ဖိနပ်တစ်ဖက်။ လေထဲပျံဝဲလျက်။ တစ်စုံတစ်ယောက်က ပစ်ပေါက်လိုက်သည်။ တစ်နေရာကို ဒေါက်ခနဲ ထိမှန်သွားသည်။ ဖိနပ်ဖြင့် ပစ်ပေါက်ခံရသည့် တရားခွင်တွင် "နိုင်ငံတော်တံဆိပ်"ကို အထင်အရှား ချိတ်ဆွဲထားသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရားစီရင်မှုအာဏာ အပ်နှင်းခံရသည့် အမျိုးသမီး တရားသူကြီးတစ်ဦး တာဝန်ထမ်းဆောင် နေသည်။
ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သူက လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှုတို့ဖြင့် တရားစွဲခံ နေရသည့် တရားခံ ဖြစ်သည်။
အမှုအတွင်း အာမခံဖြင့် နေခွင့်ပြုထားရာမှ တရားရုံးနှင့် ချုပ်ဆိုသည့် 'ခံဝန်ချုပ်ပါ စည်းကမ်း'ကို မလိုက်နာ၊ ဖောက်ဖျက်ရာ ရောက်သဖြင့် ခံဝန်ဖျက်သိမ်းပြီး ပြန်လည်ချုပ်နှောင်ခြင်း အပေါ် ကျေနပ်မှုမရှိရာမှ 'တရားဥပဒေ နည်းလမ်းအတိုင်း' ဆောင်ရွက်ခြင်း မပြုဘဲ ခြေထောက်မှု ဖိနပ်ကို ချွတ်၍ ရုတ်တရက် ပစ်ပေါက် လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ဝမ်းနည်းစရာက သည်မျှမယဉ်ကျေးသော၊ ရိုင်းစိုင်းကြမ်းတမ်းသော အမှုကို ပြုလုပ်ခဲ့သူအား လက်ခုပ်တီး၍ အားပေးလိုက်ခြင်း ဖြစ်သည်။ ပန်းကုံးတွေ တစ်ထွေးကြီး စွပ်ပေးလိုက်ခြင်း ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားနှင့် စာနယ်ဇင်းသမားများ ကိုပဲ ထောက်ပံ့ငွေ ပေးအပ်လေ့ရှိသည့် အသိဥာဏ်အဆင့် (Intellectual Level) မနိမ့်ပါးသူတို့ ပါဝင်သည့် ဖောင်ဒေးရှင်းတစ်ခုက 'လိမ်လည်မှု တရားခံကို' ထောက်ပံ့ငွေပေး၍ ဂုဏ်ပြုလိုက်ခြင်း ဖြစ်သည်။ ဘာတွေ ဖြစ်ကုန်ကြပြီနည်း။
မေလ ၃၀ ရက်နေ့က မြန်မာပြည် အလယ်ပိုင်း မြို့တစ်မြို့တွင် ထိုသို့ဖြစ်ခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်နေ့တွင် မြန်မာပြည်အလယ်ပိုင်း မြို့တစ်မြို့မှာပဲ အလားတူ ဒုတိယဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
ငြိမ်းစုစီဥပဒေနှင့် တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေတို့အရ တရားခံတစ်ဦးကို ထောင်ဒဏ် နှစ်လ ချမှတ်သည့် မြို့နယ်တရားရုံးအား ကျောင်းသားဟုဆိုသူ အချို့က ဖိနပ်များဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ဖိနပ်တစ်ဖက် လေထဲ ပျံဝဲနေပုံကို သတင်းဓာတ်ပုံမှာ အထင်အရှား တွေ့လိုက်ရသည်။
