Thursday, June 25, 2015

ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်ဆင်ရေး လွှတ်​​တော်​ကိုယ်စားလှယ်(၁၅)ဦး၏ ဆွေးနွေးချက်များ


အ​ခြေခံဥပ​ဒေပြင်ဆင်ရေး လွှတ်​​တော်​ကိုယ်စားလှယ်(၁၅)ဦး၏ ဆွေးနွေးချက်များ




သူရ ဦးအေးမြင့် ၀က်လက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ပုဒ်မ ၅၉(စ)မှာ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများရဲ့ အရည်အချင်း များနဲ့ပတ်သက် ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူ များမဖြစ်စေရဟူ၍ ပြဋ္ဌာန်းထားပါတယ်။ တရားဝင်သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းဆိုတဲ့ သတ်မှတ်ချက်မှာ တင်းကျပ်လွန်းပြီး တရားဝင်သားသမီးတစ်ဦးဦးမှာတော့ မြန်မာ့ဓလေ့ထုံးတမ်းအရ ကာယကံရှင်နှင့် နီးကပ်ဆက်ဆံမှုရှိတဲ့အတွက် တရားဝင်သားသမီးတစ်ဦးဦးအထိသာ သတ်မှတ်ပြဋ္ဌာန်း သင့်ပါကြောင်း တင်ပြအပ်ပါတယ်။

ဆက်လက်ပြီး အခန်း(၃) ပုဒ်မ၆၀(ဂ)နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြပါမယ်။ မူလပြဋ္ဌာန်းချက်မှာ ယင်းအစုတစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်လို့ ဖော်ပြထား ပါတယ်။ ၎င်းကို ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို ပြည်ထောင်စုလွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမည်ဟူ၍ ပြင်ဆင် လိုကြောင်းတင်ပြအပ်ပါတယ်။ ကျိုးကြောင်းဖော်ပြချက်အနေနဲ့ နိုင်ငံကိုဦးဆောင်မယ့် သမ္မတ၊ ဒုတိယ သမ္မတများသည် ပြည်သူရွေးချယ်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှသာ ဖြစ်သင့်သည့် အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ နဲ့ ပုဒ်မ ၁၅၂ ပါအရည်အချင်း ပြဋ္ဌာန်းချက်များကို ပွင့်လင်း မြင်သာစွာအခြေခံပြီး ပုဒ်မ ၁၂၁ အရ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသည့်ကိစ္စရပ်များနဲ့လည်း ငြိစွန်းသူမဟုတ်ကြောင်း ထင်ရှားစေလို၍ ဖြစ်ပါတယ်။

အခန်း(၁၁) ပုဒ်မ ၄၁၈(ခ)နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြပါ့မယ်။ အဆိုပါ ပြဋ္ဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဟူသောစကားရပ်ကို သုံးစွဲ ထားခြင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအားလုံးရဲ့ ဥပဓိရုပ်နဲ့ အနှစ်သာရကို သေးသိမ် စေတယ်လို့ ယူဆနိုင်စရာရှိပါတယ်။ ဒါ့ကြောင့်လည်း ထူးခြားသောအခြေအနေကို ဖြေရှင်းနိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုချွင်းချက်ပြုပြီးဆိုတဲ့ စကားရပ်ဟာ အခြေအနေအချိန်အခါအရသာ ချွင်းချက်ပြု ရခြင်းဖြစ်တဲ့အပြင် အနှစ်သာရကိုလည်း မထိခိုက်စေနိုင်သဖြင့် ပြင်ဆင်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။

အခန်း(၁၂) ပုဒ်မ ၄၃၆(က)
အဆိုပါ ပြဋ္ဌာန်းချက်မှာ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟူ၍ ဖော်ပြထားပါတယ်။ ၇၅ ရာခိုင်နှုန်းကျော်ဟူ၍ သတ်မှတ်ထားခြင်းမှာ တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံး ၁ ဦးပါဝင်မှသာ ပြင်ဆင်နိုင်မယ့်သဘောဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန်မှာ မဖြစ်နိုင်တဲ့ အခြေအနေရှိနေ၍ ခက်ခဲတင်းကျပ်လွန်းတယ်လို့ ယူဆရပါတယ်။ သို့ဖြစ်ပါ၍ ၇၀ ရာခိုင်နှုန်းအောက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ဟူ၍ ပြင်ဆင်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။ ဒါ့အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရှိရန် အလွန်ခက်ခဲ ပါသဖြင့် ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဟူ၍ ပြင်ဆင်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။ အလားတူ ပုဒ်မ ၄၃၆(ခ)မှာလည်း လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်အစား လွှတ်တော် ကိုယ်စားလှယ် ၇၀ ရာခိုင်နှုန်းအောက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များဟူ၍ ပြင်ဆင်သင့် ပါကြောင်း တင်ပြအပ်ပါတယ်။

ဦးဝင်းမြင့်(ပုသိမ်မဲဆန္ဒနယ်၊ ဧရာဝတီတိုင်းဒေသကြီး)

ကျွန်တော့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးကို သဘောတူပါတယ်။ ဒါပေမယ့် ပြောင်းလဲပုံပြောင်းလဲနည်းနဲ့ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားနဲ့ ကွဲလွဲ နေပါတယ်ဆိုတာကို ဦးစွာ လေးစားစွာတင်ပြအပ်ပါတယ်။

ပုဒ်မ ၅၉(စ)
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄(က)တွင် မိမိကိုယ်တိုင်နှင့် မိမိ၏မိဘနှစ်ပါးသည် နိုင်ငံတော် အတွင်း မွေးဖွားသော နိုင်ငံသားဖြစ်ပြီး ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့် အရည်အချင်းနှင့်ပြည့်စုံလျှင် နိုင်ငံတော်သမ္မတရာထူးအတွက် ရွေးကောက်တင်မြှောက်ခံနိုင်ခွင့်ရှိကြောင်း အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၆၄ မှာ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်ကောင်စီကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမည်လို့ ပြဋ္ဌာန်းထားတယ်။ ပုဒ်မ ၆၅ မှာ နိုင်ငံတော် ကောင်စီဝင်များသည် မိမိတို့ထဲမှ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးကို ရွေးချယ် တင်မြှောက်ရမည်လို့ ပြဋ္ဌာန်းထားခြင်း၊ ပုဒ်မ ၆၆ မှာ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတ ဖြစ်ရမည်လို့ ပြဋ္ဌာန်းထားခြင်းတို့ကိုတွေ့ရှိရပါတယ်။ ယင်းပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းများနှင့်ပြည့်စုံလျှင် လုံလောက်ကြောင်းထင်ရှားနေပါတယ်။
ဒါကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကျင့်သုံးခဲ့တဲ့ အထက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်နဲ့စပ်လျဉ်းပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)တွင်ပါရှိသော ပြဋ္ဌာန်းချက်မျိုး လုံးဝမတွေ့ရှိရပါ။ ကျွန်တော်လေ့လာမိသမျှ ကမ္ဘာ့နိုင်ငံများရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဤကဲ့သို့ပြဋ္ဌာန်းချက်မျိုး လုံးဝမရှိပါ။ ဥပမာအားဖြင့် ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခုဖြစ်သော အမေရိကန်နိုင်ငံတွင် သမ္မတဖြစ်ရန် အနည်းဆုံး အသက် ၃၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

အမေရိကန်နိုင်ငံတွင် မွေးဖွားသူဖြစ်ရမည်။ ၁၄ နှစ်ကြာ နေထိုင်သူဖြစ်ရမည်ဆိုတဲ့ အရည် အချင်းသတ်မှတ်ချက်ပဲရှိကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ မှာလည်း သမ္မတဖြစ်ရန် အသက် ၃၅ နှစ် ပြည့်ပြီးသူဖြစ်ရမည်။ အောက်လွှတ်တော် ရွေးကောက်ပွဲ အတွက် အရည်အချင်းပြည့်သူဖြစ်ရမည်။ အစိုးရရုံးတွင်ဖြစ်စေ၊ အစိုးရလက်အောက်ခံရုံးတွင်ဖြစ်စေ တာဝန်ထမ်းဆောင်သူ မဖြစ်စေရဆိုတဲ့ အရည်အချင်းပဲသတ်မှတ်ထားကြောင့် လေ့လာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံမှာ ၂၅ ရာခိုင်နှုန်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို ပုံတူကူးယူ ထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ဖွဲ့စည်းပုံမှာဆိုရင်လည်း သမ္မတဖြစ်ရန် နိုင်ငံသားဖြစ်သူ၊ ၃၅ နှစ်ထက် မငယ်သူ၊ လာဘ်စားမှု၊ ရာဇဝတ်မှုများ မကျူးလွန်ထားသူ၊ နိုင်ငံအတွင်းနေထိုင်သူ၊ လာဘ်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ မိမိ၏ပိုင်ဆိုင်မှုများ သတင်းပို့ပြီးသူ၊ တိုင်းပြည်ကိုထိခိုက်နစ်နာစေမည့် အကြွေးမယူထားသူ၊ လွတ်လပ်ရေးကြေညာစာတမ်းကို သစ္စာစောင့်သိသူ၊ အနည်းဆုံးအခြေခံပညာ အထက်တန်းအောင်မြင် ပြီးသူ၊ သမ္မတရုံးကိုအုပ်ချုပ်ရန် အမြင်ရှိသူ စသည်ဖြင့် အသေးစိတ်ပါရှိသော်လည်း ပုဒ်မ ၅၉(စ)မှာပါတဲ့ အချက်မျိုး ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ဖက်သတ် သတ်မှတ်ထားခြင်းမျိုး မတွေ့ရပါ။

ပုဒ်မ ၄၃၆(က)မှာ ပါရှိတဲ့ပြဋ္ဌာန်းချက်ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်လို့ တင်းကျပ်စွာသတ်မှတ်ထားပါတယ်။ ဒါဟာကမ္ဘာမှာပြင်ဆင်ရန် အခက်ခဲဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အခြေအနေ၊ အချိန်အခါနဲ့အညီ ပြောင်းလဲပြင်ဆင်ရပါတယ်။ လိုအပ်လို့ အချိန်နဲ့တပြေးညီ မပြောင်းလဲ မပြင်ဆင် နိုပါပါက တိုင်းပြည်မှာ မလိုလားအပ်တဲ့ပြဿနာများ၊ ပဋိပက္ခများ၊ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတဟောင်း ရုစဘဲ့က အခြေခံဥပဒေဟူသည် ပြည်သူတို့၏ စရိုက် လက္ခဏာများ၊ လိုလားချက်ဆန္ဒများနဲ့ကိုက်ညီအောင် အစဉ်ရှင်သန်နေသောအရာဖြစ်သည်လို့ အဆိုအမိန့် ရှိပါတယ်။ ၄၃၆(က)ရဲ့ ပြဋ္ဌာန်းချက်အတိုင်းဆိုပါက ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များက ဘယ်လိုပဲ ပြင်ဆင်စေချင်ကာမူ တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံမှု မရှိပါက ဘယ်လိုမှမပြင်ဆင်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါဟာ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ ကိုက်ညီမှု မရှိကြောင်းဖြစ်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ယင်းဥပဒေကိုပြန်လည်ဖျက်ဆီးမယ့် မျိုးဥများ မပါရှိစေရဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင်များရဲ့ သုံးသပ်ချက်ကိုလည်း အထူးသတိပြုသင့် ကြပါတယ်။

