Saturday, July 22, 2017

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ further inquiry ဆိုသည်မှာ

မောင်မျိုး ။    ။ ကျင့်ထုံးပုဒ်မ ၄၃၆ အရ  further inquiry နဲ့ပတ်သက်ပြီး ဦးခင်မောင်ပါ၃ နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ
 မြန်မာနိုင်ငံ တော်ပါ၂ (၁၉၈၃၊မတစ၊ စာ - ၈၂ )မှာ

မူလရုံးက ဆက်လက်ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ညွှန်ပြ၍ "ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ အမှုကို ဆက်လက်စုံစမ်း  စစ်ဆေးရန်" ဟူ၍သာ အမိန့်ချနိုင်တယ်လို့ 

ညွှန်ပြထားတာ အစ်ကိုတစ်ခါပြောဖူးလို့ 
မှတ်သားဖူးပါတယ်။ ကျင့်ထုံးပုဒ်မ ၄၃၆ နှင့်ပတ်သက်ပြီး သတိပြုရမည့်  ကျန် လုပ်ထုံးလေးတွေရှင်းပြပါဦးအကို။

TMH ။   ။ ကျင့်ထုံးပုဒ်မ ၄၃၆ အရ further inquiry ပြုလုပ်စေနိုင်သည့် အမိန့် (၃)မျိုး ရှိပါတယ်။

 (၁)  ကျင့်ထုံးပုဒ်မ ၂၀၃ အရ တိုင်တန်းချက်ကို ပလပ်သောအမိန့်
 (၂) ကျင့်ထုံးပုဒ်မ ၂၀၄(၃) အရ တိုင်တန်းချက်ကို ပလပ်သောအမိန့်
 (၃) စွဲချက်မတင်မီလွှတ်သောအမိန့်  

မောင်မျိုး ။   ။  further inquiry နှင့်ပတ်သက်ပြီး ညွှန်ကြားခွင့်ကို ဘယ်ရုံးတွေက ရရှိတာလဲအကို။

TMH ။  ။ ၂၀၁၆ ခုနှစ် ရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၅(ခ) နှင့် ၂၆ အရ the Supreme Court of the Union or a High Court of the Region of High Court of the State or District Judge တို့သည် District Court(ခရိုင်တရားရုံး) သို့  further inquiry ကိုယ်တိုင် ပြုလုပ်ရန် သို့မဟုတ် ခရိုင်တရားရုံး၏လက်အောက်ခံ ရာဇ၀တ်တရားသူကြီးတစ်ဦးဦးအား further inquiry ပြုလုပ်စေရန် ညွှန်ကြားပိုင်ခွင့်ရှိပါတယ်။

District Court  (ခရိုင်တရားရုံး)အနေနဲ့ဆိုရင်တော့  further inquiry ကိုယ်တိုင် ပြုလုပ်နိုင်တယ်။ လက်အောက်ခံ ရာဇ၀တ်တရားသူကြီးတစ်ဦးဦးအား further inquiry ပြုလုပ်စေနိုင်ပါတယ်။

မောင်မျိုး။     ။  ဟုတ်ကဲ့

TMH ။  ။ တစ်ခုသတိထားရမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သိုမဟုတ် ဒေသ တရားရုံးတွေက ကျင့်ထုံးပုဒ်မ ၄၃၉ အရ အာဏာ ရရှိပေမယ့် ကျင့်ထုံးပုဒ်မ ၄၃၆ အာဏာ မရှိဘူးဆိုတာသတိပြုရပါမယ်။ 

---

မောင်မျိုး။      ။  ဟုတ်ကဲ့။ further inquiry ပြုလုပ်စေတဲ့အခါမှာ မူလရုံးတွေကို ပြန်ညွှန်ကြားနေတာ တွေတွေ့ရတယ်အစ်ကို ကျနော်စဉ်းစားမိတာက သက်သေခံချက်တစ်မျိုးတည်းအပေါ်မှာပဲ ပြန်စဉ်းစား မှာ ဆိုတော့ မူလရုံးတွေကို  further inquiry  လုပ်ဖို့ ပြန်ပို့တာမှန်ပါ့မလားအကို။ 

