Friday, July 7, 2017

ငရဲကို လမ်းကြုံလိုက်သူများ

င ရဲ ကို လမ်း ကြုံ လိုက် သူ များ
📛📛📛📛📛📛📛📛

ဖိုးသုဉာဏ်

ယခင်တစ်ပတ်က တရားသူကြီး၊ ဥပဒေ အရာရှိ၊ ရှေ့နေ၊ ရဲများ၏ လုပ်ငန်းတာဝန်သည် အပါယ်ဘေးနီးလှသဖြင့် အပါယ်မကျ အောင် သတိပြုရှောင်ရှားသင့်ပါကြောင်း တင် ပြခဲ့ပါသည်။

ယခုတစ်ကြိမ်တွင် လုပ်ငန်းတာဝန်အရ အနေသာကြီး ဖြစ်ပါလျက် အထက်ပါပုဂ္ဂိုလ် များနှင့်အတူ ငရဲကို လမ်းကြုံလိုက်ဖို့ ကြိုးစားပမ်းစား အားထုတ်ကြသူများ အကြောင်း တင်ပြလိုပါသည်။

ယခင်အစိုးရလက်ထက်က ဒေသတစ်ခုတွင် တာဝန်ခံတရားသူကြီး အဖြစ် ရောက်စတွင် ဒေသ အာဏာပိုင်ဖြစ်သူက ဒေသ၏ အခြေအနေ နှင့် တရားစီရင်ရေးဆိုင်ရာ မူဝါဒ သဘောထား တို့ကို ပြောပြရာ၌ “ကျွန်တော်တို့ ဒေသမှာ ကျွန်းသစ်နဲ့ပတ်သက်တဲ့ အပက ၃ အမှုတွေဆိုရင် လူကို ထောင်ချ၊ ပစ္စည်းသိမ်း၊ ကားသိမ်းပါပဲ” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံ၏ရှားပါးသယံဇာတ ကျွန်းသစ်များ ခုတ်လှဲဖျက်ဆီး၊ ခိုးယူအလွဲသုံးစားပြုခြင်း စသော ပြစ်မှု ကျူးလွန်သူများကို ထိထိရောက် ရောက် တားဆီးပိတ်ဆို့ကွပ်ညှပ်အရေးယူမည် ဆိုခြင်းမှာ အငြင်းပွားဖွယ်မရှိ၊ ကောင်းမွန်လှ သောမူဝါဒဖြစ်ပါသည်။ သို့သော် “ကျွန်းသစ် နဲ့ပတ်သက်တဲ့ အပက ၃ အမှုတွေဆိုရင် လူ ကိုထောင်ချ၊ ပစ္စည်းသိမ်း၊ ကားသိမ်းပါပဲ” ဆိုသောစကားမှာမူ စဉ်းစားစရာ ရှိပါသည်။

ထိုစကားကြောင့် ဥပဒေ၊ ရဲစသော တရားစွဲအဖွဲ့အစည်းက ကျွန်းသစ်နှင့် ပတ်သက်လျှင် စွပ်စွဲ ခံရသူများတွင် အမှန်တကယ်ငြိစွန်းချက် ရှိ-မရှိ စိစစ်ရမည့်အစား တရားရုံး ကျမှ ရှင်းကြ ပါစေဟူ၍ ဖြစ်နိုင်ပါသည်။ အောက်တရားရုံးကလဲ ငါတော့အငြိုငြင်မခံ ချင်၊ မရှင်းချင်တော့ဘူး၊ အယူခံကျမှပဲကြိုး စားကြပါစေဟု သဘောပိုက်သွားနိုင်ပါသည်။ ၎င်းင်းနယ်မြေရှိ သူ့ အထက် တရားရုံးကလည်း  ဥပဒေအတိုင်း ပြတ်ပြတ်သားသားလုပ်ဖို့ လက်တွန့်သွားနိုင်ပါသည်။ တရားမဲ့ မှုများပေါ်ပေါက် စေနိုင်သော အန္တရာယ်ကြီးလှသည့်စကားတစ် ခွန်းဖြစ်ပါသည်။