ယခုပြင်ဆင်ထားတဲ့ ၇၀ ရာခိုင်နှုန်း အောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူလက်ခံခြင်းဆိုတဲ့ ပြင်ဆင် ချက်ဟာလည်း လုံလောက်မှုမရှိသေးပါ။ ဒါဟာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ မပါဘဲ ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်ချည်းဖြင့်သာ တွက်ကြည့်ရင် ၉၄ ရာခိုင်နှုန်းရမှ ပြင်ဆင်ခွင့်ရှိသလို ဖြစ်နေပါတယ်။ ဒါဆိုရင် ကျွန်တော်တို့နိုင်ငံဟာ အထက်မှာတင်ပြခဲ့တဲ့နိုင်ငံတွေထက် ဒီမိုကရေစီယဉ်ကျေးမှု ခေါင်းပါးနေပြီလား၊ ဒီမိုကရေစီရေချိန်ကျနေပြီလား၊ ဉာဏ်ရည်မမီတော့ဘူးလား စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်လို့ သတ်မှတ်ထားခြင်းဟာ တရားမျှတသလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ စံချိန်စံညွှန်းနဲ့လည်း ညီညွတ်သဖြင့် ဒါကိုတော့ ထောက်ခံပါတယ်။

လေးစားအပ်တဲ့ နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယခုကာလကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလလို့ ပြောကြပါတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့လည်း ကြွေးကြော် နေကြပါတယ်။ အမျိုးသားပြန်လည်ညီညွတ်ရေး ခိုင်မာစေရန်ဆိုပြီး နိုင်ငံရေးဦးတည်ချက်တစ်ခုလည်း ချမှတ်ထားပါတယ်။ ဒါဆိုရင် ဒီပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ခြင်း၊ ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ခြင်းမရှိသမျှ ဒီမိုကရေစီအသွင်ကူးပြောင်းရေး မဟုတ်သေးကြောင်း၊ ဒီမိုကရေစီနိုင်ငံတော် မတည်ဆောက်သေးကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုကို ဦးမတည်နိုင်သေးကြောင်းတို့ကို အလိုလိုပေါ်လွင်ပြီးသား ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်(မဲဆန္ဒနယ်အမှတ်-၁၊ ရခိုင်ပြည်နယ်)

အခန်း(၂) အမှတ်စဉ်(၂) ပုဒ်မ ၆၀(က)ပါပြင်ဆင်ပြဋ္ဌာန်းချက်ဖြစ်တဲ့ ယင်းအစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယ သမ္မတ တစ်ဦးစီကို ပြည်ထောင်စု လွှတ်တော်ရှိ ရွေးကောက် တင်မြှောက်ခြင်းခံရသည့် လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးချယ် တင်မြှောက်ရမည်ပါ ပြင်ဆင်ချက်ကို ထောက်ခံဆွေးနွေးမည် ဖြစ်ပါတယ်။ အကြောင်းက အစုအဖွဲ့တစ်ခုခုက တင်မြှောက်ခြင်းခံရတဲ့ ဒုတိယသမ္မတသည် နိုင်ငံတော် သမ္မတဖြစ်လာနိုင်၍ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယသမ္မတတိုင်းဟာ ပုဒ်မ ၁၂၀၊ ၁၅၂ မှာ ပြဋ္ဌာန်း ထားတဲ့အတိုင်း ကိုယ်စားလှယ်များရဲ့ အရည်အချင်းရှိသူဖြစ်ရန် လိုအပ်ပါတယ်။ ပုဒ်မ ၁၂၁ မှာ ပြဋ္ဌာန်း ထားတဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသောကိစ္စရပ်များနဲ့ ညှိစွန်းသူမဖြစ်ရန်လည်း လိုအပ်ပါတယ်။ အထူးသဖြင့် ပုဒ်မ ၁၂၁(ည)မှာ နိုင်ငံ့ဝန်ထမ်းမဖြစ်ဖို့လိုပါတယ်။ (ဋ)မှာ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ ပစ္စည်းစသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ရယူ သုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ မဖြစ်ဖို့လိုပါတယ်။ အဲဒီပုဒ်မခွဲနှစ်ခုမှာ ခြွင်းချက်နှစ်ခုတို့ဖြစ် ပြဋ္ဌာန်း ထားသော်လည်းပဲ မိုးကြိုးပစ်ရာကို ထန်းလျက်နဲ့ကာသလိုဖြစ်လို့ ပယ်ဖျက်သင့်တဲ့ ခြွင်းချက်များ ဖြစ်ပါတယ်။
အခြေခံဥပဒေပုဒ်မ ၅၇ မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြု သည်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲသလိုပဲ ပုဒ်မ ၅၈ မှာ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်ကို ပြဋ္ဌာန်းထား ပါတယ်။ သို့ဖြစ်ရာ ဒုတိယသမ္မတတစ်ဦးဦးသည် ပြည်ထောင်စုလွှတ်တော်၏ အမတ်နေရာ အနည်း အများရရှိမှုပေါ်မူတည်ပြီး နိုင်ငံတော်သမ္မတတစ်ဦးအဖြစ် အချိန်မရွေး ရွေးချယ်ခြင်းခံရနိုင်ပါတယ်။ နိုင်ငံတော်အထွတ်အထိပ်ပုဂ္ဂိုလ် ဖြစ်လာနိုင်သည်ဖြစ်လို့ ဒုတိယသမ္မတတိုင်းသည် ပြည်သူ့ကိုယ်စားပြုမှု ရှိရန် လိုအပ်ပါတယ်။ ပုဒ်မ ၄ အရ အချုပ်အခြာအာဏာ မူလပိုင်ရှင်များ၏ ကိုယ်စားပြုမှုရှိရန်လည်း လိုအပ်ပါတယ်။ ဒီမိုက်ရေစီအစိုးရတစ်ရပ်အတွက် အလွန်အရေးပါပါတယ်။

ပုဒ်မ ၄၃၆ (က)
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရဲ့ တန်ဖိုးဟာ အချိန်အခါအရ ပြည်သူလိုအပ်ရင်လိုအပ်တဲ့ အချိန်ကာလအတွင်းမှာ ပြုပြင်ပြောင်းလဲနိုင်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲနိုင်ခြင်းမရှိအောင် ပြဋ္ဌာန်းသတ်မှတ်ချက်များဟာ ပြည်သူကို အကျဉ်းချထားသလို ခံစားရတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၄၃၆(က)ဟာ ကျွန်တော်တို့ရဲ့ ပြုနိုင်ပြင်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ဖြစ်အောင် ကျွန်တော်တို့ ၃၁ ဦးပါကော်မတီအစည်းအဝေးမှာ အလွန့်အလွန် ကျွန်တော်တို့ ဆွေးနွေး တိုင်ပင်ငြင်းခုံပြီးမှ ကျွန်တော်တို့ တိုင်းရင်းသားများအပါအဝင် ကျွန်တော်တို့ နိုင်ငံရေးပါတီတော်တော် များများဟာ ဒီအခြေခံဥပဒေရဲ့ ပြုပြင်နိုင်မှုကို သုံးပုံနှစ်ပုံ ပြည်ထောင်စုလွှတ်တော်ဘက်က ထောက်ခံ လို့ရှိရင် ကျွန်တော်တို့ အတည်ပြုပြဋ္ဌာန်းနိုင်အောင် ကြိုးစားပြင်ဆင်ပြီးမှ တင်ပြခဲ့ကြပါတယ်။
သို့သော်လည်းပဲ အခုလက်တလောအချိန်အခါအရ ဖြစ်တည်နေတဲ့အခြေအနေကြောင့် ၇၀ ရာခိုင် နှုန်းအောက်လို့ ပြင်ဆင်ထားတဲ့အခါမှာ ကျွန်တော်တို့ဘက်ကတော့ဖြင့် သုံးပုံနှစ်ပုံနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲနိုင်တဲ့ အခြေအနေဖြစ်အောင် ဆွေးနွေးပေးဖို့ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို မေတ္တာခံလိုပါတယ်။ သို့သော်လည်းပဲ လက်ရှိအခြေအနေဟာ ၄၃၆(က)ပါပြဋ္ဌာန်းချက်ဟာ အင်မတန်တင်းကျပ်ပြီးမှ ၇၅ ရာခိုင်နှုန်းသာ လွှတ်တော်ကိုယ်စားလှယ် များအားလုံးရဲ့ ထောက်ခံချက်ရှိမှသာလျှင် လက်ရှိ ၄၃၆(က)ကို ပြုပြင်ပြောင်းလဲနိုင်ခြင်း ရှိတယ်ဆိုတဲ့ ကာလသတ်မှတ်ချက်နဲ့ နိုင်ငံရေးအကျဉ်းအကြပ်ကိုလည်းပဲ ကျွန်တော်တို့ သတိပြုကြရမယ့် ကာလ ဖြစ်တယ်ဆိုတာကို လေးစားစွာတင်ပြလိုပါတယ်။

ဒေါ်နန်းစေအွာ(ဘားအံမဲဆန္ဒနယ်၊ ကရင်ပြည်နယ်)

ပုဒ်မ ၄၃၆(က)
ဒီပုဒ်မ ၄၃၆ ကို ပြန်ကြည့်မယ်ဆိုရင် ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြီးတော့ ကြည့်ရမှာဖြစ်ပါတယ်။ ဒီဥပဒေမှာ နှစ်ခုစလုံးမှာ ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ပဲ လွှတ်တော်ထဲ ပါဝင်လာတာကို တွေ့ရှိရပါတယ်။ ထူးခြားချက် ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကတော့ ကျွန်မတို့ မြို့နယ်အသီးသီးက ရွေးချယ်တင်မြှောက် လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေပါဝင်နေတာကို တွေ့ရပါတယ်။ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေရဲ့ကိစ္စက ဒီဥပဒေကြမ်းထဲမှာ ပါဝင်ခြင်းမရှိတဲ့ အတွက် ကျွန်မမဆွေးနွေးပါဘူး။ ဒါပေမယ့် ရွေးကောက်ခံတဲ့ လွှတ်တော်အမတ်တွေအားလုံးဟာ ကျွန်မတို့ အားလုံးပေါင်းမှ ၇၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီထဲမှာမှ အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်အမတ် တွေက ရာခိုင်နှုန်းအပြည့် လွှတ်တောထဲကို အစည်းအဝေးတက်ရောက်ခွင့်မရှိကြပါဘူး။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုတယ် ဆိုရင်တော့ ကျွန်မတို့ရဲ့ ဒီမိုကရေစီကျင့်စဉ်အရ ၅၀ ရာခိုင် နှုန်းနဲ့အထက်ဆိုရင် ကျွန်မတို့ ပြင်ဆင်နိုင်ပြီလို့ ယူဆပါတယ်။ သို့သော်လည်းပဲ ကျွန်မတို့ရဲ့ နိုင်ငံ အခြေအနေအရက ဒီမိုကရေစီရဲ့သက်တမ်းက အင်မတန်မှ နုနယ်နေပါသေးတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံနှစ်ပုံ သို့မဟုတ် ၆၅ ရာခိုင်နှုန်းဆိုရင်တော့ ပြင်ဆင်ဖို့ရာ လွယ်ကူမယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ၅၁ သန်းသော ပြည်သူများရဲ့ကိုယ်စား ကျွန်မတို့ရဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထောက်ခံပေးကြပါရန် လေးစားစွာတင်ပြအပ်ပါတယ်ရှင်။

