နေရာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ တာဝန်ထမ်းဆောင်ရန် အရည်အချင်းပြည့်မီသူ များစွာ ပါဝင်မည်ကို သံသယမဖြစ်သင့်ပါ။ သို့ဖြစ်၍ ရွေးကောက် တင်မြှောက်ခြင်းခံရသော ပြည်သူ့ ကိုယ်စားလှယ်များထဲမှ သာ ခန့်အပ် တာဝန် ပေးသင့်ကြောင်း အလေးအနက် တင်ပြလိုပါသည်။

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို အမှန်တကယ် ရွေးချယ်ရမည် ဆိုပါက နိုင်ငံတော်သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးချယ် တင်မြှောက်သောစနစ် ကျင့်သုံးသင့်ကြောင်း ထပ်လောင်း အကြံပြု တင်ပြလိုပါသည်။ သို့ဖြစ်၍ အခြေခံ ဥပဒေပုဒ်မ ၆ဝ၊ ပုဒ်မခွဲ(ဂ)ပြဋ္ဌာန်းချက် ဖြစ်သော ''သမ္မတရွေးချယ် တင်မြှောက်ရေး အဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီ ကို လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ် တင်မြှောက်ရ မည်''ဟု ပြဋ္ဌာန်းချက်ကို လုံးဝ ပယ်ဖျက်သင့်ပါကြောင်းနှင့် ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ရွေးချယ်တာဝန် ပေးအပ်သင့်ပါကြောင်း အလေးအနက် အကြံပြု တင်ပြအပ်ပါသည်။


ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်)



ကျွန်တော့်အနေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၄၃ဒသမ၅၂ ရာခိုင်နှုန်းက လက်မှတ် ရေးထိုးပြီး ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ရွေးချယ်ခံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် တင်သွင်းသော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ ၄၃၆ (က)နှင့် (ခ)တို့နှင့် စပ်လျဉ်းသည့် ပြင်ဆင် ချက်ကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆(က)နှင့် (ခ)တို့ နှင့် ပတ်သက်ပြီး ယခုပြင်ဆင်ရန် တင်ပြချက်မှာ လက်ရှိ ပကတိအနေအထား အရ ဖြစ်သင့်သော အခြေအနေကို အဘက် ဘက်မှ တွက်ဆ၍ စဉ်းစားချင့်ချိန် ဆောင်ရွက်ထားကြောင်း တွေ့ရှိကြမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်သည့် အချိန်တွင် ပြင်ဆင်ရာတွင် အားလုံး တညီတညွတ်တည်း သဘော တူညီမှု ရရှိရေးမှာ ရနိုင်လျှင် အကောင်းဆုံး ဖြစ်သော်လည်း မရနိုင်လျှင် ပြည်သူ့ကိုယ်စားလှယ် အများစု၏ ဆန္ဒကို ရာခိုင်နှုန်း တစ်ခုအရ ခွင့်ပြုပေးနိုင်ခွင့်၊ သတ်မှတ်ပေးနိုင်ခွင့် ဆောင်ရွက်ပေးရန် အချိန်တန်ပြီဟု ဆွေးနွေး တင်ပြအပ်ပါတယ်။
ဒါ့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(က)၏ ပြင်ဆင်ချက်တွင် ပါဝင်သည့် 'တက်ရောက်ခွင့်ရှိသော ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်၏ ၇ဝ ရာခိုင်နှုန်းအောက် မလျော့သော လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက်'ဆိုသော စာသားကို လက်ခံသင့်ပါကြောင်း တင်ပြ အပ်ပါတယ်။

ဆက်လက်၍ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆိုရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲ မပေးနိုင်သူတွေ၊ ဆန္ဒမဲ မပေးမိသူတွေ၊ ဆန္ဒမဲ ပေးရန် ပျက်ကွက်သူတွေဟာ အလိုအလျောက် ကန့်ကွက်ဆန္ဒပြုသူများ အဖြစ်သို့ ရောက်ရှိသွား သည်ကို သတိချပ်ရန် အထူး လိုအပ်ပါတယ်။


ဗိုလ်မှူးချုပ်တင်စိုး (တပ်မတော်ကိုယ်စားလှယ်)