ထိုခေတ်ကထိုဒေသ၌ ကျွန်းသစ်အမှုများ တွင် သစ်အနည်းအများပေါ် မူတည်၍ အပက ၃ ဖြင့် စွဲမလား၊ ပပက ၆(၁) ဖြင့်စွဲမလားဆိုခြင်းကို ဒေသတာဝန်ခံ ရဲအရာရှိကြီး ကမကထ ပြုသော အဖွဲ့က ဆုံးဖြတ်ရာ မညီမျှ မှုများရှိ သည်ဆိုသော မကျေနပ်သံအချို့လည်းကြား ရပါသည်။ တစ်ကြိမ် တွင်မူ အထက်ပါအာဏာ ပိုင်ကြီးမှပင် ““ကျွန်တော့် သူငယ်ချင်း (...) ရဲ့ အမဗျာ ကားထောင် ထားတာ၊ သူ့ကားဒရိုင် ဘာက ကျွန်းသစ်သယ်လို့ အဖမ်းခံရပြီး ဒုက္ခဖြစ်နေတယ်၊ လုပ်ပါဦး”” ဟု ပြောသည် ကိုလည်းကြုံဖူးပါသည်။ အနှီပုဂ္ဂိုလ်ကြီးများ အဂတိကင်းပါမည်လော၊ အပါယ်ဘေးကင်း ပါမည်လော၊ ပူပင်စရာဖြစ်ပါသည်။

 ပြစ်မှုဆိုင်ရာဥပဒေများတွင် အချို့သော ပြစ်မှုများ၌ပြစ်မှုကျူးလွန်သူကို ““တစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ တစ်ထောင် ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချ မှတ်ရမည်”” စသော ပြဌာန်းချက်များရှိပါသည်။ ပြစ်မှုအမျိုးအစားချင်းတူသော်လည်း ကျူး လွန်သောပြစ်မှု၏ အတိမ်အနက်၊ အလေးအပေါ့ကိုမူတည်၍ တရားရုံးကဆင်ခြင်တုံတရား ဖြင့် ချမှတ်နိုင် ရန်ပြဌာန်းထား ခြင်းဖြစ်ပါသည်။ ငွေဒဏ်များတွင် ၅၀ိ/-၊ ၂၀၀ိ/-၊ ၅၀၀ိ/- ၁၀၀၀ိ/- စသောပြဌာန်း ချက်များရှိရာ ဥပဒေများ မပြင်ရသေးသဖြင့် ယခုတိုင်အတည်ဖြစ် လျက်ရှိပါသည်။

အထက်ပါငွေဒဏ်များသည် ယခုခေတ် ငွေတန်ဖိုးဖြင့် ကလေးမုန့်ဖိုးပင်မရှိဟု ဆိုနိုင် သော် လည်း သူ့ခေတ်သူ့အခါက လုံလောက် သော အတိုင်းအတာတစ်ခုအထိ ထိရောက် မှုရှိ ၍ ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေ များတွင် (၅၀ိ/-) အစား (၅၀၀၀၀ိ/-)၊ (၂၀၀ိ/-) အစား (၂၀၀၀၀၀ိ/-) စသည်ဖြင့် ပြင်ဆင်ပြဋ္ဌာန်း လိုက်မည်ဆိုလျှင် တရားရုံးများ က ၎င်းင်းအတိုင်း ငွေဒဏ်ချမှတ်နိုင်ပါလိမ့်မည်။ ထိုသို့ မပြဋ္ဌာန်းသေးသမျှ လက်ရှိဥပဒေ ပြဋ္ဌာန်း ချက်အတိုင်းသာ တရားရုံးက ငွေဒဏ်ချမှတ် နိုင် မည်ဖြစ်ပါသည်။ ဥပဒေကို ကျော်လွန်၍ မရပါ။

ဤသည်ကို အချို့က ပါးတစ်ချက်ရိုက် တာငွေဒဏ် (၁၀၀၀ိ/-) ဆိုရင် ငွေ (၅၀၀၀ိ/) ပေးပြီး ၅ ချက် လောက်ရိုက်ချင်တယ်ဟု စည်း ၀ါးလွတ် အမနာပပြောခြင်းမျိုးရှိပါသည်။ ငွေ ဒဏ် (၁၀၀၀ိ/-) သည် တည်ဆဲဥပဒေပြဋ္ဌာန်း ချက်ဖြစ်၍ ပြက်ရယ်မပြုသင့်ပါ။ ငွေဒဏ် (၁၀၀၀ိ/-) ကလေး မုန့်ဖိုးမျှ ဖြစ်သည်ဆိုရုံဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ သာမန်နာ ကျင်စေမှု ကျူးလွန် တိုင်း ထောင်ဒဏ်ချည်း သာချမည်ဆိုလျှင် သင့်လျော်မျှတ ပါမည်လော၊ ဖြစ်နိုင် ပါမည်လော။