ဦးစောမော်ထွန်း(မဲဆန္ဒနယ်အမှတ်-၁၀၊ ပဲခူးတိုင်းဒေသကြီး)

ပုဒ်မ ၅၉ (ဃ)
ပုဒ်မ ၅၉ (ဃ)မူလပြဋ္ဌာန်းချက်မှာ နိုင်ငံအရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပြင်ဆင်ပြဋ္ဌာန်းချက် မှာ နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အမြင်များရှိရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းသင့်ပါတယ်။ ပြင်ဆင်ပြဋ္ဌာန်းလိုတာဟာ စစ်ရေးအမြင်ဆိုတဲ့ စကားရပ်ဟာ စစ်ပွဲများနဲ့ သက်ဆိုင်တယ်လို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ ကာကွယ်ရေးအမြင်ဆိုတဲ့ စကားရပ်ဟာ လုံခြုံရေး၊ စစ်ရေး၊ တည်ငြိမ်အေးချမ်းသာယာရေး ကိစ္စတွေနဲ့ စပ်လျဉ်းတဲ့အမြင်ဖြစ်တဲ့ အတွက် ပိုမိုပြီးကျယ်ပြန့်ပါတယ်။ နိုင်ငံတော်အခြေခံမူများအရလည်းကောင်း၊ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများရဲ့ အရည်အချင်းပြဋ္ဌာန်းချက်များအရလည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တည်ရှိနေတဲ့အတွက်ကြောင့်လည်းကောင်း ကာကွယ်ရေးဆိုတဲ့စကားရပ်ဟာ ပိုမိုဆီလျော်တဲ့အတွက် ပြင်ဆင်ပြဋ္ဌာန်းသင့်ပါတယ်။

ပုဒ်မ ၅၉(စ)
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၄၉(စ)မှာ သမ္မတရာထူးအတွက် အရည်အချင်းများကို ယင်းဥပဒေပုဒ်မ ၇၄(၁)ကပါအချက်များကို အခြေခံပြီး ပြဋ္ဌာန်းထားပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ကန့်သတ်ထားတဲ့အချက်များ မပါရှိပါ။
သို့ပါ၍ ယခုအစား ထိုးပြင်ဆင်ချက်တွင် မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း ဆိုသည့်စကားရပ်များ ဖြည့်စွက်ထားပြီး၊ ကျန်အချက် များမှာ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အတိုင်း ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းကို ပြဋ္ဌာန်းထားခြင်းမရှိပါဘူး။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာကို ရရှိတာဖြစ်တဲ့အတွက် အမျိုးသားရေးစရိုက်လက္ခဏာရှိဖို့ တစ်မျိုးသားလုံးရဲ့ စံဖြစ်ဖို့ သမ္မတရဲ့အနီးကပ်ဆုံးဖြစ်တဲ့ ဇနီး၊ ခင်ပွန်း၊ သားသမီးတွေဟာလည်း သွေးရင်းသွေးချာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားရေးလက္ခဏာတွေနဲ့ ပြည့်စုံရမှာဖြစ်ပါတယ်။ သွေးရင်းသွေးချာ မဟုတ်တဲ့ သမက်နဲ့ ချွေးမတွေကို ကန့်သတ်ချက်မှ ပယ်ဖျက်ပေးခြင်းဟာ ဆီလျော်သင့်မြတ်ကြောင်း တွေ့ရှိရပါတယ်။ ၁၉၇၃ ခုနှစ်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၁(၁)နဲ့ (၁၃)တို့မှာ ဒီပြဋ္ဌာန်းချက်မျိုးမရှိကြောင်း တွေ့ရှိရပါတယ်။

ဦးဖြိုးဇေယျာသော်(ပုဗ္ဗသီရိမဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်းမှာပါဝင်တဲ့ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(ခ)နဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေကို သဘောတူသော်လည်း ပြင်ဆင်ချက်ကွဲပြားမှုနဲ့စပ်လျဉ်းပြီး ကျွန်တော်တို့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒီပုဒ်မဟာ ခေါင်းစဉ်မှာပါဝင်တဲ့အတိုင်းဘဲ နိုင်ငံတစ်နိုင်ငံရဲ့ အရေးပေါ်အခြေအနေတွေ ဖြစ်လာခဲ့မယ်ဆိုရင် နိုင်ငံတော် သမ္မတဟာ (State of Emergency) အရေးပေါ်အခြေအနေကြေငြာပြီး နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်လိုက်ရတဲ့ အခြေအနေကို ဖော်ညွှန်းတဲ့ပုဒ်မတစ်ခု ဖြစ်ပါတယ်။

အဲ့ဒီနိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ခေတ္တခဏယာယီ လွှဲပြောင်း တာဝန်ပေးအပ် ဆောင်ရွက်နေတဲ့အချိန်မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကလွဲလို့ ဖွဲ့စည်းပုံအခြခံ ဥပဒေအရ ဖွဲ့စည်းပပေးထားတဲ့ လွှတ်တော်အပါအဝင် ကျန်အဖွဲ့စည်းဝင်အားလုံးကို တာဝန်မှရပ်စဲ လိုက်ပြီဖြစ်ကြောင်းကို ဖော်ပြထားတဲ့ ပုဒ်မဖြစ်ပါတယ်။ အဲ့ဒီလို တာဝန်မှရပ်စဲတဲ့နေရာမှာ ရေးသား ထားတဲ့ စကားစုဖြစ်တဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ” ဟူသော စကားရပ်ကို အခုဥပဒေကြမ်းထဲမှာ “ထူးခြားသောအခြေအနေကို ဖြေရှင်းနိုင်ရန်အတွက် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခြွင်းချက်ပြုပြီး”ဟု ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ အချက်အလက်တွေ၊ ပုဒ်မတွေဟာ မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူပြောပြော ခြွင်းချက် ပြုပြီးဆိုဆို ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်နေပါစေ ရှောင်လွဲလို့မရနိုင်ပါဘူး။ နိုင်ငံသားတစ်ဦးရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေရဲ့ အခေါင်အချုပ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီရပါ့မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာဆောင်ရွက်ရမယ်လို့ ဒီလိုပဲ ကျွန်တော်တို့ ယူဆ ထားပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ အရေးအကြောင်းကိစ္စတွေကိုကြုံရလာလို့ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ထိပါးအန္တရာယ်ပြုမယ့် အခြေအနေတွေ ဖြစ်ပေါ်လာတဲ့အခါမှာ အရပ်ဖက်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်မှု အာနည်းချက်တွေရှိလာပြီဆိုရင် နိုင်ငံတစ်ခုလုံးမှာသော် လည်းကောင်း၊ နိုင်ငံရဲ့အစိတ်အပိုင်း တစ်ရပ်ရပ်ကိုသော်လည်းကောင်း State of Emergency အရေးပေါ်အခြေအနေကြေငြာပြီး၊ တပ်ဖက်အနေနဲ့ In Aid to Civil Power အရပ်ဖက်အုပ်ချုပ်ရေး အား တပ်ဖက်မှ ပါဝင်ကူညီအားဖြည့်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်ကြရတာ နိုင်ငံတကာမှာလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ In Aid to Civil Power ဆိုတဲ့နေရာမှာ ပြည်ပနိုင်ငံတွေနဲ့ စစ်မက် ဖြစ်ပွားမှာ မဟုတ်ပါဘူး။ ပြည်တွင်းစစ်ပွဲတွေသော်လည်းကောင်း ပြည်တွင်းအုံကြွမှုတွေကြောင့် အရပ်ဖက် အုပ်ချုပ်ရေးမှ တာဝန်ယူထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ အခြေအနေဖြစ်ပေါ်လာတာတွေ အပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုးတွေနဲ့ ကြုံတွေ့ရတာတွေအဆုံး အမျိုးမျိုးသော အခြေအနေတွေမှာ တပ်ဖက်က အရပ်ဖက်အုပ်ချုပ်ရေးကို ပါဝင်အားဖြည့် ကူညီနေရတာ နိုင်ငံတကာမှာ ရှိခဲ့ပါတယ်။ ယခုတိုင်လည်း ရှိဆဲပါ။

သို့သော် ဒီလိုတရားဥပဒေစိုးမိုးရေး၊ နိုင်ငံတည်တံ့ခိုင်မြဲရေးနဲ့ ပြည်သူ့အသက်၊ အိုးအိမ်စည်းစိမ် ကာကွယ်ရေးတို့အတွက် တပ်ဖက်ကနေ အရပ်ဘက်ကို အားဖြည့်ကူညီရာမှ အရပ်ဘက်အုပ်ချုပ်ရေးရဲ့ စီမံခန့်ခွဲမှုအောက်မှာ လုပ်ကိုင်ဆောင်ရွက်ရမှာတွေ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အားဖြည့်ကူညီရာမှာလည်း တပ်အနေနဲ့ အကန့်အသတ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်ကြရတယ်ဆိုတာကို ပြည်ထောင်စုလွှတ်တော် နာယကကြီးအပါအဝင် တပ်မတော်အရာရှိဟောင်းတွေကော၊ တပ်မတော်သားကိုယ်စားလှယ်တွေများပါ နားလည်ယုံကြည် လက်ခံပြီးသားဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ မည်သို့သော အခြေ အနေမှာ၊ မည်သည့်လက်နက် အမျိုးအစားကို မည်မျှသော အထူးလေ့ကျင့်ပေးထားသည့် အင်အားဖြင့် အရပ်ဖက်အုပ်ချုပ်ရေးရဲ့ စီမံခန့်ခွဲမှုအောက်တွင် မည်သို့မည်ပုံ အဆင့်ဆင့်ဆောင်ရွက်ရမည်ဆိုတာ သက်ဆိုင်ရာဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်တွေအပြင် သက်ဆိုင်ရာ လက်စွဲတွေထဲမှာလည်း အတိအကျ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အတိအကျ လိုက်နာကြရတာလည်း ဖြစ်ပါတယ်။ အဲဒီလို အတိအကျပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုမှ လိုက်နာကျင့်သုံနေရတယ်ဆိုရင် နိုင်ငံ တစ်နိုင်ငံရဲ့ ဥပဒေအခေါင်အချုပ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့ပြဋ္ဌာန်းချက်တွေကို မည်သို့ပင် ဆိုစေကာမူပဲပြောပြော၊ ခြွင်းချက်ပြုပြီးပဲဆိုဆို ကျော်လွန်ဆောင်ရွက်ရန် မသင့်ဘူးလို့ ကျွန်တော်တို့ ရိုးသားစွာ လက်ခံယုံကြည်တဲ့အတွက် မူရင်းဥပဒေမှာပါဝင်တဲ့ အချက်တွေကိုသော်လည်းကောင်း ပြင်ဆင်ရန်တင်ပြထားတဲ့ အချက်တွေကိုသော်လည်းကောင်း ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပယ်ဖျက်ရန်လို့ ပြုပြင်ပြောင်းလဲစေလိုခြင်း ဖြစ်ပါတယ်။