TMH ။  ။ ဖိုးဝင်း နှင့် အစိုးရ (အတွဲ ၁ အောက်မြန်မာပြည် စာ ၃၁၁)မှာ ခရိုင်ရာဇ၀တ် တရားသူကြီး သည် စွဲချက်မတင်မီလွှတ်လိုက်သည့် ရာဇ၀တ်တရားသူကြီးအား သက်သေခံချက်များကို ပြန်လည် သုံးသပ်ရန် (reconsideration of evidence) သို့မဟုတ် အခြားရာဇ၀တ်တရားသူကြီးတစ်ဦးအား ထပ်မံစုံစမ်းစစ်ဆေးစေရန် ( a new inquiry before another Magistrate) ညွှန်ကြားနိုင်ကြောင်း အောက်ပါအတိုင်းပြဆိုပါတယ်။ 

 A Court of Session or a District Magistrate has jurisdiction to direct a reconsideration of the evidence by the same Magistrate who discharged the accused, or a new inquiry before another Magistrate, on the grounds inter alia of mistake of law or incorrectness of the first finding.

မောင်မျိုး ။      ။  ဟုတ်ကဲ့။ reconsideration of evidence ဆိုရင် မူလတရားသူကြီးကို လုပ်စေရမှာ ဖြစ်ပြီး new inquiry ဆိုရင် another Magistrate ကိုလုပ်စေရမယ်လို့ ဆိုတယ်လို့ အနှစ်ချုပ်ရမလား အကို။
 
TMH ။      ။ ကျနော်တော့အဲလိုပဲမြင်ပါတယ်။  

ဦးချစ်မောင်၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေဋီကာ စာ ၁၂၈၀ မှာ

 ထပ်မံစစ်ဆေးခြင်းပြုလုပ်ရာ၌ သက်သေခံချက်တစ်မျိုးတည်းကိုဖြစ်စေ၊ သက်သေတစ်ယောက် တည်း၏အစစ်ခံချက်ကို စဉ်းစားဆင်ခြင်ရန်ရှိသည့်အခါတွင် ပထမစုံစမ်းစစ်ဆေးပြီး အမှုအပေါ် ထင်မြင် ယူဆချက်ပါဝင်သော တရားသူကြီးမှတစ်ပါး အခြားတရားသူကြီးတစ်ယောက်က စုံစမ်းစစ်ဆေးရန် အလိုရှိအပ်သည် လို့ဖော်ပြထားပါတယ်။ 

မောင်မျိုး ။      ။  ဟုတ်ကဲ့။

TMH ။     ။ မောင်ချစ်ပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၁ မတစ စာ ၅)စီရင်ထုံးရဲ့ စာမျက်နှာ -၈ မှာ  

"သာမန်အားဖြင့် တရားရှင်လွှတ်သောအမိန့်ကို ပယ်ဖျက်၍ တရားခံအပေါ် ဆက်လက်စစ်ဆေးစေရန် အမိန့်ချမှတ်သောအခါ မူလရုံး အား ပြန်၍ပေးပို့ခြင်းမပြုသင့်ပေ။ သို့ရာတွင် ယခုအမှု၌ မူလရုံးတရားသူ ကြီးသည် မူလရုံး၌၀တ္တရားဆောင်ရွက်ခြင်းမရှိတော့ကြောင်း သိရ၍ ယင်းကိစ္စနှင့်ပတ်သက်၍ ပြင်ဆင်ရန် မလိုတော့ပေ။"လို့ ဆုံးဖြတ် တာတွေ့ဖူးတယ်။  

မောင်မျိုး ။    ။  ဟုတ်ကဲ့။

TMH ။     ။ အဲဒီအချက်တွေအရဆိုရင်တော့ လက်အောက်ခံတရားသူကြီး အား  further inquiry  ပြုလုပ် စေတဲ့နေရာမှာ  မူလအမိန့်ကို ချမှတ်သည့် တရားသူကြီးမဖြစ်သင့်ဘူးလို့ယူဆပါတယ်။ 

မောင်မျိုး ။      ။  မူလရုံးမှာ ရာဇ၀တ်တရားသူကြီးတစ်ဦးတည်းရှိရင် ဘယ်လိုလုပ်မလဲအစ်ကို။