ငွေဒဏ်(၁၀၀၀ိ/-) သည် ကလေးမုန့်ဖိုးမျှ ဖြစ်၍ ထိရောက်အောင်ဆိုပြီး ကျောင်းသား  ချင်း၊ မိန်းကလေး အပျိုအရွယ်သူငယ်ချင်းချင်း၊ ဆွေမျိုးသားချင်း၊ အိမ်နီးချင်း မိတ်ဆွေချင်း ချင်း အခန့်မသင့်၍ ခိုက်ရန်ဖြစ်ပွားရာ၌ အနည်းအကျဉ်း နာကျင်စေမှုဖြစ်တိုင်း ထောင်ဒဏ်ချည်းသာ ချသင့်ပါသလား။ ကျောင်း သားကျောင်းသူလူငယ်များ ဆိုင်ကယ်မတော် တဆဖြစ်၍ အနည်းအကျဉ်း ဒဏ်ရာရတိုင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ အရထောင်ဒဏ် ချည်းချ၍ဖြစ် ပါမည်လား။

(၅၀၀၀ိ/-)ပေး၍ ပါး ၅ ချက်ရိုက်မည် ဆိုသောသူသည် မိမိကိုယ်တိုင်၊ မိမိသား သမီး၊ ဆွေမျိုး သားချင်းများ တရားခံဖြစ်သည့်အ လှည့်တွင် ထိုစကားမျိုး ပြောနိုင်ဦးမှာလား၊ စဉ်းစား စရာ ဖြစ်ပါသည်။

ယဉ်ကျေးသောလူ့အဖွဲ့အစည်းတွင် တရား စီရင်ရာ၌ ပြစ်ဒဏ်ပေးခြင်းသည် လက်စား ချေခြင်း မဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ၏အကျင့်စာရိတ္တကို ပြုပြင်၍ လူကောင်းသူကောင်းဖြစ် လာစေရန်သာ မျှော်မှန်းကြောင်း၊ ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတိုင်း၊ နိုင်ငံသားတိုင်း က လက်ခံကြပါသည်။ မျက်လုံး တစ်လုံးဆုံးလျှင် မျက်လုံးတစ်လုံးချင်း၊ သွားတစ်ချောင်းဆုံးလျှင် သွားတစ်ချောင်းချင်း အလျော်အစားပေးရမည်ဟူသော ဟာမူရာ ဘီ၏ ကိုဓဥပဒေများမှာ မယဉ်ကျေးသေး သောခေတ် (ဘီစီ-၂၀၀၀)ခန့်တွင် ကျန်ခဲ့ပြီ ဖြစ်၍ ပြန်လည် တမ်းတမနေ သင့်တော့ဟု ထင် ပါသည်။

ဥပဒေကျောင်းသားဘ၀တွင် နိုင်ငံနှင့် ဥပ ဒေသမိုင်းဘာသာရပ်၌ မြန်မာဘုရင်များ လက်ထက် တရား စီရင်ရေးစနစ်သင်ကြားရာတွင် မြန်မာလူမျိုးတို့သည် ဥပဒေကို လေးစား သူများ ဖြစ်ကြောင်း၊ မြန်မာတို့သည်ထောင်တန်းကျ မည်ကို ကြောက်ရွံ့ခြင်းထက် ထောင်တန်း ကျစေသည့် အဓမ္မမှုများကို စက်ဆုပ်သူများ ဖြစ်ကြောင်း နာခံမှတ်သားဖူးပါသည်။ ယဉ် ကျေးသော မြန်မာများအဖို့ တရားရုံးက အ ပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရလျှင်ပင် အလွန်နစ် နာလှပြီဖြစ်ပါသည်။ မဖြစ်စလောက် ငွေဒဏ် ဟူ၍ပြက်ရယ်ပြုမည်မဟုတ်ပါ။