ဦးစိုင်းဝင်းခိုင်(သိန်းနီမဲဆန္ဒနယ်၊ ရှမ်းပြည်နယ်)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးကြီးသော ဥပဒေများကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ထောက်ခံမှုမပါဘဲ ပြင်ဆင်၍ မရအောင် ရေးသားထားတယ်လို့ ယူဆမိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်း ဥပဒေကိုပင် တပ်မတော်၏ထောက်ခံမှုမရှိဘဲ ပြင်ဆင်နိုင်မည်မဟုတ်ပါ။ ၄၃၆(က) ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ပုဒ်မ ၁ မှ ၄၈ ထိ၊ ပုဒ်မ ၄၉ မှ ၅၆ ထိ၊ ပုဒ်မ ၅၆ မှ ၆၀၊ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၀၄၊ ၃၂၀၊ ပုဒ်မ ၄၁၀၊ ၄၃၂ ထိ၊ ပုဒ်မ ၄၃၆ စသည်တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပါတယ်။

ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ် ကျားဖြူပါတီမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပုဒ်မပေါင်း ၁၀၂ ချက် တင်ပြထားပြီး ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ထားတာကတော့ ၎င်းပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြင်ဆင်တင်ပြ ထားပြီးဖြစ်ပါတယ်။ ယခု ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ချက်အဆို တင်ထားတာကတော့ ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုဒ်မ ၁၊ ၄၀ မှ ၄၈ ထိ၊ ပုဒ်မ ၄၉ မှ ၅၆ ထိ၊ ပုဒ်မ ၅၉၊ ၆၀၊ ပုဒ်မ ၇၄၊ ပုဒ်မ ၁၀၉၊ ပုဒ်မ ၁၄၁၊ ပုဒ်မ ၁၆၁၊ ပုဒ်မ ၂၀၀၊ ၂၁၁၊ ပုဒ်မ ၂၄၈၊ ပုဒ်မ ၂၂၆၊ ပုဒ်မ ၂၉၃၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၃၀၅၊ ၃၀၄၊ ၃၂၀၊ ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်၏ ၇၅ ရာခိုင်နှုန်းအောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူလက်ခံ ပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြင်ဆင်ထားပါတယ်။ ဒါကြောင့် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ပြည်သူရဲ့အကျိုး စီးပွားကိုရည်သန်၍ မိမိပြင်ဆင်လိုသော၊ ပါဝင်လိုသော ပြင်ဆင်ရန်၊ လွယ်ကူရန် ဖြစ်နိုင်ခြေရှိသော ကျားဖြူပါတီ၏ တင်ပြပြင်ဆင်ချက်များနှင့် ထပ်တူမကျသော်လည်း ဥပဒေကိုပြင်ဆင်ပေးတဲ့အတွက် ကြိုဆိုပါတယ်။

ဗိုလ်မှူးချုပ်တင်စန်းနိုင်(တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော်အနေနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၆ (က)နဲ့ (ခ) တို့ကို မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ဟာ အလွယ်တကူရေးဆွဲပြဋ္ဌာန်း၍ ရကောင်းသောအရာမဟုတ်သလို အလွယ်တကူ ပြင်ဆင်ခြင်းဟာလည်း မသင့်လျော်ကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် အခြေခံဥပဒေတစ်ရပ် ရေးဆွဲ ပြဋ္ဌာန်းရာမှာ အလေးအနက်စဉ်းစားပြီး ရေရှည်တည်တံ့နိုင်စေဖို့ အလေးထား ရေးဆွဲနေကျခြင်းပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် နိုင်ငံအသီးသီးဟာ မိမိနိုင်ငံရဲ့သမိုင်းကြောင်း၊ တိုင်းပြည်တည်နေရာ၊ လူမျိုး၊ ဘာသာ စကား၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာတို့နဲ့ကိုက်ညီတဲ့ အခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းကြစမြဲဖြစ်ပါတယ်။ လက်ရှိကျင့်သုံးနေတဲ့၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း အမျိုးသား ညီလာခံစတင်ခဲ့တဲ့ ၉-၁-၁၉၉၃ ကနေ ဥပဒေရေးဆွဲပြီးစီးခဲ့တဲ့ ၃-၉-၂၀၀၇ အထိ ၁၅ နှစ်တာကာလ အတွင်းမှာ ၆ နှစ် နဲ့ ၅ လ ကြာ အချိန်ယူရေးဆွဲခဲ့ပြီးတော့ ရေးဆွဲတဲ့နေရာမှာလည်း နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ လူမူရေးနဲ့ ဥပဒေရေးရာ ရှုထောင့်မျိုးစုံက လူတန်းစားအလွှာ ၈ လွှာမှ အင်အား ၁၀၈၈ ဦးနဲ့ ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘော ထားများရယူပြီး ပြည်သူ ၉၂.၄၈ ရာခိုင်နှုန်း ထောက်ခံအတည်ပြုထားတာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ကမ္ဘာပေါ် မှာ အပြစ်ကင်းစင်ပြီး ပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ မရှိနိုင်ပါ။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း နိုင်ငံအတွက် ကောင်းတဲ့အချက်များရှိသကဲ့သို့ နိုင်ငံသားအချို့မနှစ်သက်တဲ့ အချက်များမှာလည်း ပါရှိနိုင်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်ကတည်းက နောင်မှာ အခြေခံဥပဒေကို လိုအပ်ပါက ပြင်ဆင်နိုင်ရန် နည်းနာများကို အခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်း ပေးထားခြင်းပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၅ နှစ်သက်တမ်းတစ်ခုပင် မပြည့် သေးတဲ့ ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်သက်တမ်း ၂ နှစ်ခန့်ဖြစ်တဲ့ ၂၀-၃-၂၀၁၃ ရက်နေ့ ပထမ အကြိမ်၊ ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ပြင်ဆင်ဖို့ တင်ပြလာတာကို တွေ့ရှိရ ပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာတဲ့အခါမှ အချိန်အခါ Timing ဟာ အရေးကြီးတာကို တွေ့ရှိရပြီး အချိန်အခါမသင့်တဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုမိုဖြစ်စေ နိုင်ကြောင်း တွေ့ရှိရပါတယ်။

နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံအချို့ရဲ့ အသွင်ကူးပြောင်းရေးကာလ အခြေအနေများကိုလေ့လာရာမှာ အများအားဖြင့် သွေးထွက်သံယိုမှု၊ ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ကူးပြောင်းနေကြတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဥပမာ အားဖြင့် အီဂျစ်၊ ဆီရီးယား၊ လစ်ဗျား၊ ပြင်သစ်နိုင်ငံတို့ကို လေ့လာလျှင်တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၀၀ ကျော်နေထိုင်ပြီး ဒီမိုကရေစီစနစ်ကို ညင်သာစွာကူးပြောင်း နေကြတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း အထိုက်အလျှောက် ဖွံ့ဖြိုး တိုးတက်လျက် ရှိပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်မယ့် အရိပ်အယောင်များကိုလည်း မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ပြည်သူများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့တပ်မတော်အနေနဲ့လည်း ဒီမိုကရေစီသွင်ကူးပြောင်းရေး၏ ကနေဦးအဆင့်မှာ ယာယီအားဖြင့်ပါဝင်ခြင်းဟာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေး နိုင်းမှာ ဖြစ်တဲ့အပြင် အချို့သောနိုင်ငံများမှာ အနာဂတ်ဒီမိုကရေစီပေါ်ထွန်းရေးအတွက် တပ်မတော် ကဲ့သို့ အာမခံချက်ပေးနိုင်တဲ့ အဖွဲ့အစည်းမရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်သင့်သည်ကိုသာ ပြင်ဆင်ရေး၊ မပြင်သင့်သည်ကို မပြင်နိုင်ရေးအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များရဲ့ ပါဝင်မှုရာခိုင်နှုန်းနဲ့ ထိန်းသိမ်း ဆောင်ရွက်ပေးနေခြင်းသာဖြစ်ပါတယ်။ နောင်တချိန် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု အခိုင်အမာရှိလာ ချိန်မှာ အခြေအနေအရပ်ရပ်တွေကောင်းလာတဲ့အချိန်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ အဓိကမကျကြောင်း သိရှိလာမှာ ဖြစ်ပါတယ်။လက်ရှိအခြေအနေအရ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၂)ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းရှိ ကဏ္ဍ(၈)ရပ်အတွက် ထပ်မံဖြည့်စွက်ချက် ၃၄ ချက်နဲ့ ဇယား ၅ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမှုအခွန်အခများအတွက် ထပ်မံဖြည့်စွက်ချက် (၂၀)ချက်တို့အနက် ပေးသင့်သည်များကို ပြည်ထောင်စုလွှတ်တော်ဟာ ပြည်ထောင်စုအစိုးရ၊ တပ်မတော် တို့နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးသင့်ကြောင်း တွေ့ရှိရပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကို လွယ်လင့်တကူနှင့် ခွင့်ပြုလိုက်မည် ဆိုလျှင် ထပ်တလဲလဲ ပြင်ဆင်မှုနဲ့အတူ အခြေခံဥပဒေရဲ့အနှစ်သာရ ပျက်ယွင်းစေနိုင်ပါတယ်။ ဒါ့ပြင် မူလထားရှိတဲ့ ရည်ရွယ်ချက်၊ မူဝါဒ၊ သဘောထားများ ကွဲလွဲသွားနိုင်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အမျိုးသားညီလာခံက ချမှတ်ပေးခဲ့သည့် အခြေခံမူများ၊ အသေးစိတ်အခြေခံရမည့်မူများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။
ရည်ရွယ်ချက် ကောင်းများနှင့် ရေးဆွဲထားတဲ့ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်ခြင်းမရှိတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်မသင့်ကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေနဲ့ နိုင်ငံရေးစနစ်ဟောင်းတစ်ခုမှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းလုံခြုံရေးနဲ့ အမျိုးသားအကျိုး စီးပွားအတွက် ဒီမိုကရေစီအလေ့အကျင့်များ မရင့်ကျက်သေးတဲ့အချိန် ဒီမိုကရေစီသက်တမ်းနုနယ်သေး တဲ့အချိန်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ပုဒ်မ ၄၃၆ (က)နှင့် (ခ)ပါ ရာခိုင်နှုန်းများကို ပြင်ဆင်ရန်မသင့်ဘဲ မူလအတိုင်းသာထားရှိသင့်ပါကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်(ကျောက်ပန်းတောင်းမဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး)

