Saturday, December 27, 2014

ဥပဒေကြမ်းများ ဥပဒေဖြစ်လာခြင်း


ဥပဒေကြမ်းများ ဥပဒေဖြစ်လာခြင်း


ကိုဖြူ ။ ။ “ဥပဒေ” ကို ဘယ်အဖွဲ့အစည်းတွေက ပြုလုပ်သလဲဆရာ။
ယူတီကေ ။ ။ “ဥပဒေ”ကို ဥပဒေပြုခွင့်အာဏာရှိတဲ့သူ၊ အာဏာရရှိထားတဲ့အဖွဲ့အစည်းက ပြုလုပ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းက ဥပဒေပြုခွင့်အာဏာရရှိထားတယ်၊ ရယူထားတယ်ဆိုတာ ကတော့ အဲဒီလူ့အဖွဲကအစည်း၊ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရှိ/မရှိ ကြည့်ရပါတယ်။ မရှိရင် ဘယ်သူ၊ ဘယ်အဖွဲ့စည်းက ကိုင်တွယ်ကျင့်သုံးနေသလဲဆိုတဲ့ အပေါ်တည်ပြီး ဥပဒေ ဆိုတာတွေ ပေါ်ပေါက်လာပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိတယ်ဆိုရင်တော့ ဘယ်အဖွဲ့ အစည်းကို ဥပဒေပြုအာဏာအပ်နှင်းထားတယ်ဆိုတဲ့ အချက်ပါလေ့ရှိပါတယ်။