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၅၉(ဃ)နှင့် ပုဒ်မ၅၉(စ)တို့ အပေါ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ(စ) အရ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရန် အဓိက တာဝန်ရှိပါတယ်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များတွင်လည်း အကျိုး ဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့်လည်း ၂ဝ၁၅ခုနှစ် ဇန်နဝါရီ ၈ ရက် တွင်  CNA သတင်းဌာနကို လက်ခံတွေ့ဆုံ၍ တပ်မတော်နှင့် အမျိုးသား နိုင်ငံရေးတာဝန်၊ ဖွဲ့စည်းပုံ အခြခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံတော် အရေးပေါ် အခြေအနေ၊ တပ်မတော်၏ လုပ်ငန်း တာဝန်များနှင့် ပတ်သက်၍ 'ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးနဲ့ ပတ်သက်လို့ ရှိရင် ပြင်ဆင်နိုင်စရာ ရှိတဲ့အချက်တွေကို ပြင်ဆင်ဖို့အတွက် ဘာမှပြောစရာ အကြောင်းမရှိကြောင်း၊ပါတီ စုံ ဒီမိုကရေစီ စနစ် စတင်တည်ထောင်သည်မှာ လေးနှစ်အတွင်းရှိ၍ နုနယ်သေးကြောင်း၊ နိုင်ငံတော်သမိုင်းနှင့် တပ်မတော် သမိုင်း ခွဲခြား၍ မရကြောင်း၊ သမိုင်း အတွေ့အကြုံများအရ ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားချိန်တွင် သွားသည့်စနစ်သည် ခိုင် မာရန် လိုကြောင်း၊ လွှတ်တော်တွင် လုပ်စရာ အခန်းကဏ္ဍ အများကြီးရှိကြောင်း၊ အားဖြည့် ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်က ပါဝင်ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ လိုရာဆွဲပြီး ပြင်ဆင်ချက်တွေ မကြာခဏ ထွက်နေက တည်ငြိမ်မှုကို အများကြီး ထိခိုက်သွားနိုင်ကြောင်း၊ သေချာချိန်ဆပြီးတော့မှ ပြင်လို့ရအောင် ဥပဒေကို ရေးဆွဲစဉ်က လိုအပ်တဲ့ပုဒ်မများ ထည့်ထားခြင်း ဖြစ်ကြောင်း၊ ပြင်သင့်သည့် အချိန်အနေဖြင့် ဒီမိုကရေစီ အတွေ့အကြုံ၊ နိုင်ငံတော် ၏ တည်ငြိမ်အေးချမ်းမှု၊ နိုင်ငံတော်၏ စည်းလုံးညီညွတ်မှုတို့အပေါ် မူတည်ကြောင်းတို့ဖြင့် ဖြေကြားခဲ့မှုများ ရှိခဲ့ပါတယ်။

ယခု ဆွေးနွေးမည့် ပုဒ်မ ၅၉(ဃ)ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း ဆွေးနွေးကြမှာဖြစ်ပါ တယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကာကွယ်ရေးဆိုသည့် စာသား ပြင်ဆင်လိုခြင်းအတွက် ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်။
နိုင်ငံတော် အကြီးအကဲဖြစ်သည့် သမ္မတက လုပ်ပိုင်ခွင့် အပြည့်အဝရှိသည့် နိုင်ငံတော် အကြီးအကဲဖြစ်ပြီး ဒုတိယ သမ္မတများ ဟာလဲ နိုင်ငံတော်သမ္မတအား တာဝန်ခံရပါတယ်။ နိုင်ငံ့ ဦးသျှောင်အဖြစ် ဆောင်ရွက်မည့်သူနှင့် ၄င်း၏ မိသားစုများသည် တိုင်းတစ်ပါး၏ ကျေးဇူးသစ္စာ ခံနေရသူများ ဖြစ်ပါက တိုင်းပြည်သည်လည်း သွယ်ဝိုက်သော နည်းဖြင့် နိုင်ငံခြား၏ လက် အောက်ခံ ဖြစ်သွားမည် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အကြီးအကဲအဖြစ် လည်းကောင်း၊ အမျိုးသားခေါင်းဆောင် အဖြစ် လည်းကောင်း၊ အမျိုးသား အကျိုးစီးပွားကို ဦးလည်မသုန် ဆောင်ရွက်မယ့် ပုဂ္ဂိုလ် ဖြစ်ရပါမယ်။ ၄င်းအပြင် တိုင်းရင်းသား ပြည်သူလူထုကြီး၏ သံသယကင်းစွာဖြင့် ယုံကြည်ကိုးစားမှု ရရှိပြီး စီမံအုပ်ချုပ်နိုင်ရန် အထူး လိုအပ်ပါတယ်။ နိုင်ငံခြားသား များ နှင့် တစ်နည်းတစ်ဖုံ မပတ်သက်တဲ့၊ လုံးဝကင်းရှင်းတဲ့ သူဖြစ်မှသာလျှင် စီမံခန့်ခွဲမှုအပိုင်း၌ သံသယကင်းရှင်းပြီး ယုံကြည် ကိုးစားမှု အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။ အဲဒီလို အပြည့်အဝ ရရှိစေရန် နိုင်ငံတော်သမ္မတ သာမက မိသားစုဝင်များ ဖြစ် သော ဇနီးသည်နှင့် သားသမီးများ၊ ၄င်းတို့၏ဇနီး လင်သားများပါ သတ်မှတ် အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ဖို့လိုပါတယ်။ ယခုတင်ပြ ဆွေးနွေးခဲ့သည့် ပုဒ်မတစ်ခု ပုဒ်မခွဲနှစ်ခု အနက် ပုဒ်မ၅၉(ဃ)အား ထောက်ခံပါကြောင်းနှင့် ပုဒ်မ ၅၉(စ)ကို မူလ အတိုင်း ထားရှိပြီး ပြင်ဆင်ရန် မထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်။