ပုဒ်မ ၅၉(စ)
ပြင်ဆင်ပြဋ္ဌာန်းချက်တွင် မိမိ၏တရားဝင် သား၊ သမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသောသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဆိုသောအချက်ကိုသာ ဖယ်ထုတ်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ မူလပြဋ္ဌာန်းချက် ၅၉(စ)ပါအချက်များနှင့် အနည်းငယ်သာ ကွာခြားသည့်အတွက် ပြင်ဆင်မှုမှာ မလုံလောက်ဟု ယူဆပါသည်။ မိမိတို့ NLD ပါတီ၏ ၅၉(စ) ပေါ် သဘောထားမှာ ပယ်ဖျက်ပေးပါရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအကောင်အထည်ဖော်မှု ၃၁ ဦးကော်မတီတွင် အတိအလင်း တင်သွင်းထားပြီးဖြစ်ပါတယ်။ ပယ်ဖျက်ပေးပါရန် တောင်းဆိုရခြင်းမှာ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီ၍ လည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များထားရှိ ပုဒ်မ ၃၄၈ နဲ့ဆန့်ကျင်၍ လည်းကောင်း ပယ်ဖျက်ခိုင်းခြင်းဖြစ်ပါသည်။
ထို့ပြင်သမ္မတလောင်းသည် ဤနိုင်ငံတွင်မွေးဖွားခဲ့သော နိုင်ငံသားဖြစ်ရမည်ဟူသော ပြဋ္ဌာန်းချက် များကို အခြားနိုင်ငံများတွင် တွေရတတ်ပါသည်။ သို့သော် မိသားစုက နိုင်ငံသားဖြစ်ရမည်ဟူသော ပြဋ္ဌာန်းချက်မျိုး မည်သည့်နိုင်ငံတွင်မှ ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက် စံတန်ဖိုးတစ်ရပ်လို့ ပြောရမှာ ခက်ပါတယ်။ ထို့ပြင် မိသားစုနိုင်ငံသားဖြစ်ရမည်ဟူသော တန်ဖိုးထားမှုမျိုးကိုလည်း အုပ်ချုပ်မင်း လုပ်ခဲ့ကြတဲ့ ပြဋ္ဌာန်းထားတဲ့ မြန်မာ့သမိုင်းစာအုပ်များထဲမှာလည်း ကျွန်တော်မတွေ့ခဲ့ဖူးပါဘူး။ ဒါကြောင့် ၅၉(စ)ဟာ မြန်မာရဲ့လူမှုစံတန်ဖိုးမဟုတ်ပါဘူးခင်ဗျာ။

ကိုယ်စားလှယ်ကြီးတစ်ဦးက ဒီကန့်သတ်ချက်တွေက ၁၉၄၇ ခုနှစ်မှာ ပါပါတယ်လို့ ပြောပါတယ်။ မဟုတ်ပါဘူးခင်ဗျာ။ မပါရှိပါဘူး။ ကိုယ်စားလှယ်တစ်ဦးဖြစ်ခွင့်ရှိတဲ့ အရည်အချင်းတွေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်ဖြစ်ခွင့်ရှိပြီးတော့မှ သမ္မတလောင်းဖြစ်ခွင့်မရှိဘူးဆိုရင် ကိုယ်စားလှယ်တွေကို ခွဲခြားဆက်ဆံသလို ဖြစ်သွားမယ်ဆိုတာ သတိချက်သင့်ပါတယ်။ ဒါဆိုလို့ရှိရင် မိသားစုများ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့နောက်ကွယ်မှာ ဘာစိုးရိမ်ချက်ရှိနေလဲ။ ဒီစိုးရိမ်ချက်ကို ကျွန်တော်တို့ စဉ်းစားဖို့လိုပါတယ်။ ဒုတိယသမ္မတများ၏ မိသားစုနိုင်ငံသားဖြစ်ရန် လိုအပ်ချက်မှာ လုံခြုံရေး အကြောင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမယ့် သမ္မတလို နိုင်ငံတော်အကြီးအကဲတစ်ယောက်မှာ လျှို့ဝှက်ချက် များသိနေနိုင်ပါတယ်။ ဒါပေမယ့်သမ္မတတစ်ဦးတည်းသိတာလား။ လုံခြုံရေးနဲ့ပတ်သက်တဲ့ တာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်းသိနိုင်တာပဲ။ ဒါဆိုရင် လုံခြုံရေးဌာနမှာထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ် တွေကျတော့ ဒီလိုဥပဒေမျိုးဘာလို့ ပြဋ္ဌာန်းမထားတာလဲ။ ဒီတစ်ချက်ကျွန်တော်တို့ စဉ်းစားဖို့ကောင်း ပါတယ်။ မြန်မာဓလေ့ထုံးတမ်းအရဆိုရင် သားသမီးဟာ ၁၈ နှစ်မှာ အရွယ်ရောက်ပါတယ်။ နိုင်ငံတကာ မှာလည်း ဒီအတိုင်းပါဘဲ။ အဲဒီတော့ သားသမီးဟာ အဲဒီ့အချိန်မှာ မိဘနဲ့လွတ်မြောက်သွားပြီဖြစ်တဲ့ အတွက် မိဘအုပ်ထိန်းသူအောက်က လွတ်မြောက်သွားပြီး မိဘနဲ့လုံးဝမသက်ဆိုင်တော့ပါ။ ဒီလို အခြေ အနေမှာ သား၊ သမီး၊ ဇနီး၊ ခင်ပွန်း နိုင်ငံသားဖြစ်ရမည်ဆိုတဲ့ အချက်များဟာ သမ္မတလောင်း အရည် အချင်းထဲမှာ တည့်သွင်းထားခြင်းဟာ မသင့်လျော်ပါဘူး။

ပုဒ်မ ၄၃၆(က)
ကျွန်တော်ဟာ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ခံကိုယ်စားလှယ်ပါ။ ကျွန်တော် လွှတ်တော်မတတ်ရပါဘူး။ ကျွန်တော်အဖမ်းခံရပါတယ်။ ၁၉ နှစ်ခွဲ နေခဲ့ရပါတယ်။ ကျွန်တော်တို့ တက်ချင်ပါတယ်။ ကျွန်တော်တို့မူကိုက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကျွန်တော်တို့ ဦးထိပ် ထားတာပါ။ ဗိုလ်ချုပ်ကြီးခင်ညွန့်ထုတ်ခဲ့တဲ့ အမိန့် ၁ အမှတ် ၉၀ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရေးဆွဲရပါမယ်ဆိုတဲ့ ပြဋ္ဌာန်းထားချက်ဖြစ်ပါတယ်။ အဲဒီတော့ ညီလာခံကြီးကျင်းပတဲ့အခါ တကယ်တမ်းကျတော့ အလွှာ ၈ လွှာပါပေမယ့် ဆိုပေမယ့် ဘယ်လို ရွေးတယ်ဆိုတာ ပွင့်လင်းမြင်သာစွာ မသိခဲ့ရဘူး။ လွှတ်တော်ကိုယ်စားလှယ်လည်း အနည်းငယ်သာ ပါပါတယ်။ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းနဲ့မညီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒါတွေပြင်ပေးဖို့ ညီလာခံမှာတင်သွင်းသော်လည်း မရခဲ့ပါဘူး။ ဒီဟာတွေပြင်ပေးရင်အမျိုးသားညီလာခံတက်ပါမယ်လို့လည်း စာတွေတင်ခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ တက်ခွင့်မရဘူး။ ဖယ်ထုတ်ခံရတယ်။
အဲဒီတော့နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ရေးဆွဲတဲ့အခါမှာ ကိုယ်စားလှယ် ၁၃ ဦးပဲ ပါတယ်လို့ ကျွန်တော်ကြားသိရပါတယ်။ ဒါတွေဟာ ကျွန်တော်ထောင်ထဲကနေ သိရတဲ့အချက်အလက် တွေပါ။ အဲတော့ အခုဟာက ပြင်ဆင်ချိန်တန်နေပြီ။ ကျွန်တော်တို့ရဲ့ ရွေးကောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အဟန့်အတားဖြစ်နေပါတယ်။ အကန့်အသတ်ဖြစ်နေပါတယ် ဆိုပြီးတော့ တင်ထားတာပါ။ ပြင်ချိန်တန် ပါပြီ။ ပြည်သူ ၅ သန်း လက်မှတ်ထိုးထားပါတယ်။ အဲတော့ ကျွန်တော်တို့ ပြင်ချိန်တန်လို့ ပြင်ဖို့ကောင်း တယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ အလေးအနက်သုံးသပ် ဆွေးနွေးပေးကြပါ။

ဦးဇော်မြင့်ဖေ(မဲဆန္ဒနယ်အမှတ်-၅၊ မန္တလေးတိုင်းဒေသကြီး)

ပုဒ်မ ၆၀ ပုဒ်မခွဲ(ဂ)
ဒါဟာ သမ္မတရွေးချယ်တင်မြှောက်ရေး အစုအဖွဲ့တွေကနေပြီးတော့ ဒုတိယသမ္မတ တစ်ဦးစီကို ရွေးချယ်တဲ့ နေရာမှာ လက်ရှိပြဋ္ဌာန်းချက်ဟာ လွှတ်တော်ကိုယ်စားလှယ်ထဲမှဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်အစား ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမယ်ဆိုပြီးတော့ အစားထိုးပြင်ဆင်ဖို့အတွက် အဆိုပြုချက်ကို ကျွန်တော် ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၇ မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။ ပုဒ်မ ၅၈ မှာ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွဋ် အထိပ်နေရာရရှိသည်။ ပုဒ်မ ၁၆ မှာ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေရှိပါတယ်။ ဒီပြဋ္ဌာန်းချက်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတဟာ Ceremonial Post အခမ်းအနားဝင်၊ ပွဲဝင် Post မျိုးမဟုတ်ဘဲ အုပ်ချုပ်မှုဆိုင်ရာလုပ်ပိုင်ခွင့်၊ အမိန့်ထုတ်ပိုင်ခွင့်၊ ဘဏ္ဍာငွေကြေး စီမံခန့်ခွဲသင့်သလို အပ်နှင်းထားရတဲ့ သမ္မတကြီးဖြစ်ပါတယ်။
ကျွန်တော်တို့ သမ္မတကိုတော့ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၂၀၃ မှာ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံ ရမည်။

 ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်ဟု ပြဋ္ဌားထားပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ သမ္မတကို ရွေးချယ်ပေးထားတာဟာ Source of Power အရ လွှတ်တော်ကပဲ ရွေးချယ်တာဖြစ်ပါတယ်။ လွှတ်တော်ကလည်းပဲ ပြည်သူတွေ တိုက်ရိုက်ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့အတွက် နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတ၊ ထို့အပြင် ဒုတိယသမ္မတများကို အပြင်မှပုဂ္ဂိုလ်များကိုမရွေးဘဲ လူထုကတင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များထဲမှ ရွေးချယ်ခြင်းဟာ လူထုကိုယ်စားပြုမှုကို Representation ကို ပို၍ပီပြင်စေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စစ်သားဂုဏ်ရည်မရှိတဲ့ ပုဂ္ဂိုလ်ဟာ စစ်ဗိုလ်ချုပ်ကြီးလုပ်လို့ မရပါဘူး။ စစ်သားဂုဏ်ရည်ရှိရမှာ ဖြစ်ပါတယ်။ ဆရာဂုဏ်ရည် မပြည့်စုံတဲ့သူဟာ ကျောင်းအုပ်ဆရာကြီးလုပ်လို့ မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အသွေး၊ ဂုဏ်ရည်မရှိတဲ့သူဟာ လွှတ်တော်ဥက္ကဋ္ဌ လုပ်လို့ မရပါဘူး။

ကျွန်တော်တို့ရဲ့ သဘောကတော့ ပြည်သူ့ကိုယ်စားလှယ်ရဲ့ ဂုဏ်ရည်ကို နိုင်ငံတော်အကြီးအကဲများမှာ ရှိစေချင်ပါတယ်။ ဒီလိုဆိုခြင်းကြောင့် အုပ်ချုပ်ရေးအကြီးအကဲကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်ထဲမှာထားပြီး ချုပ်ကိုင်ရန်မဟုတ်ဘူးဆိုတာကို ပွင့်ပွင့် လင်းလင်း တင်ပြလိုပါတယ်။ လူထုကိုယ်စားပြုမှုမှန်တဲ့ သမ္မတကြီးဖြစ်စေလိုခြင်းပဲ ဖြစ်ပါတယ်။ သမ္မတ၊ ဒုတိယသမ္မတများဖြစ်ပြီး လွှတ်တော်ကို ဘယ်လိုတက်မှာလဲ။ အမတ်သမ္မတကြီးပါလို့ ခေါ်ရမလား ဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ ဆင်တော်နဲ့ခလောက်တာမျိုး မဖြစ်နိုင်ပါဘူး။ အတွေးအခေါ်တွေ ခေါင်နေတယ်လို့ထင်ပါတယ်။ ပြည်သူတွေကလည်းပဲ အကယ်၍ လွှတ်တော် ကိုယ်စားလှယ်ထဲကနေ ပြီးတော့ သမ္မတနဲ့ ဒုတိယသမ္မတကို ရွေးချယ်ခဲ့တယ်လို့ဆိုလို့ရှိရင် ပြည်သူ့ကိုယ်စားလှယ်က ရွေးချယ်တဲ့ အတွက် ပြည်သူတွေအပိုင်းကလည်းပဲ မိမိတို့ရဲ့အကြီးအကဲသမ္မတကို ငါတို့ရွေးချယ်တာပါလားဆိုတဲ့ ခံစားချက်၊ လုံခြုံမှုတွေ ရနိုင်တယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများကို ပိုမို၍ဂုဏ်ရည် မြှင့်တင်ပြီး တင့်တယ်အောင် လူထုကိုယ်စားလှယ်များအဖြစ် ပို၍ပီပြင်အောင် မူဝါဒရေးရာနဲ့ ဆက်စပ်ပြီး အထစ်အငေါ့မရှိ၊ ပွတ်တိုက်မှုမရှိ ပိုမိုအဆင်ပြေအောင် ရည်မှန်းပြီး ကျွန်တော်တို့က သမ္မတနဲ့ ဒုတိယ သမ္မတများကို ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားများထဲမှပဲ ရွေးချယ်သင့်တယ်လို့ပဲ နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ အမြင်အမျိုးမျိုးနဲ့ အဖက်ဖက် သုံးသပ်စဉ်းစား၊ ပြည်သူတွေရဲ့ သဘော ထားကိုလည်း အလေးအနက်ထား၍ အဆိုပြုခဲ့ခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ ပါတီတွင်း ပြည်ခိုင်ဖြိုး ပါတီအတွင်းမှာလည်း အထပ်ထပ်ဆွေးနွေးတယ်။ လွှတ်တော်အတွင်းမှာလည်း အထပ်ထပ် ဆွေးနွေး ပြီးတော့ ဒီကိစ္စကို တင်ပြခြင်းဖြစ်ပါတယ်။ လူတစ်စု၊ လူတစ်ဦး၊ လူတစ်ဝက်၊ ပါတီအတွက် စဉ်းစား ပြီးတော့ ပြင်ဆင်ခြင်းမဟုတ်ပါကြောင်း ကျွန်တော် တင်ပြလိုပါတယ်။

ဦးပေါ်လျှံလွင်(မဲဆန္ဒနယ်အမှတ်-၉၊ ချင်းပြည်နယ်)

ပုဒ်မ ၄၃၆ (က)
ပုဒ်မ ၄၃၆ (က)မှာရှိတဲ့ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်ဟု ဖော်ပြထားပါတယ်။
ကျွန်တော် သဘောထားမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး သုံးပုံနှစ်ပုံ ဆန္ဒမဲပြင်ဆင်ရန်ဖြစ်တယ်။ ဖြစ်ပါတယ်။ ဥပဒေကြမ်းပြင်ဆင်ရေးကော်မတီကလည်း ၇၀ ရာခိုင်နှုန်း အောက်မလျော့ဟု ပြင်ဆင်ထားတာ တွေ့ရပါတယ်။ အကြောင်းမှာ မူလဥပဒေမှာ ဖော်ပြ သည်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ဟု ဖော်ပြထားပါသဖြင့် ၇၅ ရာခိုင်နှုန်းကျော်ရရှိနိုင်ရန်မှာ တပ်မတော်ကိုယ်စားလှယ် တစ်ဦးဦးက ဆန္ဒမဲပေးမှသာလျှင် ယင်း အဆိုကို ဆန္ဒမဲအောင်နိုင်မယ် ဖြစ်ပါတယ်။ တပ်မတော်က ကိုယ်စားလှယ်များမှာ မိမိဆန္ဒအလျောက် ဆန္ဒ မဲပေးပိုင်ခွင့်ရရှိသူများ မဟုတ်ပါကြောင်းနဲ့ အထက်ကအမိန့်ရရှိသည့်အတိုင်း ဆန္ဒမဲပေးကြရသည်ဟု ယူဆပါတယ်။ ထိုသို့ဆိုပါလျှင် ပြည်ထောင်စုလွှတ်တော်၌ အရေးကြီးသော ပြည်သူများအကျိုးဖြစ်သော ဥပဒေများ အဆုံးအဖြတ်ပေးရာ၌ အရွေးအခန့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ သဘောဆန္ဒ အတိုင်းမဟုတ်ဘဲ တပ်မတော်သဘောဆန္ဒအတိုင်း ဖြစ်တယ်လို့ပြောလို့ရပါတယ်။

ပြည်ထောင်စုလွှတ်တော်ကြီးကို တပ်မတော်က လွှမ်းမိုးသလိုဖြစ်တယ်လို့ ယူဆအပ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်အစား သုံးပုံနှစ်ပုံသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ သဘောတူဆန္ဒမဲဖြင့် အစားထိုးသင့်ပါကြောင်း တင်ပြဆွေးနွေးလိုပါတယ်။
သမ္မတများအရည်အချင်းနဲ့ပတ်သက်၍ ဆွေးနွေးရမယ်ဆိုလျှင် ၅၉(စ)ကို ခေတ်နဲ့အညီ အဖက်ဖက်မှစဉ်းစားပြီး အရည်အချင်းပြည့်စုံသူတိုင်း ပါဝင်ယှဉ်ပြိုင်မှု ပြုလုပ်နိုင်အောင် ပြင်ဆင်သင့်ပါတယ်။ ဥပဒေရေးရာတွင် လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ရေးဆွဲခြင်း မသင့်တော်သလို ပြင်ဆင်တဲ့နေရာမှာလည်းပဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အခွင့်အရေးတစ်ခုကို ရည်ရွယ်ပြင်ဆင်ခြင်း မျိုးလည်းမဟုတ်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို အဓိကရည်ရွယ်၍ တရားမျှတစွာဖြင့် ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးရင်းနိဂုံးချုပ်ပါတယ်။

ဒေါ်ခင်စန်းလှိုင်(ပုလဲမဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းဟာ ဒီဥပဒေထဲမှာပဲပါဝင်တဲ့ ပုဒ်မ ၂၁(က)၊ ပုဒ်မ ၃၄၇ နဲ့ ပုဒ်မ ၃၄၈ တို့ကို ပြန်လည်ချိုးဖောက်ရာရောက်နေတဲ့အပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းခဲ့တာကို မတွေ့ရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(ခ)မှာ မိမိနဲ့ မိမိရဲ့မိဘနှစ်ပါးလုံး နိုင်ငံတော်အာဏာပိုင်နက်အတွင်းမှာ မွေးဖွားသော တိုင်းရင်းသားမှာဖြစ်တဲ့ မြန်မာနိုင်ငံသားဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံသားလည်းဖြစ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံပိုင်ခွင့် အရည်အချင်းနဲ့လည်း ပြည့်စုံသူတစ်ဦးတစ်ယောက်အတွက် လုံလောက်ပြီလို့ ကျွန်မတို့ သတ်မှတ်ရ မှာဖြစ်ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံကပါဝင်လက်မှတ် ရေးထိုး ထားတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကိုလည်း အစဉ်အမြဲသတိချပ်ရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် ဖြစ်နိုင်တဲ့အရည်အချင်းရှိတဲ့သူတိုင်း သမ္မတ ဖြစ်နိုင်ပါတယ်။ ကိုယ်စားလှယ်များတို့ရဲ့ အကြားမှာ ခွဲခြား ဆက်ဆံတာမျိုး မဖြစ်သင့်ပါဘူး။