တရားစီရင်ရေးနှင့် ပတ်သက်၍ လူကြီးဆို သူများအပါအ၀င် အချို့ကပြစ်ဒဏ်နည်းသည်၊ များသည် ဟူ၍ အခြေအမြစ်မခိုင်လုံဘဲ စိတ် မှန်းဖြင့် ခပ်ပေါ့ပေါ့၊ခပ်လွယ်လွယ်ပြောတတ် ပါ သည်။ ၎င်းင်းတို့၏ စကားသည် ခြင်းချက်မရှိ မှန်သည်ဟု အာမခံနိုင်ပါမည်လား။ သူတစ်ပါး ကို မတရားသဖြင့် ထောင်တန်းကျစေလိုသော စိတ်သည် ကုသိုလ်စိတ်မဖြစ်နိုင်ပါ။ အကုသိုလ်စိတ် သာဖြစ်နိုင် ပါသည်။ နေရင်းထိုင်ရင်း အကုသိုလ်ယူ၍ အပါယ်စခန်းကို ခြေမလှမ်းသင့်ဟု ထင်ပါသည်။

ရန်ကုန်တိုင်းဂျာနယ်အတွဲ ၁၀ ၊ အမှတ် ၁၇ မှာ နှင်းကိုရေးသည့် ““တရားစီရင်ရေး မဏ္ဍိုင်သုံးနှစ်အတွင်း ဘယ်လောက်တည့် မတ်ခဲ့သလဲ””ဆောင်းပါကိုဖတ်ရပါသည်။

ဆောင်းပါးတွင် လှိုင်မြစ်အတွင်းမှတွေ့ ရသည့် မိန်းကလေးအလောင်း နှင့်ပတ်သက် ၍ မြို့နယ်နှင့်ခရိုင်တရားရုံးကရေနစ်သေဆုံး ခြင်း ဖြစ်သည်ဟု ဆုံးဖြတ်ခြင်းကို မိခင်ဖြစ် သူကလက်မခံ နိုင်သောကြောင့် တိုင်းဒေသ ကြီးတရားလွှတ်တော်သို့ ပြန်လည်စိစစ်ပေး ရန်တင်ပြထား ကြောင်း၊ မိခင်ဖြစ်သူက သွေး ရိုးသားရိုးသေခြင်းမဟုတ်ဟု ယုံကြည်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်း မဖြစ် နိုင်ကြောင်း၊ ရေထဲက တွေ့သည့်အလောင်း မှာ အဆုတ်တွင် ရေ၀င်သည်ကတော့ရှိမည် ဖြစ်ကြောင်း၊ အခြားသူ၏လုပ်ကြံမှုဟု ယုံ ကြည်ကြောင်း၊ အမှုမှန်မပေါ်သရွေ့ တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း၊ သက် သေအထောက်အထားဓာတ်ပုံများ ရှိသော် လည်း အမှုကိုပြောင်းဖွင့်၍ မရတော့ကြောင်း၊ တိုင်းတရားရုံးကလည်း ခရိုင်တရားရုံးလိုပဲ ဆုံးဖြတ်လျှင် တရားစီရင်ရေးစနစ်ကို မယုံ ကြည် တော့ဘူးဟု မိခင်ဖြစ်သူကပြောကြောင်း ဖေါ်ပြပါသည်။

ဆက်လက်၍ “လက်ရှိတရားစီရင်ရေးစနစ် ကို ပြည်သူအားလုံး အဓိကမေးခွန်းထုတ် နေ ကြသည်မှာ တရားရေးမဏ္ဍိုင်အပေါ် ဒေါ်နော်မယ်စေး တို့လိုပြည်သူများ၏ ယုံကြည်မှုများ  အင်မတန် လျော့နည်းနေ၍သာဖြစ်သည်””ဟု  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြောင်း ဖော်ပြပါသည်။ ဆက်လက်၍ တရားစီရင်ရေးကို အပုပ်ချသည့်ဝေဖန်ချက် များ ဝေေ၀ဆာဆာ သိုင်းသိုင်းဝိုင်းဝိုင်း အာ သွက်လျှာသွက်ရေးသားထားပါသည်။

