Thursday, December 4, 2014

ပြစ်ချက်ဟောင်းအရ ပြစ်ဒဏ်တိုးမြှင့်ခြင်း။

ပြစ်ချက်ဟောင်းအရ ပြစ်ဒဏ်တိုးမြှင့်ခြင်း။


ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၇၅တွင် နောက်ထပ်ပြစ်မှုကျူးလွန်သူကို မှတ်သားလောက်သည့်
ပြစ်ဒဏ် ချမှတ်နိုင်ရန် ပြဌာန်းထားခြင်းဖြစ်ပါသည်။ သို့ရာတွင် ပြစ်မှု၌ သတ်မှတ်ထား သည့် ပြစ်ဒဏ်သည် လုံလောက်နေပါက ဤပုဒ်မကို အသုံးပြုရန်မလိုပါ။ ပြစ်မှု၏ ပမာဏကိုလိုက်၍ ကြီးလေးသောပြစ်ဒဏ်ကို ချမှတ်နိုင်ရန် ဤပုဒ်မအား ပြဌာန်း ထားခြင်းဖြစ်ပါသည်။

ပြစ်ချက်ဟောင်းဖြင့် ပြစ်မှုထင်ရှားစီရင်နိုင်ရန် အလို့ငှာ

---------------------------------------------
ယင်းပြစ်မှုသည်-
(၁) ပြစ်မှုဆိုင်ရာဥပဒေ အခန်း - ၁၂ နှင့် အခန်း - ၁၇ ပါပြစ်မှုများဖြစ်ရမည်။
(၂) ယင်းအခန်းများရှိ ၃ နှစ်ဖြစ်စေ၊ ၃ နှစ်ထက်ပို၍ ဖြစ်စေ ထောင်ဒဏ် တစ်မျိုးမျိုးထိုက်သင့်သည့် ပြစ်မှုများဖြစ်ရမည်။
(၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင် တရားရုံးတစ်ရုံးရုံးက ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရသူ
ဖြစ်ရမည်။

အထူးသို့မဟုတ် ဒေသန္တရ ဥပဒေတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရသည့် ပြစ်ချက်ဟောင်းကို ဤ ပုဒ်မအရ အသုံးမပြုနိုင် ။ အစိုးရ နှင့် ဘိုးခင် ( ၁၈၉၇-၀၁) အတွဲ - ၁ ၊ အထက်မြန်မာပြည် စီရင်ထုံး စာ -၃၈၈ သက်ဆိုင်ရာဥပဒေ၌ ပြဌာန်းထားသည့်အတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။

ပြစ်ချက်ဟောင်းရှိကြောင်း တင်ပြခြင်း ။

----------------------------------
ပြစ်ချက်ဟောင်းရှိကြောင်း တရားလိုဘက်က တရားရုံးသို့ တင်ပြရန်လိုသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၅၁၁ ၌ တရားခံတစ်ဦးတွင် ယခင်က ပြစ်မချက်ဟောင်း ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ မည်သို့ အထင်အရှားပြသရမည်ကို အတိအလင်းပြဌာန်းထားသည်။

ထိုပြဌာန်းချက်အရ တရားရုံးတစ်ရုံးက တရားခံအပေါ်
- ယခင်ကချမှတ်ခဲ့သော အမိန့်၏ ကောက်နုတ်ချက်မိတ္တူ သို့မဟုတ်
- သက်ဆိုင်ရာ အကျဉ်းထောင်အရာရှိက လက်မှတ်ရေးထိုးထားသည့် သက်သေခံလက်မှတ် သို့မဟုတ်
- ပြစ်ဒဏ်ကျခံစေရန် ၀ရမ်းစာ
စသည်တို့ကို တရားစွဲဆိုသည့်ဘက်မှ တရားရုံးသို့ တင်ပြ၍ သက်သေထူရမည်ဖြစ်သည်။မောင်စိုးမြင့် (ခ) ရာရှစ် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ( ၁၉၈၂၊ မတစ၊ စာ - ၁၉)

အပြစ်ပေးခံရဘူးကြောင်း သက်သေခံချက်မရှိဘဲ ပုဒ်မ ၇၅ အရ အမိန့်ချမှတ်လျှင် ၊ ထိုအမိန့်သည် တရားမ၀င်၊ ပျက်ပြယ်သည်။ မောင်ပါ နှင့် ပြည်ထောင်စု ( ၁၉၆၂၊ မတစ၊စာ- ၄၇၉)

ပြစ်ချက်ဟောင်းဖြင့်စွဲချက်တင်ခြင်း။

-------------------------------
ပြစ်ချက်ဟောင်းအတွက်စွဲချက်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၁၁(၇) အရ သီးခြားစွဲချက်တင်ရမည်ဖြစ်ပါသည်။

စွဲချက်ပုံစံမှာ ရာဇ၀တ်ပုံစံ - ၈၂ နှင့် ၈၃ ဖြစ်ပါသည်။

ပြစ်ချက်ဟောင်းအတွက်စွဲချက်ကို အောက်ပါအချိန်များတွင် စွဲချက်တင်နိုင်ပါသည်။
(၁) အရင်းခံပြစ်မှုအတွက် စွဲချက်တင်သည့် အချိန်တွင်ဖြစ်စေ၊
(၂) အရင်းခံပြစ်မှုအတွက် စွဲချက်တင်သည့် အချိန်တွင် ချန်လှပ်ထားခဲ့လျှင် စီရင်ချက်မချမီမည်သည့် အခါမဆိုဖြစ်စေ၊