ဒီပုဒ်မရဲ့ အဓိကအချက်ဟာ လူတစ်ဦးတစ်ယောက်ကို သီးသန့်ပစ်မှတ်ထားပြီးကန့်သတ်တဲ့အချက်ဖြစ်တယ်လို့ ယူဆပါတယ်။ သားသမီးတစ်ယောက်က မိဘအပေါ်မှာ ဘယ်လောက် ထိ သြဇာလွှမ်းမိုးမှုရှိနိုင်ပါသလဲ။ တိုင်းပြည်ကို ရောင်းစားမှာစိုးရိမ်ပါသလား။ စိုးရိမ်ကြ ကြေးဆိုရင် မြန်မာနိုင်ငံမှာ ကိုယ့်နိုင်ငံကို ရောင်းစားနေတဲ့သူတွေ အများကြီးပါ။ နိုင်ငံပိုင် သယံဇာတ တွေကို လက်ညှိုးထိုးရောင်းစားနေတဲ့သူတွေလည်း ရှိပါတယ်။ ဘာကိုစိုးရိမ်တာလည်းဆိုတာ ကျွန်မတို့ သိချင်ပါတယ်။ သားသမီးများရဲ့ တိုင်းပြည်ပေါ်မှာ သြဇာလွှမ်းမိုးလာမှုရှိမှာကို စိုးရိမ်တဲ့ အတွက်လား။ ဒါမှမဟုတ်ရင် ပုဂ္ဂိုလ်ရေးအရကန့်သတ်မှုလား။ မူဝါဒအရလားဆိုတာ ကွဲကွဲပြားပြား ရှိဖို့လိုပါတယ်။ သားသမီးများနိုင်ငံခြားသားဖြစ်ခြင်းမဖြစ်ခြင်းဟာ အဓိကမဟုတ်ဘူးလို့ထင်ပါတယ်။ အုပ်ချုပ်သူ ခေါင်းဆောင်များ အဂတိတရားကင်းစင်ရေးသာ ဖြစ်ပါတယ်။ အဂတိလိုက်စားသူတွေသာ သူများကြိုးဆွဲ ရာကို ခံရမှာဖြစ်ပြီး အာဂတိမလိုက်စားသူတွေအနေနဲ့ကတော့ ဘယ်သူ့ရဲ့ကြိုးဆွဲတာကိုမှ ခံရမှာမဟုတ် ပါဘူး။ ကျွန်မတို့မြန်မာနိုင်ငံမှာ မိမိရဲ့မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးတစ်ဦးဟာ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာကိုခံယူစောင့်ရှောက်ရိုသေသူ၊ နိုင်ငံခြားသားဖြစ်နေတဲ့အတွက် မိမိသမ္မတရွေးချယ်ခံနိုင်ရန် အတွက် ၎င်းတို့ကို နိုင်ငံသားအဖြစ်ကနေပြီး စွန့်လွှတ်ရန် သို့မဟုတ် တားဆီးကန့်ကွက်ရန် ဆောင်ရွက် မယ်ဆိုရင် မိမိအခွင့်အရေးအတွက် အခြားသူတစ်ဦးရဲ့ အခွင့်အရေးကို တားဆီးပိတ်ပင်ခြင်းဖြစ်တဲ့ အတွက်ကြောင့် ဒါဟာ ဂုဏ်သိက္ခာမဲ့ပြီး ရှက်ဖွယ်ရာဖြစ်ပါတယ်။ ဒါကြောင့် အခြားသူ(မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး)တို့ကြောင့် မဆီမဆိုင် မိမိအပေါ် အကျိုးသက်ရောက်စေတဲ့ ပုဒ် ၅၉(စ)ပြဋ္ဌာန်းချက် မျိုးဟာ ယနေ့ကမ္ဘာကြီးရဲ့အခြေအနေနဲ့ ဖီလာဆန့်ကျင်ဖြစ်နေပြီး ခေတ်အလွန်နောက်ကျတဲ့ပြဋ္ဌာန်းချက် မျိုးဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူလူထုရဲ့အကျိုးစီးပွားကိုပဲ ထင်ဟပ်ရမှာ ဖြစ်ပါတယ်။ လူတစ်စု၊ လူတစ်ဖွဲ့ကို ကာကွယ်တာမျိုး၊ လူတစ်ဦးတစ်ယောက်ကို ကန့်သတ်တာမျိုး မဖြစ်သင့်ပါဘူး။ ပြည်သူလူထုကို ကောင်းမွန်ဖွံ့ဖြိုးတိုးတက်လုံခြုံတဲ့ဘဝမှာ နေထိုင်နိုင်ဖို့၊ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့က အဓိကကျပါတယ်။ အချုပ်အခြာအာဏာပိုင်ပြည်သူလူထုက မိမိတို့ယုံကြည်အားကိုးတဲ့ ရွေးချယ်တင်မြှောက်ချင်သူကို ပြည်သူလူထုက သတ်မှတ်ခြင်းမဟုတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိတ်ပင်တားမြစ်ထားပြီး ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် သန့်ရှင်းပြီး တရား မျှတတဲ့ ရွေးကောက်ပွဲမဟုတ်ကြောင်း ယခုကတည်းက ပေါ်လွင်နေမှာဖြစ်ပါတယ်။

ဒေါက်တာမေဝင်းမြင့်(မရမ်းကုန်းမဲဆန္ဒနယ်အမှတ်၊ ရန်ကုန်တိုင်းဒေသကြီး)

ပုဒ်မ ၅၉(စ)
မူလပြဋ္ဌာန်းချက်ပုဒ်မ ၅၉ မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများရဲ့ အရည်အချင်းကို ဖော်ပြထားတာဖြစ်ပြီး ပုဒ်မခွဲ(ဃ)မှာ နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များရှိရမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဖော်ပြထား ချက်များအနက်က စစ်ရေးအမြင်ဆိုတဲ့နေရာမှာ ကာကွယ်ရေးအမြင်လို့ ပြောင်းလဲပြင်ဆင်ဖို့ တင်ပြ ထား တာကို တွေ့ရှိရပါတယ်။ ပြင်ဆင်ချက်ဇယားပါ ဖော်ပြထားတဲ့ရှင်းလင်းချက်မှာ စစ်ရေးအမြင် ဆိုတဲ့ စကားရပ်ဟာ စစ်ပွဲတွေနဲ့သာ သက်ဆိုင်တဲ့စကားရပ်လို့ အဓိပ္ပာယ်ကောက်နိုင်ပြီး ကာကွယ်ရေး အမြင် ဆိုတဲ့ စကားရပ်ဟာ လုံခြုံရေး၊ စစ်ရေး၊ တည်ငြိမ်အေးချမ်းသာယာရေးကိစ္စရပ်များနဲ့စပ်လျဉ်းပြီး ပိုမို ကျယ်ပြန့်တယ်လို့ ယူဆတဲ့အတွက် ပြင်ဆင်လိုကြောင်း တင်ပြထားတာ တွေ့ရှိရပါတယ်။ စစ်ရေးအမြင် လို့ သုံးထားခြင်းကြောင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများဟာ တပ်မတော်သားထဲကဖြစ်ရမယ်လို့ ဆိုလိုတာလားဆိုတဲ့ မေးခွန်းများပေါ်ပေါက်လာပြီး တပ်မတော်အပေါ် အထင်လွဲမှားစေနိုင်တာကြောင့် ရော၊ နိုင်ငံအရေးအရာမှာ စစ်ရေးဆိုတာ နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်တဲ့အခါမှသာ နောက်ဆုံးအဆင့် အနေနဲ့ ဖြေရှင်းရတာဖြစ်လို့ ကျဉ်းမြောင်းတဲ့ အဓိပ္ပာယ်ဖြစ်နေတာကြောင့် လုံခြုံရေးအမြင်လို့ ပြင်ဆင် ပြောင်းလဲသင့်ပါကြောင်း၊ စစ်ရေးအခြေအနေကို လုံခြုံရေးအခြေအနေသို့ ပြောင်းလဲသင့်ပါကြောင်း ကျွန်မတို့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်အေနနဲ့ အကြံပြုတင်ပြထားခြင်းလည်းဖြစ်ပါတယ်။ အကြောင်း ပြချက်အနေနဲ့လည်း နိုင်ငံတော်သမ္မတကို ဒီမိုကရေစီနည်းအရ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်ခွင့်ရှိဖို့နဲ့ နိုင်ငံတကာမှာလည်း ဒီလိုကန့်သတ်မှုမျိုးမရှိကြောင်း ရှင်းလင်းချက်တင်ပြထားပြီးလည်းဖြစ်ပါတယ်။
ယခုတင်ပြထားတဲ့ပြင်ဆင်ချက်မှာတော့ ကာကွယ်ရေးအမြင်လို့ ပြင်ဆင်ဖို့ အကြံပြုထားတာကို တွေ့ရပါတယ်။ ကျွန်မတို့ မူလအကြံပြုချက်နဲ့ ကွဲလွဲနေပေမယ့် ပိုမိုသင့်လျော်တဲ့အဓိပ္ပာယ်ကိုဆောင်ရာ ရောက်တဲ့အတွက် လက်ခံသဘောတူနိုင်ပါတယ်။

ဒေါက်တာဗညားအောင်မိုး (မဲဆန္ဒနယ်အမှတ်-၇၊ မွန်ပြည်နယ်)

ပုဒ်မ ၅၉(ဃ) ပြင်ဆင်ရေးနဲ့ ပတ်သက် ပြီးတော့ ကျွန်တော်တို့ပါတီအနေနဲ့ တင်ပြခဲ့ခြင်းမရှိဘူး။ ဒါပေမယ့် အခုပြင်ဆင်ချက် တင်ပြထားတာ သင့်တော်ပါတယ်လို့ မြင်တဲ့အတွက်ကြောင့် ထောက်ခံပါတယ်။ ပုဒ်မ ၅၉(စ)နဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြင်ဆင်ထားတာ ကတော့ အခြေခံဥပဒေမူလပြဋ္ဌာန်းချက်မှ မိမိ၏တရားဝင်သားသမီးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ဟူသော စာသားကိုပယ်ဖျက်ရန်လို့ တင်ပြထား ပါတယ်။ ဒါပေမယ့် ဒီပြင်ဆင်ချက်မှာ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း ဟူသော စာပိုဒ်ကိုသာ ပယ်ဖျက်ထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ တင်ပြချက်နဲ့ အနည်းအကျဉ်းကွဲလွဲတာရှိပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအောင်မြင်ဖို့အတွက် ပြင်ဆင်ဖြစ်ဖို့အတွက် ကျွန်တော်တို့ ဒီအဆိုတင်ပြချက်ကို ပြင်ဆင်ပြဋ္ဌာန်းချက်ကို ထောက်ခံပါတယ်။
အခြေခံဥပဒေပုဒ်မ ၆၀ နဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ နှစ်ဦးရွေးချယ်တဲ့ပုဒ်မ ဖြစ်ပါတယ်။ ကျွန်တော်တို့ တင်ပြထားတာကတော့ နိုင်ငံတော် အဓိပတိနဲ့ စစ်သေနာပတိချုပ်တာဝန်ကို ထမ်းဆောင်တဲ့ နိုင်ငံတော်သမ္မတ၊ အုပ်ချုပ်ရေးအကြီးအမှူး သို့မဟုတ် အစိုးရအဖွဲ့အကြီးအမှူးကို ဝန်ကြီးချုပ်ထားရှိရန်အတွက် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ ကို ရွေးကောက်တင်မြှောက်ရန်၊ ဒုတိယသမ္မတတစ်ဦးကို အမျိုးသားလွှတ်တော်မှ ရွေးကောက် တင်မြှောက်ရန်၊ဝန်ကြီးချုပ်တစ်ဦးကို ပြည်သူ့လွှတ်တော်မှ ရွေးကောက်တင်မြှောက်ရန်ဆိုပြီးတော့ တင်ပြ ထားတာရှိပါတယ်။

