Tuesday, June 16, 2015

ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ - ၃ နှင့်စပ်လျဉ်း၍


ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ - ၃ နှင့်စပ်လျဉ်း၍


ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ - ၃ တွင် စည်းကမ်းသတ်ကာလ ကုန်ဆုံးပြီးမှ စွဲဆိုသည့် တရားမကြီးမှု ၊ တင်သွင်းသည့် အယူခံမှု နှင့် လျှောက်ထားမှုတို့ကို ကာလစည်းကမ်းသတ်ကို အကြောင်းပြု၍ ချေပခြင်းပင် မပြုသော်လည်း ပလပ်ရမည်။ ဟုပြဌာန်းထားပါသည်။
အဆိုပါပုဒ်မ - ၃ အရ ကာလစည်းကမ်းသတ်ကျော်နေရင် တရားပြိုင်က ထုချေခြင်းမရှိသော်လည်း dismiss လုပ်ရမည်ဖြစ်ပါသည်။
------

ပုဒ်မ - ၃အား ခြွင်းချက် ပြုသည့် စီရင်ထုံး နှစ်ခု

အထက်ပုဒ်မ - ၃တွင် ချေပခြင်းမပြုသော်လည်း ပလပ်ရမည်ဟု အတိအလင်းပြဌာန်းသော်လည်း
အောက်ပါစီရင်ထုံး နှစ်ခုတွင် ပုဒ်မ- ၃ကို အောက်ပါအတိုင်းခြွင်းချက်ပြုပါသည်။
အမ်အက်စ်ချစ်တီးယားဖမ်း နှင့် အက်စ်စီးဘိုလတ် (ရန်ကုန်၊ အတွဲ -၁၃၊ စာ ၄၃) တွင်
တရားမမှုတစ်မှုသည် ကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်း အဆိုလွှာတွင် ပေါ်လွင်နေလျှင် တရားပြိုင်က တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ၊ ယင်းအချက်ကို တရားရုံးကစဉ်းစားဆုံးဖြတ်ရမည်။
ကာလစည်းကမ်းသတ်ပြသနာသည် အကြောင်းခြင်းရာနှင့်စပ်လျဉ်းသည့် အဆုံးအဖြတ်ပေါ် တည်နေလျှင်ဖြစ်စေ၊ လိုအပ်သည့် အချက်အလက်များကို သက်သေထင်ရှားပြမထားလျှင်ဖြစ် စေ၊ တရားပြိုင်က တင်ပြခြင်းမပြုလျှင်ဖြစ်စေ၊ စွန့်လွှတ်လျှင်ဖြစ်စေ၊ တရားရုံးက ဆုံးဖြတ်ခြင်းမပြုနိုင်။
ဟုထုံးဖွဲ့သည်။

ထို့ပြင် လွှဲအပ်ပစ္စည်းထိန်းဝန် နှင့် မစ္စစ်ရေဘမ်း နှင့် အခြားသူများ (၁၉၄၀၊ ရန်ကုန် ၂၇၃) တွင်လည်း
တရားရုံးရှေ့ရှိ ၀န်ခံထားသော သို့မဟုတ် သက်သေထင်ရှားပြပြီးဖြစ်သော အကြောင်းခြင်းရာများ အရ အဆုံးအဖြတ်ပေးနိုင်သည့် ဥပဒေဆိုင်ရာပြသနာသက်သက်ဖြစ်လျှင် တရားရုံးသည် ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ ၃ အရ မိမိသဘောဆန္ဒအလျောက် ကာလစည်းကမ်းသတ် ပြသနာကို ဖော်ထုတ် အဆုံးအဖြတ်ပေးရန် တာဝန်ရှိသည်။