ဦးဖုန်းမြင့်အောင် (ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၃)



ကျွန်တော်တို့က နိုင်ငံတော်သမ္မတ နေရာမှာ ရွေးကောက်ခံမှ မဟုတ်ဘူး။ ရွေးကောက်ခံ မဟုတ်တာလဲ သမ္မတနေရာ ပေးရ မယ်ဆိုတဲ့ ဥပဒေကျယ်ပြန့်မှု သဘောကို ကျွန်တော်တို့က ရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ရှေ့တစ်မျိုး၊ နောက်တစ်မျိုး၊ သူ့ဘက်မှာ တစ်မျိုး၊ ကိုယ့်ဘက်မှာ တစ်မျိုး လုပ်လို့မရပါဘူး။ ဒါ့ကြောင့် လက်ရှိ ပုဒ်မ ၆ဝ ဟာဆိုလို့ ရှိရင် ဒီရွေးကောက်ခံ ဖြစ်သူ အတွက်ရော၊ မဖြစ်သူ အတွက်ရော သမ္မတနေရာ လမ်းဖွင့်ထားတဲ့အတွက်၊ လက်ရှိ အနေအထားကလည်း ကောင်းနေ တဲ့ အတွက် ပြင်ဖို့မလိုကြောင်း ဆက်လက် တင်ပြလိုပါတယ်။

ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တပ်မတော် တစ်ခုကသာ အာမခံတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးဟာ ဒီဥပဒေကို ဘယ်သူမှ အသိအမှတ် မပြုပါဘူး။ ဒါကိုသိရဲ့သားနဲ့ နိုင်ငံတော် သမ္မတကြီးက တခြား လက်နက်ကိုင် အဖွဲ့အစည်း တွေကို ငြိမ်းချမ်းရေး တည်ဆောက်နေရတာပါ။ အလွန်ခက်ခဲတဲ့ အလုပ်ဆိုတာ၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ လူ တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ အလွန်ခက်ခဲတာ သိပါတယ်။ တပ်မတော်အနေနဲ့ကတော့ လိုအပ်တဲ့ စစ်ဘက်ရေး ရာ အနေနဲ့ လုံခြုံရေး၊ ကာကွယ်မှုတွေ လုပ်မှာပါပဲ။ သူ ပေးထားတဲ့တုတ်နဲ့ သူ့ကို ပြန်အရိုက်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့် ၄၃ ၆ ပြင်ဆင်ရေးဟာ ဆိုလို့ရှိရင် သူ့ဘက်က အဆင်သင့် မဖြစ်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ပြင်လို့မရတာကို ဒါသူ့ရဲ့ အနေအ ထားနဲ့ လက်နက်ကိုင်ရဲ့ အနေအထားတွေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် အနေအထားတွေကို ကျွန်တော်တို့ နားလည်ရမှာ ဖြစ် ပါတယ်။