TMH ။       ။  အဲဒါဆိုလည်း ကျင့်ထုံးပုဒ်မ ၄၃၆ အရ ခရိုင်တရားရုံးက ကိုယ်တိုင်စစ်ဆေးရုံပေါ့ညီ။ 

ဒါမှမဟုတ်လည်း ၄၃၆ မှာ လက်အောက်ခံရာဇ၀တ်တရားသူကြီး လို့ ပဲ ဆိုတာလေ။ 

အခြားမြို့နယ်တရားရုံးတစ်ရုံးကို ရုံးပြောင်းပြီး further inquiry လုပ်စေလို့လည်းရပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၅၅(ခ)မှာ ခရိုင်တရားရုံးသည် အမှုကို လွှဲပြောင်းပေးမှုကို စီရင်ပိုင်ခွင့်အာဏာရှိတယ်မဟုတ်လားညီ။

မောင်မျိုး ။      ။ ဟုတ်ကဲ့။ 

TMH ။      ။ လက်အောက်ခံရာဇ၀တ်တရားသူကြီးကို further inquiry ပြုလုပ်စေတဲ့နေရာမှာ မူလအမိန့်ကို ချမှတ်ခဲ့တဲ့ ရာဇ၀တ်တရားသူကြီးထက် ရာဇ၀တ်အာဏာ မနိမ့်သည့် တရားသူကြီးဖြစ်ရန်လိုအပ်တယ်ဆို တဲ့အချက်ကို သတိထားရပါမယ်။ 

ဆိုလိုတာက စွဲချက်မတင်မီလွှတ်တဲ့ရာဇ၀တ်တရားသူကြီးက အထူးရာဇ၀တ်အာဏာရ ဖြစ်နေရင်  further inquiry ပြုလုပ်စေတဲ့ another Magistrate ကလည်း အထူး ရာဇ၀တ်အာဏာဖြစ်နေဖို့လိုပါတယ်။ 

မောင်မျိုး ။     ။   ဟုတ်ကဲ့။ further inquiry ပြုလုပ်ရတဲ့တရားသူကြီးက ဘယ်လိုဆက်လက်ဆောင်ရွက် ရမလဲ။

TMH ။       ။ another Magistrateထံ အမှုကို further inquiry လုပ်စေတဲ့ကိစ္စမှာ အဲဒီ တရားသူကြီးသည် မူလအမိန့်ကို ချမှတ်သည့်တရားသူကြီးကို ဆက်ခံတယ်လို့ ကျင့်ထုံးပုဒ်မ ၃၅၀(၃) အရ မှတ်ယူရမှာဖြစ်ပါတယ်။ 

ဒါ့ကြောင့် ကျင့်ထုံးပုဒ်မ ၃၅၀(၁) အရ အမှုကို အစမှပြန်လည် စစ်ဆေးနိုင်ပါတယ်။ 

မောင်မျိုး ။    ။ ကျင့်ထုံးပုဒ်မ ၃၅၀(၁)အရ အမှုကို အစမှ ပြန်မစစ်ဘဲ ရှိတဲ့သက်သေခံချက်ကိုပဲ ဆုံးဖြတ်ပြီး အမှုကို ဆက်လက်စစ်ဆေးသွားလို့ရလားအကို။

TMH ။    ။ နောက်ထပ်စုံစမ်းမှု ဆိုရာတွင် သက်သေများကိုစစ်ဆေးခြင်း သက်သက်ကိုသာဆိုလိုသည်မဟုတ် သက်သေခံချက်များကို ထပ်မံသုံးသပ်ခြင်းလည်း အကျုံးဝင်သည်ဖြစ်၍ အမှုစစ်တရားသူကြီးက သက်သေခံချက်များကိုစိစစ်ပြီး တရားခံအပေါ်စွဲချက်တင်နိုင်သည် ဟု ရာဇ၀တ်ဥပဒေဂျာနယ်အတွဲ ၂၉ စာ ၈၃၈ မှာ ထုံးဖွဲ့ထားကြောင်း ဆရာဦးမြ သောင်းပြောင်းထွေလာဥပဒေပြဿနာ အမှတ် - ၆ စာ ၁၆ မှာ တွေ့ရှိရပါတယ်။