ကိုဖြူ ။ ။ အခြေခံဥပဒေမရှိတဲ့ကာလဆိုတာ ရှင်းပြပါဆရာ။
ယူတီကေ ။ ။ (၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါလီမန်လွှတ်တော်နှစ်ရပ် (ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်)လို့ရှိပါတယ်။ အဲဒီ ပါလီမန်က ဥပဒေပြုပါတယ်။ ပါလီမန်က ပြုလုပ်ပြဠာန်းလိုက်တဲ့ ဥပဒေတွေကို (ACT) အက်ဥပဒေ လို့ခေါ်ကြပါတယ်။ ဒီကာလဟာ ခြေဥရှိတဲ့ကာလပါ။
(၁၉၆၂) မှာ အာဏာသိမ်းပြီး၊ ပါလီမန်ကို ဖျက်သိမ်းခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျောက် ကွယ်၊ ပျက်သုဉ်းခဲ့ရပါတယ်။ ၁၉၆၂ ကစပြီး အာဏာသိမ်းလိုက်တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းဟာ အချုပ်အခြာအာဏာ (၃)ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးကို ၄င်းသဘောဆန္ဒအလျောက် ကိုင်တွယ်ကျင့်သုံးပါတယ်။ ၁၉၆၂ က ၁၉၇၄ အထိ ဗိုလ်ချုပ်ကြီးနေ၀င်း ပြဠာန်းခဲ့တဲ့ ဥပဒေတွကို “တော်လှန်ရေးကောင်စီခေတ်ဥပဒေများ” ဆိုပြီး၊ စာအုပ်ကြီး (၂)အုပ် ထုတ်ထား တာရှိပါတယ်။ ဒီကာလဟာ ခြေဥမရှိတဲ့ကာလဖြစ်ပါတယ်။
(၁၉၇၄) မှာ (မဆလ) ပါတီက ၄င်းတို့စိတ်ကြိုက်၊ အခြေခံဥပဒေတစ်ရပ် ရေးဆွဲအတည်ပြုပြဠာန်းခဲ့ပါတယ်။ (၁၉၇၄) ခြေဥအရ ပြည်သူ့လွှတ်တော်ဟာ နိုင်ငံတော်၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်သည် လို့ ပုဒ်မ-၄၁ မှာ ပြဠာန်း ထားခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ဥပဒေပြုမှုအာဏာဟာ ပြည်သူ့လွှတ်တော်၌သာ တည်ပါတယ်။ ပုဒ်မ-၆၄ အရ နိုင်ငံတော်ကောင်စီ ဖွဲ့စည်းပါတယ်။ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌဟာ နိုင်ငံတော် သမ္မတဖြစ်ပါတယ်။ ၁၉၆၂ အာဏာသိမ်း ဗိုလ်ချုပ်ကြီးနေ၀င်းဟာ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ဘောင်းဘီချွတ်ပြီး (၁၉၇၄) မှာ နိုင်ငံတော်သမ္မတဦးနေ၀င်းလို့ ဖြစ်လာခဲ့ပါတယ်။ ၁၉၇၄ က ၁၉၈၈ အထိ ပြည်သူ့လွှတ်တော်ဥပဒေများ ဆိုပြီး စာအုပ်များထွက်လာပါတယ်။ ဒီကာလဟာခြေဥရှိတဲ့ကာလပါ။
(၁၉၈၈) မှာ (န၀တ) အစိုးရတက်လာပါတယ်။ ၁၉၇၄ ခြေဥဟာလည်း ပျောက်ကွယ်၊ ပျက်သုဉ်းသွားခဲ့ပါတယ်။ (မဆလ) တစ်ပါတီစနစ်ဟာလည်း ချုပ်ငြိမ်းသွားပါတယ်။ တပ်မတော်အရာရှိ (မဆလ) စီအီးစီ (ဗဟိုကော်မတီ)၊ ဒေသပါတီဝင်ပုဂ္ဂိုလ်များဟာ (မဆလ)ပါတီဝင်အဖြစ်က အပြတ်နှုတ်ထွက်ခဲ့ကြပါတယ်။ အာဏာသိမ်း (န၀တ) အဖွဲ့ထဲမှာ ပါလာကြပြီး ၀န်ကြီး၊ တိုင်းမှူးစတဲ့ တာဝန်များ ဆက်လက်ထမ်းဆောင်ကြပါတယ်။ (၁၉၈၈) က (၂၀၁၁) ထိ ကာလ မြန်မာနိုင်ငံဟာ (ခြေဥ) မရှိတဲ့ ကာလဖြစ်ပါတယ်။ ဥပဒေတွေကို (န၀တ) (နအဖ) အနေနဲ့ ပြုလုပ်ပြဋ္ဌာန်းပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာ (၃)ရပ်စလုံး ကို ကိုင်တွယ်ခဲ့ကြပါတယ်။ (၂၉-၃-၂၀၁၄)နေ့အထိ နိုင်ငံတော်အာဏာ (၃)ရပ်ကို၊ ကိုင်တွယ်ကျင့်သုံးသွားတဲ့ ခေါင်းဆောင်ကြီး ဟာ (၁၉၆၂) က (၁၉၈၈) ထိ မဆလ ပါတီဝင်အမှတ် (၁၀၀၁၄၈၉) ဖြစ်ပြီး၊ (မဆလ) တပ်မတော်ပါတီ ညီလာခံ ကိုယ်စား လှယ်ဖြစ်ခဲ့ပါတယ်။ (န၀တ) (နအခ) ခေတ် ဥပဒေများဆိုပြီး စာအုပ်များ ထုတ်ထားတာရှိပါတယ်။ ဒီကာလဟာ ခြေဥမရှိတဲ့ ကာလပါ။
(၂၀၀၈) ခြေဥအရ ဥပဒေပြုရေးအကြောင်း ဆက်လက်တင်ပြပါမယ်။ (၃၀-၃-၂၀၁၁) မှာ ခြေဥ အသစ်အရ အစိုးရသစ် တက်လာခဲ့ပါတယ်။ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော် (အုပ်ချုပ်ရေး) အကြီးအကဲဖြစ်ပါတယ်။ (ပုဒ်မ-၁၉၉-က) အစိုးရသစ်ရဲ့ ပထမဦးဆုံး သမ္မတဟာ (န၀တ/အနဖ)၀င်၊ နိုင်ငံတော်ဝန်ကြီးချုပ် (ဟောင်း) ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးသိန်းစိန် ဖြစ်ပါတယ်။ (၃၀-၃-၂၀၁၁) နေ့ မတိုင်မီနေ့မှာ တပ်မတော်က အငြိမ်းစားယူလိုက်ပြီး အရပ်သားအစိုးရအဖွဲ့မှာ သမ္မတ ဖြစ်လာတာဖြစ်ပါတယ်။
ဥပဒေပြုရေးမှာ လွှတ်တော် (၁၇)ရပ် ရှိပါတယ်။ (ဗုဒ္ဓေါ)
(၁) ပြည်ထောင်စုလွှတ်တော်
(၂) အမျိုးသားလွှတ်တော်
(၃) ပြည်သူ့လွှတ်တော်
(၄) တိုင်းဒေသကြီးလွှတ်တော် (၇)ရပ်
(၅) ပြည်နယ်လွှတ်တော် (၇) ရပ် ။ စုစုပေါင်း (၁၇) ရပ်။
၁။ အမျိုးသားလွှတ်တော်မှာ အရပ်သားအမတ် (၁၆၈) ပါတယ်။
တပ်မတော်ခန့်ကိုယ်စားလှယ် (၅၆) ပါတယ်။
စုစုပေါင်း (၂၂၄) ဖြစ်တယ်။
၂။ ပြည်သူ့လွှတ်တော်မှာ အရပ်သားအမတ် (၃၃၀) ပါတယ်။
တပ်မတော်ခန့်ကိုယ်စားလှယ် (၁၁၀) ပါတယ်။
စုစုပေါင်း (၄၄၀) ဖြစ်တယ်။
၃။ ပြည်ထောင်စုလွှတ်တော်ကတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းထားခြင်းဖြစ်လို့၊ ပုဂ္ဂိုလ် (၆၆၄) (ခြောက်ခြောက်လေး) နဲ့ ဖွဲ့ထားပါတယ်။
၎။ တိုင်းဒေသကြီး (၇)ခုနဲ့ ပြည်နယ် (၇)ခုမှာ ဒေသဆိုင်ရာ လွှတ်တော် (၁၄)ရပ်ရှိတယ်။ သူတို့မှာ ဇယား (၂)မှာပါတဲ့ ဥပဒေများကို ပြဠာန်းခွင့်ရှိတယ်။
ကိုဖြူ ။ ။ ပြည်ထောင်စုအဆင့် ဥပဒေပြုရေးကဏ္ဍရဲ့ လုပ်ငန်းအဆင့်ဆင့်ကို အကျဉ်းချုပ်ပြီး ပြောပြပါ ဆရာ။
ယူတီကေ ။ ။ ဥပဒေတစ်ရပ်ပြဠာန်းနိုင်ဖို့ဆိုရင်၊ ပထမဦးဆုံး ဥပဒေကြမ်း - ဆိုတာက စရပါမယ်။ ဥပဒေကြမ်း ကို သက်ဆိုင်ရာ အဆင့်ဆင့်တင်သွင်း၊ အတည်ပြုပြီး ဥပဒေ (ချော) တစ်ရပ်အဖြစ် ပေါ်ပေါက်လာပါတယ်။
ကိုဖြူ ။ ။ ဥပဒေကြမ်းကို ဘယ်သူတွေက တင်သွင်းနိုင်သလဲဆရာ။
ယူတီကေ ။ ။ (၁) နိုင်ငံတော်သမ္မတ
(၂) ပြည်ထောင်စုအဆင့်အဖွဲ့အစည်း
(၃) ၀န်ကြီးအဖွဲ့
(၄) ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်။