မလှပသော၊ အရုပ်ဆိုးသော ဤဖြစ်စဉ်များနှင့် တိုက်ရိုက် သက်ဆိုင်သည်ဟု မဆိုသာစေကာမူ နောက်ထပ် ထူးထူးခြားခြား ထပ်မံ ဖြစ်ပွားသည့် ဖြစ်စဉ်တစ်ခုမှာ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ သူ့တာဝန်သူ ထမ်းဆောင်နေသော ဆရာဝန်တစ်ဦးအား လူနာနှင့်အတူ လိုက်ပါလာသူတို့က ၀ိုင်းဝန်းထိုးကြိတ်သဖြင့် အမှုဖွင့် အရေးယူခဲ့ရခြင်း ဖြစ်သည်။
ရာဇ၀တ်မှုများအပေါ် အသေးစိတ် ဆွေးနွေးခြင်း မပြုလိုတော့ပါ။
ယခု ဆွေးနွေးလိုသည်မှာ ပြုံးနေသော ဖိနပ်သမားအား ဂုဏ်ရောင်ပြောင်သော သူရဲကောင်းကြီး သဖွယ် ၀ိုင်း၍ ၀န်း၍ ချီးကျူးထောမနာပြု၊ အားပေးအားမြှောက် ပြုနေသည့် ကိစ္စကိုပဲ ဖြစ်ပါသည်။
ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိမကျေနပ်သူ တစ်ဦးတစ်ယောက်အား ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှုအရ လက်ခံနိုင်စရာ မရှိအောင် ရိုင်းစိုင်းကြမ်းတမ်းသည့် လုပ်ရပ်ဖြစ်သည်ကို ပြည်သူ့နီတိကို မသင်ယူဖူးသည့် သာမန်အသိဥာဏ် အဆင့်အတန်း ရှိသူများပင်လျှင် ကောင်းစွာ သိနားလည်နိုင် ကြပါသည်။
ဖိနပ် ဆိုသည်မှာ ဆူးခလုတ်၊ အညစ်အကြေးများ ဒဏ်မှ အကာအကွယ် ရအောင် ခြေထောက်မှာ စီရသည့် ပစ္စည်းမျှသာ ဖြစ်ရာ ဒေါ်လာ သိန်းသောင်းချီ၍ တန်ကြေးရှိစေကာမူ ဖိနပ်ကို မည်သူမျှ မြတ်သောနေရာတွင် မထားပါ။ အိမ်ဦးခန်း၊ ဘုရားစင်တို့မှာ မထားပါ။ ဦးခေါင်းပေါ် မတင်ပါ။ တရှိုက်မက်မက် မည်သူမျှ မနမ်းပါ။
စိတ်မချမ်းမြေ့သူ၊ နာကျင်ဝမ်းနည်းသူတို့ ရှိပါသည်။ ဖိနပ် ပစ်ပေါက်သူကို အားပေးချီးမြှောက် ဂုဏ်ပြုသူတို့လည်း ရှိနေလေရာ ယဉ်ကျေးပါသည် ဆိုသည့် ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းနှင့် တန်ဖိုး၊ နှုန်းစံများကို ဝေဖန်စိစစ် ကြည့်သင့်ပါပြီ။
လိမ်လည်မှုတရားခံက ၄င်း မလွဲမသွေ လိုက်နာရမည့် ခံဝန်စည်းကမ်းကို မလိုက်နာ (သို့မဟုတ်) ချိုးဖောက်ရာ ရောက်သည့်အတွက် (ဘယ်နှကြိမ် ချိုးဖောက်သည်ကို တရားဌာနဘက်မှ တရားဝင် ထုတ်ပြန်ခြင်း မပြု။ အံ့အားသင့်ဖွယ်ရာ နှုတ်ဆိတ်ခဲ့စေကာမူ ဆောင်းပါးရှင်တစ်ဦးက ရုံးချိန်း ၁၆ ကြိမ် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်) အာမခံကို ရုပ်သိမ်း၍ ချုပ်မိန့်ပေးခြင်း၌ ဘာများ ချွတ်ချော်ခဲ့ပါသနည်း (မှားယွင်း ချွတ်ချော်ပါကလည်း ဥပဒေအရ ကုစားဖို့ အခွင့်အရေး ရှိသည်) တရားသူကြီးသည် မိမိတို့၏ သမီး၊ တူမ ဖြစ်ပါက ထိုသို့ပြုလုပ်ခံရသည်ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါမည်လော။