တစ်ဘက်တွင် ယင်းပြသနာသည် အဆိုလွှာအရ ထင်ရှားပေါ်လွင်ခြင်းမရှိဘဲ အကြောင်းခြင်းရာ ပြသနာအပေါ်တည်လျှင် တရားပြိုင်သည် မိမိချေလွှာ၌ တရားမကျင့်ထုံးဥပဒေ အမိန့် ၈၊ နည်း၂ အရ တင်ပြရန်တာဝန်ရှိသည်။ ထိုသို့တင်ပြရန်ပျက်ကွက်လျှင် ယင်းပြသနာကို တင်ပြခွင့်ပေးသင့် မပေးသင့် တရားရုံးက ဆင်ခြင်တုံတရားအရ စဉ်းစားရန်ဖြစ်သည်။
ဟုလမ်းညွှန်သည်။
-----

အဆိုလွှာကိုဖတ်ကြည့်ရင် ကာလစည်းကမ်းသတ်ကျော်ကြောင်းသိတာနဲ့ တရားရုံးမှာ ဖော်ထုတ် ဆုံးဖြတ်ဖို့ တာဝန်ရှိပါတယ်။
သို့သော် အဆိုလွှာမှာ ထိမ်ချန်ပြီး ရေးတတ်ပါတယ်။
ကာလစည်း ကမ်းသတ်ပြသနာကို အဆိုလွှာတွင် မပေါ်ပေါက်သော အကြောင်းခြင်းရာများအရ ဆုံးဖြတ်ရန် ဖြစ်လျှင် တရားပြိုင်သည် ထိုပြသနာကို အမိန့် - ၈ ၊ နည်း - ၂အရ ထုချေရန်တာဝန် ရှိသည်။
ထုချေခြင်းမပြုလျှင် ထိုပြသနာကို တရားရုံးက မိမိသဘောအတိုင်းခွင့်ပြုနိုင်သည်။

ဦးမြ (တရ၀ အရည်သွေးမြင့်သင်တန်းပို့ချချက်များ စာ - ၇၁)

-----

တရားပြိုင်က မထုချေသည့် ကိစ္စတွင် တရားရုံးက ခွင့်ပြုသင်မသင့် မှာ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရုံးရှေ့ စစ်ဆေးရာတွင် တရားလိုက ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းကိစ္စကို ၀န်ခံခဲ့လျှင် တရားပြိုင်က ထုချေချေ မချေချေ ပလပ်ရန်ဖြစ်ပါသည်။
အကယ်၍ တရားလိုက ၀န်ခံခြင်းမရှိဘဲ ကာလစည်းကမ်းသတ်ကျော်တယ် မကျော်ဘူး နှစ်ဖက် ငြင်းခုံနေသည့်အနေအထားတွင် တရားရုံးက ခွင်ပြုရန်သင့်မည်မဟုတ်ပါ။
(၁၉၄၀၊ ရန်ကုန် ၂၇၃) အရ တရားရုံးက မိမိသဘောအတိုင်းဆုံးဖြတ်ရန်သာဖြစ်ပါတယ်။
ငြင်းချက်ထုတ်ပြီး စစ်ခဲ့တဲ့ကိစ္စမဟုတ်သည့်အတွက် တရားရုံးက ဒီပြသနာကို ထုချေခွင့်မပေးတော့ဘူးဆိုပြီး ငြင်းနိုင်ပါတယ်။

(ရည်ညွှန်း --- ဦးမြ ၊ တရ၀ အရည်သွေးမြင့်သင်တန်းပို့ချချက်များ စာ - ၇၂)

--------

တရားပြိုင်က မထုချေ၍ ကာလစည်းကမ်းသတ် နှင့်ပတ်သက်ပြီး ငြင်းချက်မရှိသည့် အနေအထားတွင် ကာလစည်းကမ်းသတ် ပြသနာကို ဖြေဆိုရမည့်ငြင်းချက်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တရားလိုသည် မည်သည့်သက်သာခွင့် ရထိုက်သနည်း ဆိုသည့် နောက်ဆုံးငြင်းချက်တွင် ဖြေဆိုရန်ဖြစ်ပါသည်။


(ရည်ညွှန်း --- ဦးမြ ၊ တရ၀ အရည်သွေးမြင့်သင်တန်းပို့ချချက်များ စာ - ၇၁၊ ၇၂)



လေးစားစွာဖြင့် ။

TUN MYO HTAY



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...