မောင်မျိုး ။       ။   ဆိုလိုတာက ရှိတဲ့သက်သေခံချက်ကိုပဲ သုံးသပ်ပြီး စွဲချက်တင်ကာ ဆက်လက်စစ်ဆေးသွားနိုင်တယ်လို့ ဆိုချင်တာပေါ့ အကို။

TMH ။       ။    မှန်ပါတယ်။ further inquiry မှာ သက်သေခံချက်များကို ထပ်မံသုံးသပ်ခြင်းလည်း အကျုံးဝင်ပါတယ်။ 

မောင်မျိုး ။   ဟုတ်ကဲ့အကို။ 

TMH ။     ။   မောင်ချစ်ပါ ၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၁ မတစ စာ ၅)မှာ 

"ဆက်လက်စစ်ဆေးသည့် ရာဇ၀တ်တရားသူကြီးသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။ ဥပမာ ၄င်းအနေဖြင့် စစ်ဆေးပြီးသည့် သက်သေကိုဖြစ်စေ၊ မစစ်ဆေးရသေးသည့်သက်သေကိုဖြစ်စေ၊ ခေါ်ယူစစ်ဆေးနိုင်သည်။ တရားခံအပေါ်စွဲချက်တင်လိုက တင်နိုင်သည်။ မည်သည့်ပုဒ်မဖြင့် စွဲချက်တင်ရမည်ဟု မိမိဘာသာဆုံးဖြတ် နိုင်သည်" ဟု လမ်းညွှန်ချက်ကို သတိမူရန်ဖြစ်ပါတယ်။ 

မောင်မျိုး ။      ။   ဒါဆို  further inquiry လုပ်ရတဲ့တရားသူကြီးက စွဲချက်မတင်ပဲ တရားခံကိုလွှတ်လို့ရတယ်ပေါ့။ 

TMH ။         ။ ၁၉၇၁ မတစ စာ ၅ မှာ " တရားခံအပေါ်စွဲချက်တင်လိုက တင်နိုင်သည်" လို့ဆိုတာပဲလေ။ စွဲချက်တင်စရာရှိမှ တင်ရမှာပေါ့။ 

မောင်မျိုး ။         ။ အဲဒါကြောင့် မူလအမှုစစ်တရားသူကြီးဆီ further inquiry လုပ်ဖို့ မချသင့်တဲ့အကြောင်း ကို ကျနော်သဘောပေါက်ပြီ။ 

မူလအမှုစစ်တရားသူကြီးစိတ်ထဲမှာ ဒီတရားခံကို စွဲချက်တင်ဖို့မလိုဘူးလို့ ယူဆချက်ရှိနေတော့ သူဆီပြန်ချလဲ သူက စွဲချက်မတင်မီပြန်လွှတ်မှာပဲလေ။ further inquiry လုပ်ခိုင်းတာ အဟောသိကံဖြစ်ပြီပေါ့။  

TMH ။      ။ ၁၉၇၁ မတစ စာ ၅ မှာ further inquiry လုပ်တဲ့တရားသူကြီးမှာ ဥပဒေနှင့်အညီ လွတ်လပ်စွာ စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်လို့ ဆိုနေတော့ another Magistrate ဆီချပေးမှ further inquiry ဖြစ်မှာပါ။ 

မောင်မျိုး ။       ။  ဟုတ်ကဲ့

TMH ။      ။ နောက်ဆုံးပြောချင်တာတစ်ခုရှိပါတယ်။ 

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ further inquiry ဆိုသည်မှာ စွဲချက်တင်ပြီး အမှုကို ဆက်လက်စစ်ဆေးပါလို့ ခရိုင်တရားရုံးက လက်အောက်ခံရာဇ၀တ်တရားသူကြီးကို  ညွှန်ကြားတာ 

မဟုတ်ဘူးဆိုတာပါဘဲ။ 

further inquiry လုပ်ပြီး စွဲချက်မတင်မီလွှတ်သင့်ရင်လွှတ်ရမယ်ဆိုတာပါပဲ။ 

မောင်မျိုး ။  ကျေးဇူးတင်ပါတယ်အကို။

----

လေးစားစွာဖြင့်

Tun Myo Htay

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...