ဖိနပ်သမားကို သူရဲကောင်းကြီးသဖွယ် အားပေးချီးမြှောက်ခဲ့၊ ပန်းကုံးစွပ်၍လည်း ဂုဏ်ပြုခဲ့ကြ ပြီးနောက် ... ။
ယခုအခါ ထိုဖြစ်စဉ်မျိုး ထပ်မံ ဖြစ်ပွားခဲ့ပါပြီ။ နောင်ဘယ်နှခါ ဖိနပ် ပေါက်ကြဦးမည်လဲ မသိနိုင်။ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံ၏ မည်သည့်ရုံးခန်းမဆို၊ မည်သို့သော ပုဂ္ဂိုလ်ကို မဆို။
တရားစီရင်ရေးစနစ်၊ တရားစီရင်မှု အာဏာ ကိုင်စွဲအသုံးပြုနေသူ များအပေါ် ကျေနပ်မှု မရှိခဲ့ကြသော သူတို့၏ ယုံကြည်မှု ပျက်ပြားနေခြင်းနှင့် မိမိတို့ ရင်ထဲက အမုန်းတရား၊ မလိုလားမှုများကို ကြုံတုန်း ကြုံခိုက် သိသာမြင်သာအောင် ၀ိုင်းဝန်း၍ ပုံဖော်လိုက်ခြင်း ဖြစ်ပုံရပါသည်။ တရားစီရင်ရေးစနစ် မကောင်းလျှင် 'ပြင်'လိုက်လို့ ရပါသည်။ တရားစီရင်ရေးအာဏာ အပ်နှင်းခံရသူတို့ မကောင်းလျှင်၊ အရည်အချင်း မမီလျှင်၊ မရိုးမဖြောင့်လျှင် ပိုကောင်းမည် ထင်ရသူတို့နှင့် အစားထိုး လဲလှယ်လိုက်လို့ ရပါသည်။
ပို၍ ကောင်းမွန်သည့် နည်းလမ်းတစ်ခုခုကို ရှာဖွေတွေ့နိုင်ဖို့ပဲ လိုပါသည်။
တရားရုံးများ၊ တရားသူကြီးများ ကောင်းသည်ဟု အာမမခံပါ။ တကယ် အာမမခံပါ။ ဆိုးရွာသူများ ရှိပါသည်။ အစီးအပွား ရှာနေသူများ ရှိပါလိမ့်မည်။ ထို့အတူ ကောင်းသူ ကောင်းအောင်လုပ်သူ တို့လည်း ရှိပါလိမ့်မည်။ သူတော်ကောင်းများ နှင့်သာ မဖွဲ့စည်းနိုင်သည့် မည်သို့သော ဌာနအဖွဲ့အစည်းမဆို ထိုအတိုင်းပဲ ဖြစ်တန်ရာပါသည်။
သို့သော် တရားစီရင်ရေးတာဝန် ဆောင်ရွက်နေသည့် တရားသူကြီးနှင့် တရားရုံးများကို မည်သူမျှ ဖိနပ်ဖြင့် ပစ်ပေါက်ခွင့် မရှိပါ။ အဘယ်ကြောင့်ဆိုသော် တရားစီရင်မှုအာဏာကို နိုင်ငံတော်က အပ်နှင်း ရသောကြောင့် ဖြစ်ပါသည်။ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အာဏာသုံးရပ် ပေါင်းမှ "အချုပ်အခြာအာဏာ"ဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ ချို့တဲ့လျှင် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် မရပ်တည်နိုင်ကြောင်း၊ 'နိုင်ငံတကာ ဥပဓိရုပ်' (International Personality) ၏ တစ်ခုသော အချက် ပျက်ယွင်း ပါက ဥပဓိရုပ်ပျက်ရာ ရောက်မည်ဖြစ်ကြောင်း လူတိုင်းလိုလို သိပါသည်။
ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရပါမည်။ မြို့နယ်တရားရုံးကို ပစ်ပေါက်ခြင်းမှာ တရားလွှတ်တော်ချုပ်ကို ပစ်ပေါက်လိုက်သည့် သဘောဖြစ်ပါသည်။