၎င်းဆောင်းပါးနှင့်ပတ်သက်၍ တစ်ချက်တည်းသာဆွေးနွေးလိုပါသည်။ အထက်ပါ မိန်းကလေး သေဆုံးမှုကိစ္စဖြစ်ပါသည်။ သေသူ မိန်းကလေး၏ မိခင်ကို သားသမီးရှင်ချင်း ဖြစ်၍ ကိုယ်ချင်းစာလှပါသည်။ ၎င်းကို မထိ ခိုက်စေလိုပါ။ သို့သော် အထက်ပါဖော်ပြချက်များသည် ဖြောင့်မှန်ရိုးသားသော မသိနားမလည်သူများက တရားရုံးများအပေါ် အထင်အမြင် လွဲမှားစေနိုင်သောကြောင့် ဆွေးနွေးရခြင်း ဖြစ်ပါသည်။

ရေထဲက အလောင်းတွေ့ခြင်းမျိုးတွင် ဖြစ်နိုင်သော အခြေအနေ အဓိကအားဖြင့်နှစ်မျိုး ရှိနိုင်ပါသည်။ ရေထဲကျပြီးမှသေခြင်းနှင့်သေ ပြီးမှ ရေထဲကျခြင်းဖြစ်ပါသည်။ သေပြီးမှ ရေ ထဲကျခြင်းမှာ လူကိုသတ်ပြီးမှ အလောင်းကို ရေထဲချခြင်းမျိုးဖြစ်ပါသည်။ ဆေးပညာအရ သေပြီးမှ ရေထဲကျသူသည် ရေထဲ၌အသက် ရှုခြင်းမရှိသောကြောင့် ၎င်းင်း၏အဆုတ်တွင်း၌ ရေ၀င်ရန်အကြောင်းမရှိဟု သိရပါသည်။

ရေထဲကျပြီးမှသေခြင်းမှာမူ သေသူ၏ဆန္ဒ အလျောက် ရေထဲဆင်းရာမှ ရေနစ်ခြင်း၊ မ တော်တဆ ရေထဲကျ၍နစ်ခြင်း၊ သူတစ်ပါး တွန်းချ၍ ရေထဲကျပြီးနစ်ခြင်း၊ အကြောင်း တစ်ခုခုကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရ၍ ရေထဲကျပြီးနစ်ခြင်း၊ သူတစ်ပါးပယောဂကြောင့် ထိခိုက်ဒဏ်ရာ ရပြီးမှရေထဲကျ၍ နစ်ခြင်း စသည်တို့ဖြစ်ပါသည်။

ရေထဲကျပြီးမှသေသူသည် မသေမီရေထဲ ၌အသက်ရှုခဲ့သောကြောင့် အဆုတ်အတွင်း ရေ၀င်ပါသည်။ ထို့ကြောင့် ရေတွင်တွေ့သည့် အလောင်းတွင် ခန္ဓာကိုယ်အတွင်း/အပြင်၌ ဒဏ်ရာ တစ်စုံတစ်ရာ လည်းမရှိ၊ အခြားသေ လောက်သော ရောဂါလက္ခဏာနှင့် အကြောင်း တရားတစ်စုံတစ်ရာ လည်းမရှိဘဲ အဆုတ် တွင်း၌လည်း ရေ၀င်နေသည်ကိုတွေ့ရလျှင် ဆေးပညာအရ ရေနစ်သေဆုံးသည် ဟုသာ မှတ်ချက်ပေးကြောင်းသိရပါသည်။ သူတစ်ပါး ကရေထဲတွန်းချ၍ရေနစ်သေဆုံးလျှင်လည်း အလားတူပင်ဖြစ်ပါသည်။ သူတစ်ပါး တွန်းချ ခြင်း ဟုတ်၊ မဟုတ်ကိုမူ ဆရာဝန်နှင့်တရား သူကြီးတို့တွင် နတ်မျက်စေ့မရှိ၍ သိနိုင်မည် မဟုတ်ပါ။

ထို့ကြောင့်ရေထဲကျပြီးမှအလောင်းတွေ့ရှိခြင်းနှင့်ပတ်သက်၍ သေဆုံးပုံစုံစမ်းမှုပြုရာ တွင် သေသူ၌ ခန္ဓာကိုယ်အတွင်း/အပြင်တို့၌ ဒဏ်ရာတစ်စုံတစ်ရာလည်းမရှိ၊ အဆုတ်တွင်း ၌လည်း ရေတွေ့ရပြီး ဆရာဝန်ကလည်းရေ နစ်သေကြောင်း မှတ်ချက်ပေးထားသည်ဆို လျှင် ရဲ၊ တရားသူကြီး တို့က ဓမ္မအလျောက် သေဆုံးခြင်းဟူ၍သာ မလွဲမသွေ ဆုံးဖြတ်ရ မည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် အခြားသက်သေခံချက်များ ပေါ်ပေါက်လာခြင်းကြောင့် လူ သတ်မှုဖြစ်သွားမည် ဆိုလျှင်လည်း သီးခြား  ကဏ္ဍသာဖြစ်ပါသည်။ တရားရုံးအပေါ် အပြစ်မြင်ရန်အကြောင်း မရှိပါ။ ဤသည်ကို အ တွေ့အကြုံရင့်ကျက်၊ တတ်ကျွမ်းနားလည်သော ရှေ့နေကြီးများသိကြပါသည်။