ဒါပေမယ့် အခုပြဋ္ဌာန်းချက်က ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ သမ္မတတစ်ဦးတည်းမှာ အာဏာစုပုံမနေရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပြထားခြင်းဖြစ်ပါတယ်။ အဲဒီ တော့ ဒီကနေ့ ပြင်ဆင်ချက်မှာဆိုရင် ယင်းအစုအဖွဲ့ဆီက ဒုတိယသမ္မတတစ်ဦးစီကို ပြည်ထောင်စု လွှတ်တော်ကို ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များထံမှ ရွေးကောက် တင်မြှောက်ရမည်ဖြစ်သည် ဆိုတဲ့ အချက်ဟာ ဒီမိုကရေစီအခွင့်အရေးပိုပြီးတော့ရှိလာတယ်။ နောက် ၄၃(ခ)နဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်နောက်လာမယ့်ပြင်ဆင်ချက်မှာလည်းပဲ ဒီအာဏာဖြန့်ဝေမှု တော်တော် များများ ရှိတဲ့အတွက်ကြောင့် အခုဒီပြင်ဆင်ပြဋ္ဌာန်းချက် ပုဒ်မ ၆၀(ဂ)ကို ထောက်ခံပါတယ်လို့ ဆွေးနွေးလိုပါတယ်။
အခြေခံဥပဒေပုဒ်မ ၄၃၆(က) ပြင်ဆင်ရေးအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီနဲ့ တင်ပြထားတာကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တင်းကျပ်ခက်ခဲလွန်းခြင်းမရှိစေရန်၊ (၁) လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၅၀ ရာခိုင်နှုန်းကျော်သက်ရောက်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် (၂) လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော်ထောက်ခံပြီး၊ (၃) ပြည်သူ့ဆန္ဒခံယူပွဲ တွင် မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံပါက ပြင်ဆင်ချက်အတည်ဖြစ်သည်ဆိုပြီးတော့ ကျွန်တော်တို့တင်ထားပါတယ်။ ဒါပေမယ့် ဒီကနေ့ပြင်ဆင်ပြဋ္ဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ရဲ့ ၇၀ ရာခိုင်နှုန်းအောက် မလျော့သော မဲဆန္ဒနဲ့ပြင်ဆင်နိုင်တယ်။
နောက်ပြီးတော့ ဒီဆန္ဒခံယူပွဲမှာ မဲဆန္ဒပေးသူ ၅၀ ရာခိုင်နှုန်းနဲ့ အတည်ပြုနိုင်တယ်ဆိုတာဟာ အများကျွန်တော်တို့ တင်ပြထားတဲ့အချက်နဲ့ မကိုက်ညီဘူးဆိုရင်တောင်ပဲ အများက လက်ခံနိုင်တယ်။ ဒီကနေ့ အခြေအနေနဲ့ကိုက်ညီနိုင်တယ်ဆိုပြီးတော့ ကျွန်တော်တို့က ဒီပြင်ဆင်မှုအောင်မြင်ရေးအတွက် ဒါကို ကျွန်တော်တို့ ထောက်ခံပါတယ်။

ဦးတင်မောင်ဦး(ရွှေပြည်သာမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး)

ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)
ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေသမျှကာလတလျှောက်လုံး အရေးကြီးတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ သို့သော် ဒီပုဒ်မ ၄၃၆ မှာ ပြင်ဆင်ခွင့်ပါဖို့ လိုပါတယ်။ ယနေ့ ကျွန်တော်တို့ ပြင်ဆင်ဖို့ ဆွေးနွေးနေတဲ့ အကြောင်းအရာများသည် ယနေ့လောလောဆယ်ကာလအတွက်မဟုတ်ဘဲနဲ့ လာမယ့် လွှတ်တော်အစိုးရများအတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း ဦးစွာတင်ပြလိုပါတယ်။
ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆(က)ကို ပြင်ဆင်နိုင်ဖို့ဆိုရင် အဆင့်သုံးဆင့်ဖြတ်ကျော် ရမှာဖြစ်ပါတယ်။ ပထမဆုံးအဆင့်ကတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၂၀ ရာခိုင်နှုန်းကနေ တင်ပြလာလို့ရှိရင် ပြင်ဆင်လို့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအကြမ်းကို တင်သွင်းခွင့်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပြီးတော့ ပုဒ်မ ၄၃၆ (ခ)မှာပါတဲ့ ဥပဒေပေါင်း ၃၃၆ ခုကို ပြင်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်။ တတိယအဆင့်ကတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီးတော့ ထက်ဝက်ကျော်ဆန္ဒမဲပေးခွင့်ရှိသူတွေ မဲပေးခဲ့ရင် ၄၃၆(က)မှာ ပါတဲ့ ဥပဒေပေါင်း ၉၄ ခုကို ပြင်ခွင့်ရမှာဖြစ်ပါတယ်။ ယနေ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အသုံးပြုထား တာလည်း ကာလတစ်ခုကြာမြင့်လာပြီဖြစ်တဲ့အတွက် အခြေအနေအချိန်အခါအရ ပြင်ဆင်သင့်တာကို ပြင်နိုင်ဖို့လိုတာဖြစ်ပါတယ်။ ဒီလိုပြင်မယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခန်း(၁၂)မှာပါတဲ့ ပြင်ဆင်ဖို့ အခန်းကဏ္ဍမှာ ဥပဒေတွေက မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို မထိပါး နိုင်အောင် တစ်ဖက်က ထိန်းကျောင်းဖို့လိုသလို တစ်ဖက်ကလည်း နိုင်ငံတော်၊ နိုင်ငံသား အကျိုးစီးပွားအတွက် လိုအပ်လာလို့ရှိရင် ပြင်ဆင်နိုင်ဖို့အတွက် ဆောင်ရွက်ပေးရမယ့် ဥပဒေ ဖြစ်ဖို့လိုပါတယ်။
၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၉ ပုဒ်မခွဲ(၃)မှာ တင်ပြ ထားတဲ့အတိုင်း လွှတ်တော်နှစ်ရပ်ကနေ အတည်ပြုလို့ရှိရင် သုံးပုံနှစ်ပုံအောက်မလျော့တဲ့ အနေအထား ကနေ မဲပေးရမှာ ဖြစ်ပါတယ်။ ဒီခေတ်ဒီအခါတုန်းက လွှတ်တော်မှာ အရွေးကောက်ခံ ကိုယ်စားလှယ်များ နဲ့ကျင်းပခဲ့တဲ့ လွှတ်တော်ဖြစ်ပါတယ်။ အလားတူ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၄ ပုဒ်မခွဲ(က)မှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ရန် သဘောတူလက်ခံလို့ရှိရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးခွင့် ရှိသူရဲ့ ထက်ဝက်ကျော်မဲနဲ့ ပြင်ဆင်နိုင်တယ်လို့ဆိုပါတယ်။ ပုဒ်မ ၁၉၄ ပုဒ်မခွဲ(ခ)မှာလည်း ပုဒ်မခွဲ(က)မှာ ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်တွေကို အခြားပြဋ္ဌာန်းချက်တွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းနဲ့ မဲပေးရမယ်လို့ ဆိုပါတယ်။ အဲဒီခေတ်၊ အဲဒီအခါတုန်းက လွှတ်တော်မှာလည်း အရွေး ကောက်ခံကိုယ်စားလှယ်များနဲ့ လွှတ်တော်ကျင်းပခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့ ယနေ့လွှတ်တော်ကို လေ့လာကြည့်ရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရွေး ကောက်ခံ ၃၃၀၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ယောက်၊ အားလုံးပေါင်းရင် ပြည်ထောင်စု လွှတ်တော်ကြီးထဲမှာ ၆၆၄ ယောက်ရှိရမှာဖြစ်ပါတယ်။ ယနေ့ ပြည်သူ့လွှတ်တော်မှာ ၃၀၈ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၅၉ ယောက်ဆိုရင် ယနေ့ဥပဒေအရ ၇၅ ရာခိုင်နှုန်းပြင်ဆင်ဖို့ဆိုတာ အလွန်ခက်ခဲကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဒီဥပဒေတွေကို ပြင်မယ်ဆိုရင်၊ တစ်နည်းအားဖြင့် တပ်မတော် ကနေ ပြင်ဆင်ဖို့ သဘောတူတဲ့ဥပဒေတွေကိုပါ ပြင်ဆင်နိုင်မယ့် အနေအထားဖြစ်ကြောင်းလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ယနေ့ နိုင်ငံတော်ရဲ့အခြေအနေအရ လွှတ်တော်အတွင်းမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း တက်ရောက်နေခြင်းဟာ လိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။ မဖြစ်မနေလည်း တက်ရောက်ဖို့လိုတယ်ဆိုတာ လက်ခံပါတယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသားများအတွက် ပြင်ဆင်ခွင့်ရရှိဖို့အတွက် ဆောင်ရွက်ပေးဖို့ အချိန်အခါရောက်ပြီလို့လည်း တင်ပြလိုပါတယ်။
နောက်တစ်ချက်ကတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ထက်ဝက်ကျော်ဆိုတဲ့အချက်ဟာလည်း အလွန် တရာမှ ခက်ခဲတဲ့အချက် တစ်ချက်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဟာ ကြီးမားတဲ့ အတားအဆီးတစ်ခုလို့လည်း ဖြစ်နေပါတယ်။ အနီးစပ်ဆုံး Ireland မှာကျင်းပသွားတဲ့ ဖွဲ့စည်းပုံမှာ ၇၀ ရာခိုင်နှုန်းသာ လာပေးတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)ကို လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာထိန်းသိမ်းကာကွယ်နိုင်ရေး၊ ဒို့တာဝန်အရေး သုံးပါးကို ထိခိုက်မှုမရှိစေဘဲ လွှတ်တော်အတွင်းမှာ ယနေ့ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ရှိနေတဲ့ တပ်မတော်သား အရေအတွက်ကို ထိခိုက်မှုမရှိစေဘဲနဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက ပြင်ဆင်ဖို့တွက် တင်ပြပါ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)မှာပါတဲ့ ၇၅ ရာခိုင်နှုန်းအောက် မလျှော့သော ကိုယ်စားလှယ်များ၊ အလားတူပဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးတဲ့အခါမှာ ဆန္ဒမဲပေးသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ဖို့နဲ့ ၄၃၆(ခ)ကို ပုဒ်မခွဲ(က)မှာပါတဲ့ ပြဋ္ဌာန်းချက်များမှအပ အခြား ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၀ ရာခိုင်နှုန်းအောက် မလျှော့သော လွှတ်တော်ကိုယ်စားလှယ် များဖြင့် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြင်ဆင်ခြင်းကို ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ် ပါတယ်။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...