အချုပ်အခြာအာဏာ၏ ထောင့်စွန်းကို ဒေါက်ခနဲ ထိမှန်သွားသည့် သဘော ဖြစ်ပါသည်။ အချုပ်အခြာအာဏာ၏ အစိတ်အပိုင်း တစ်ခုကို (နိုင်ငံတော်က) အပ်နှင်း၍ ကိုင်စွဲ အသုံးပြုသည့် လူ၊ ပုဂ္ဂိုလ်၊ ရုံး၊ ဌာန တစ်ခုခုအား ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းမှာ အလွန်အမင်း ရိုင်းပျ စော်ကားလိုက်သည့် အပြုအမူ ဖြစ်သည်ဟု သတိမမူဘဲ ဂုဏ်ပြုအပ်သည့် လုပ်ရပ်ကြီးသဖွယ် အားပေးအားမြှောက် ပြုနေသူတို့ ရှိသည်။ အံ့အားသင့်စရာ ဖြစ်ပါသည်။
စစ်အေးတိုက်ပွဲ ပြင်းထန်နေသည့် ၁၉၆၀ က ဆိုဗီယက်ယူနီယံကို ကိုယ်စားလှယ်တစ်ဦးက ဆန့်ကျင် ပြောဆိုနေချိန်တွင် ဆိုဗီယက် ၀န်ကြီးချုပ် နီခီတာ ခရူးရှက်ဖ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ စားပွဲကို ဖိနပ်ဖြင့် တဒုန်းဒုန်း ထုသည့် ကိစ္စနှင့် မတူပါ။
အီရတ်စစ်ပွဲ ဆင်နွှဲသည့် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ်ကို ဘဂ္ဂဒက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် ရုပ်မြင်သံကြား သတင်းထောက် အယ်လ်ဇေဒီက ရှုးဖိနပ်နှစ်ဖက် ချွတ်လျက် တစ်ဖက်ပြီး တစ်ဖက် ပစ်ပေါက်ခဲ့သည့် ကိစ္စနှင့်လည်း မတူပါ။
အယ်လ်ဇေဒီ၏ဖိနပ်ကို ဆော်ဒီသူဌေး တစ်ဦးက ဒေါ်လာဆယ်သန်း ပေးဝယ်မည်ဟု ကြေညာခဲ့ ပါသည်။ အီဂျစ်လုပ်ငန်းရှင် တစ်ဦးကလည်း သူ့သမီးနှင့် ပေးစားပြီး သမက်တော်ချင်သည်ဟု ပြောခဲ့ကြောင်း သိရပါသည်။
ပေးပါ။ တော်ပါ။ ဒေါ်လာဆယ်သန်း ပေးနိုင်ပါသည်။ သမီးနှင့် ပေးစားလိုက ပေးစားနိုင်ပါသည်။ မိမိတို့၏ ရွေးချယ်ဆုံးဖြတ်မှုပဲ ဖြစ်ပါသည်။ သို့သော် ဒေ၀ဒတ်ကို ပန်းကုံးစွပ်ဖို့ ဆိုလျှင် စဉ်းစားကြည့်ရပါမည်။ မှုန်ကြီး၊ သက်နှင်းတို့ကို သရေစည်သူ ပေးဖို့ဆိုလျှင် စဉ်းစားကြည့်ရပါမည်။ ကြည်လင်းကို သရဖူ ပေးဖို့ဆိုလျှင် စဉ်းစားကြည့်ရပါမည်။ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု၊ နှုန်းစံ၊ တန်ဖိုးများနှင့် သက်ဆိုင်သောကြောင့် ဖြစ်ပါသည်။
ဖိနပ်တွေ ပျံဝဲလျက် ရှိပါသည်။ ဒီထက်ပို၍ ဖိနပ်တွေ ပျံဝဲလာလျှင် တစ်ချိန်ချိန်၌ မည်သူ၏ ဦးခေါင်းပေါ်သို့မဆို ကျရောက်လာနိုင်သည့် ဘေးအန္တရာယ် တစ်ခု ဧကန်ရှိကြောင်း သတိမူမိကြစေလိုခြင်း ဖြစ်ပါသည်။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)
ပြေလွင်မြင့်