ဆောင်ရွက်ပုံအဆင့်ဆင့်
(၁) ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းရတယ်။
(၂) ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက ထိုတင်သွင်းလာတဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် (သို့မဟုတ်) ပြည်သူ့ လွှတ်တော်ကို လွှဲပြောင်းပေးပို့တယ်။
(၃) လက်ခံရရှိတဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် (သို့မဟုတ်) ပြည်သူ့လွှတ်တော်မှာရှိတဲ့ ဥပဒေကြမ်းကော်မတီများ နဲ့ဆွေးနွေးဆုံးဖြတ်ကြရပါတယ်။
(၄) မိမိတို့လွှတ်တော်မှာ ဥပဒေကြမ်းကို သဘောတူညီကြရင် ထိုဥပဒေကြမ်းကို အခြားလွှတ်တော်သို့ (အမျိုးသား လွှတ်တော်၏ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့၎င်း၊ ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်သို့၎င်း) ပေးပို့ရပါ တယ်။
(၅) အခြားလွှတ်တော်က ပေးပို့လာတဲ့ ဥပဒေကြမ်းကို လက်ခံရရှိတဲ့အခါ၊ မိမိတို့လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ကြရပါ တယ်။ ထိုဆုံးဖြတ်ချက်ကို ပေးပို့လာတဲ့ လွှတ်တော်ကို ပြန်လည်ပေးပို့ရပါတယ်။
(၆) ပြည်သူ့လွှတ်တော်မှာဖြစ်စေ၊ အမျိုးသားလွှတ်တော်မှာဖြစ်စေ စတင်တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ် စလုံးက အတည်ပြုခဲ့ရင်၊ ထိုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုတယ်လို့ မှတ်ယူရပါတယ်။
(ပုဒ်မ-၉၅-က) လွှတ်တော်နှစ်ရပ် သဘောကွဲလွဲနေရင် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရပါတယ်။
(ပုဒ်မ-၉၅-ခ)
(၇) ပြည်ထောင်စုလွှတ်တော်ဟာ အတည်ပြုထားတဲ့ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုးဖို့ ပေးပို့ရတယ်။
(၈) နိုင်ငံတော်သမ္မတဟာ ပေးပို့လာတဲ့ ဥပဒေကြမ်းကို (၁၄)ရက်အတွင်း လက်မှတ်ရေးထိုးရတယ်။
(၉) နိုင်ငံတော်သမ္မတဟာ ထိုကာလအတွင်း မိမိရဲ့ သဘောထား မှတ်ချက်ကို ပြည်ထောင်စုလွှတ်တော်ထံ ပြန်ပို့နိုင်တယ်။
(၁၀) ပြန်ပို့ခဲ့ရင်၊ ပြည်ထောင်စုလွှတ်တော်က သမ္မတရဲ့သဘောထား မှတ်ချက်အပေါ် လက်ခံ၊ လက်မခံဆုံးဖြတ်တယ်။
(၁၁) ထို့နောက် ပြည်ထောင်စုလွှတ်တော်က ဒီဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးပို့တယ်။
(၁၂) (၇)ရက်အတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ထိုးရတယ်။ မထိုးရင် (၇)ရက် ပြည့်တဲ့နေ့မှာ ဥပဒေကြမ်းဟာ (နိုင်ငံတော် သမ္မတရဲ့ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးဖြစ်သကဲ့သို့) ဥပဒေဖြစ်လာပါတယ်။ လက်မှတ်ရေးထိုးခဲ့ရင် ထိုနေ့ကစပြီး ဥပဒေဖြစ်လာပါတယ်။
ကိုဖြူ ။ ။ အခုရက်ပိုင်းမှာ ဥပဒေကြမ်း (၄)ခု သတင်းစာတွေမှာ ပါလာတယ်။ ဘယ်လွှတ်တော်က ရေးဆွဲ ခဲ့တာလဲဆရာ။ ဟို (ပီအာ)သုံးမယ်ဆိုတဲ့ လွှတ်တော်ကများလားဆရာ။
ယူတီကေ ။ ။ x x x x x x x
ကိုဖြူ ။ ။ “ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်” ဆိုတာဘာလဲဆရာ။
ယူတီကေ ။ ။ ၂၀၀၈ ခြေဥ ပုဒ်မ - ၁၀၄ အရ နိုင်ငံတော်သမ္မတက “ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်” တစ်ရပ်ထုတ်ခွင့်ရှိတယ်။ နောက် ထိုအမိန့်ကို အတည်ပြုပေးဖို့ ပြည်ထောင်စုလွှတ်တော် ကို တင်ပြရတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်တယ်။ ကာလသတ်မှတ် ပေးနိုင်တယ်။ အတည်မပြုရင် မပြုတဲ့နေ့က စပြီး ထိုအမိန့် ရပ်စဲတယ် တဲ့။
ကိုဖြူ ။ ။ (မဆလ) ခေတ်မှာလဲ လမ်းစဉ်ပါတီဥက္ကဋ္ဌ ဦးနေ၀င်းကိုယ်စား (ပုံ-ဗိုလ်စိန်လွင်) ဆိုပြီး ”ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်” တွေ ထုတ်ခဲ့ဖူးတယ်ဗျာ။ ၁၉၈၇ ခု စက်တင်ဘာလ (၅)ရက်နေ့ မှာ ကြေညာခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ဆိုတာကို ပြည်သူတွေက “ကနေ့တိုင် မမေ့နိုင်” ဖြစ်နေဆဲပါ။ မြန်မာ့ ရုပ်မြင်သံကြားမှာ “အရှိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ပြနေတဲ့အချိန် ကြားဖြတ်ပြီး သတင်းကြေညာ သွားတာဗျ။ “ပြည်သူတွေရဲ့ ရင်ကိုခွဲ၊ အသဲကို ဆားနဲ့ပက်၊ ဘ၀ပျက်အောင် အရှိုက်ကို ထိုးသွားတဲ့နေ့ မို့လို့ အဲဒီနေ့နဲ့ ထုတ်ပြန်သူ ကို ဒီလို မှတ်ထားကြတယ်ဆရာ။

ငါး - ကိုး - ရှစ် - ခွင် - ဗိုလ် စိန် လွင် တဲ့ ။


UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...