၅၉(စ)နဲ့ ပတ်သက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှေ့မီနောက်မီရှိတဲ့ ကျွန်တော့် ဦးကြီး၊ ဘကြီးတွေ ပြောတာက မြန်မာ နိုင်ငံဟာ ကွန်မြူနစ်ကို ရှမ်းအရှေ့မြောက်မှာ အသည်းအသန် တိုက်နေတဲ့ အချိန်မှာ ပီကင်းရေဒီယိုက ဥပဒေကို နာမည်တပ် ပြီး ဆဲပါတယ်။ ဖက်ဆစ်ဆန်သော နေဝင်းအစိုးရ ဆိုပြီးတော့၊ ပြောမယ်ဆိုလို့ ရှိရင် တရုတ် အင်အားကြီးဟာ ဒီကွန်မြူနစ်ကို ဗမာနဲ့ အစိုးရနဲ့၊ ဗမာတပ်နဲ့ ကွန်မြူနစ် တိုက်တဲ့အခါမှာ နိုင်ငံတော် အကြီးအကဲကို By name တပ်ပြီး ဆဲတာပါ။ ပြောရမယ် ဆိုရင် မသိမသာ စွက်ဖက်တာ မဟုတ်ပါဘူး။ ဒီကျွန်တော်တို့ KNU မှာ ပြည်ပက စွက်ဖက်တာ မသိမသာ စွက်ဖက်ပေမယ့် ကျွန်တော်တို့ ဒီကွန်မြူနစ် တိုက်ပွဲတွေမှာ ပြည်ပက အတိအလင်း စွက်ဖက်တာ ရှိပါတယ်။ပြည်တွင်း စစ်ကြီးကိုတော့၊ ပြည်ပ နယ်ခြားတွေမှာရှိတဲ့ ပြည်တွင်းစစ်ကလဲ နိုင်ငံခြား သြဇာတွေ ရှိပါတယ်။ ဒီစနစ်တွေကြောင့် တပ်မတော် အဖွဲ့အစည်းဟာ နိုင်ငံခြားသားနဲ့ ပတ်သက်လို့ Fiber ရှိတာလဲ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့် ၅၉(စ)ကို သူတို့ဘက်က မပြင်ဘူး ဆိုလို့ ရှိရင်လဲ လက်ခံပေးဖို့ ကျွန်တော် တင်ပြလိုပါတယ်။


ဦးကျွန်ခဲန်း (ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်-၁)


ကျွန်တော် တင်ပြလိုတာကတော့၂ဝဝ၈ အခြေခံ ဖွဲ့စည်းပုံဥပဒေဟာ ကျွန်တော်တို့ တပ်မတော်အစိုးရ လက်ထက်ကနေ ပြင် ဆင်ရေးဆွဲတဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲဒီ တပ်မတော် အစိုးရလက်ထက်မှာ ရေးဆွဲတဲ့ဥစ္စာ ဖြစ်တဲ့အတွက်ကြောင့်၊ ကဏ္ဍစုံ၊ အ လုံးစုံက နေပြီးတော့မှ ပညာရှင် ပေါင်းစုံများကနေ ရေးဆွဲတဲ့ ဥပဒေ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို အင်ဆင်ဒါအဖြစ် တာ ဝန် ခန့်အပ်ထားတာ၊ တပ်မတော် ထားရှိရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီအခြေခံ ဥပဒေဟာ တပ်မတော်တပ်သားတွေ တပ် မတော်ရဲ့ လက်စွဲဥပဒေလို့ပဲ ကျွန်တော် ဆိုချင်ပါတယ်။ အဲဒီ့မှာ တပ်မတော်သားများရဲ့အကြီးအကဲဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်တဲ့အတွက်ကြောင့် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မူပိုင်လို့ပဲ ကျွန်တော်ခံယူပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့ ဒီအက္ခရာဖြစ်တဲ့ ဒီပုဒ်မ ၄၃၆(က)ကို ပြင်ဆင်လိုတဲ့အခါမှာ ကျွန်တော်တို့ ဒီအခြေခံဥပဒေ မူပိုင်ဖြစ်တဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီမှာသွားပြီးမှ ကျွန်တော်တို့  အဲ့လို အခြေအနေ ဖြစ်နေတယ်။ ကျွန်တော်တို့ မူဆွဲ ထားတဲ့ ဥပဒေဟာ ကျွန်တော်တို့ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ နည်းနည်း မစပ်ဟပ်ဘူးဆိုပြီးတော့မှ ကျွန် တော်တို့ လေ့လာခိုင်းလို့ရှိရင် ကျွန်တော်တို့ကနေ ပြီးတော့မှ သူ့မေတ္တာ၊ စေတနာ နှုတ်ထွက်စကားကို ကျွန်တော်တို့ခံယူပြီးမှ ဒီဟာတွေကို ပြုပြင်လို့ရှိရင် ကျွန်တော်တို့အားလုံးကို ပြင်ဆင်လို့ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒါကြောင့် ဒီပုဒ်မ ၄၃၆ (က) ကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ရာအတွက် အားလုံးကနေ ဝိုင်းဝန်းပြီးမှ ကြိုးပမ်းကြပါစို့ဆိုပြီး တိုက် တွန်းရင်း နိဂုံးချုပ်ပါတယ်။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...