အထက်ပါအခြေအနေတွင် သားသမီး ဇောဖြင့် ယူကျုံးမရ အပူလုံးကြွနေသည့် မသိ နားမလည်သော သေသူမိန်းကလေး၏ မိခင်က တရားရုံးများအပေါ် အထင်အမြင်လွဲမှားသည်မှာအပြစ် ဆိုစရာမရှိသော်လည်း ပညာရှိ ဆိုသောရှေ့နေကြီးနှင့် ဂျာနယ်လစ်တို့ကပါ ရောရောင်၍ မြှောက်ထိုးပင့်ကော်ဖြင့် တရားရုံး များကိုဝိုင်းဝန်းအပုပ်ချတိုက်ခိုက်သည်မှာမူ မသင့်လျော်ဟုထင်ပါသည်။

အထက်ပါဖြစ်စဉ်သည်ရန်ကုန်မြို့ကြီးတွင် မဟုတ်ဘဲ ဝေးလံခေါင်သီသောဒေသတွင် ဖြစ် ပွားခဲ့ပြီး ယခုကဲ့သို့ ဂျာနလစ်နှင့် ရှေ့နေကြီးတို့ ကမြှောက်ပေးခြင်း၊ မပြည့်ဝသော အခွင့်အာဏာရှိသူ များက ဖိအားပေးခြင်းမျိုးပြု လုပ်မည် ဆိုပါက မဆိုင်သူများမလိုအပ်ဘဲ ဖမ်းဆီးချုပ် နှောင် စစ်ဆေးခံရခြင်းကဲ့သို့သော မှားယွင်း သည့် စိတ်မချမ်းမြေ့ဖွယ်အနိဌာရုံဖြစ်စဉ်၊ ဖြစ် ရပ်များ ပေါ်ပေါက်နိုင်ပါသည်။

ယခုလည်းအနည်းဆုံးအားဖြင့် သေမှုသေခင်းစုံစမ်းစစ်ဆေးသောရဲနှင့် ၎င်းင်း၏ အထက် အရာရှိများ၊ ဆရာဝန်နှင့်တရားသူကြီးများ စိတ် ဆင်းရဲ၊ပူပင်သောကဖြစ်ကြရမည်မှာသေချာ  ပါသည်။ သေသူမိန်းကလေး၏မိခင်မှာလည်း အပူငြိမ်းသင့်သည့်အချိန် မငြိမ်းနိုင်ဘဲဖြစ်ပါလိမ့်မည်။ သူတစ်ပါး၏ကိုယ်စိတ်ဆင်းရဲမှုဖြစ် စေခြင်းသည် မည်သည့်နည်းဖြင့်မျှ ကုသိုလ် မဖြစ်နိုင်ပါ။ အကုသိုလ်သာဖြစ်ပါလိမ့်မည်။ အကုသိုလ်ကံသည် အပါယ်လားရာ အကြောင်း ဖြစ်ပါသည်။

တရားသူကြီး၊ ဥပဒေအရာရှိ၊ ရှေ့နေ၊ ရဲများ ဘ၀ပေးအခြေအနေကြောင့် အပါယ် ဘေးနီးလှသောအလုပ်ကို မလွဲမရှောင်သာ လုပ်နေကြရချိန် တွင် လွှဲရှောင်ရန်အခွင့်အရေးရှိပါလျှက် အတင်းအဓမ္မ ငရဲကို လမ်းကြုံလိုက်ဖို့ ကြိုးစားနေသူများကိုမူ မိုက်မဲလွန်းသည်ဟု ဆိုရမည်ထင်ပါသည်။

- ဖိုးသုဉာဏ် -

credit>>>The Ladies News

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...