ယခင်က ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးကြောင်းကို ရာဇ၀တ်ပုံစံ (၈၂) နှင့် တရားရုံးမှ ပြစ်ချက် ဟောင်းအတွက် သီးခြားစွဲချက်တင်ရပါမည်။ ထို့နောက် ရာဇ၀တ်ပုံစံ(၈၃)တွင်ဆက်လက်၍ မှတ်တမ်း တင်ရပါမည်။

လက်ငင်းစစ်ဆေးနေသော အမှုတွင် ပေါ်ပေါက်သော သက်သေခံ ချက်များအရ ပြစ်မှုမကျူးလွန် ကြောင်း သုံးသပ်တွေ့ရှိပါက ယခင်ပြစ်ချက်ဟောင်း
အတွက် စွဲချက်ပြုလုပ်ရန်မလိုတော့ပါ။ တရားခံအား လွှတ်ရန်သာဖြစ်ပါသည်။

ပြစ်ချက်ဟောင်းကိုမည်သည့်အချိန် သက်သေထင်ရှားတင်ပြရခြင်း။

----------------------------------------------------------
(ဆရာဦးသက်ဖေ ၊ပြစ်မှုဆိုင်ရာသိကောင်းစရာ၊ စာ -၇၉)တွင် “အမှုစစ်ဆေးပြီးနောက် တရားခံ အပြစ်ရှိကြောင်း တွေ့ရှိမှသာ ပြစ်ချက်ဟောင်းကို တင်ပြရမည် ။ အမှုစစ်ဆေး၍ ပြီးစီးခြင်းမရှိမီ မတင်ပြ ရပေ။ ထိုအတိုင်းပင် တရားရုံးများလက်စွဲအပိုဒ် ၆၄၄ ၌ ပြဌာန်း ထားသည်ကို တွေ့မြင်နိုင်သည်။ တရားခံက အကျင့်စာရိတ္တ ကောင်းကြောင်း သက်သေထူလျှင် တရားလိုဘက်မှ အကျင့်စာရိတ္တမကောင်းကြောင်း ထင်ရှားအောင် ယခင်ပြစ်ချက်ဟောင်းကို တင်ပြခွင့်ရှိ မည်ဖြစ်သည်။” ဟုဖော်ပြထားပါသည်။

( ဆရာ ဦးဗကြိုင်၊လက်တွေ့ပြစ်မှုတရားစီရင်ရေးလုပ်ထုံးလုပ်နည်းများ)တွင် “လက်ငင်းစစ်ဆေးသော အမှုတွင် တရားခံအပြစ်ရှိသည်ဟု တရားခံ အပြစ်ရှိသည်ဟု တရားရုံးမှ ကောက်ယူဆုံဖြတ်နိုင်သည့် အချိန် (စီရင်ချက်အမိန့် မချမှတ်မီ) တွင် တရားလိုဘက်မှ တင်သွင်းထားရှိသော ပြစ်ချက်ဟောင်း သက်သေခံ ချက်များကို ထိုအခါတွင် ဆောင်ရွက်ရန်ဖြစ်ပါသည်။ ထို့နောက်တရားရုံးသည် တရားခံအပေါ် ပြစ်ချက်ဟောင်းနှင့်ပတ်သက်၍ သီးခြားစွဲချက်တင်ပြီး ဖြေရှင်း ခွင့်ပေးရပေမည်။”ဟုဖော်ပြထားပါသည်။

သို့ဖြစ်ရာ ပြစ်ချက်ဟောင်းကို သက်သေထင်ရှားတင်ပြရန် အကြောင်းသည် ပြစ်ချက်ဟောင်း အတွက် စွဲချက်တင်ရာတွင် စွဲချက်ကိုတရားခံက ငြင်းဆိုသည့်အခါတွင်မှ
ပေါ်ပေါက်မည်ဖြစ်ပါသည်။

စွဲချက်မတင်မီအချိန်တွင် ပြစ်ချက်ဟောင်းကိုသက်သေထင်ရှားတင်ပြရန်လိုအပ်မည်မဟုတ်ပါ။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၅၅-က အရ တရားရုံးသည် ကျင့် - ၂၅၅(၂) နှင့်
၂၅၈ အရ တရားခံအပေါ်ပြစ်မှုထင်ရှားစီရင်ပြီးနောက်မှ ပြစ်ချက်ဟောင်းအတွက် သက်သေခံချက်ကို ရေးသားရယူသည်ဖြစ်ရာ ယင်းအချိန်ရောက်မှ တရားခံ၏ ပြစ်ချက်ဟောင်းကို တရားလိုဘက်က သက်သေထင်ရှား တင်ပြရန် လိုမည်ဖြစ်ပါသည်။

သို့မဟုတ်ပါက သက်သေခံဥပဒေပုဒ်မ - ၅၃ ၊ ၅၄ တို့နှင့် ဆန့်ကျင်ရန် အကြောင်းရှိပါသည်။

ပြစ်ချက်ဟောင်းရှိကချမှတ်နိုင်သည့် ပြစ်ဒဏ် အတိုင်းအတာ

---------------------------------------------------
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၇၅ အရ ပြစ်မှုများကို ထပ်မံကျူးလွန်ပါက တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ဆယ်နှစ်အထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ထိုက်သင့်စေရမည်ဖြစ်ပါသည်။

သို့ရာတွင် တရားသူကြီးသည် မိမိရှိရင်းစွဲထောင်ဒဏ်ထက် ပြစ်ဒဏ် သတ်မှတ်ခြင်းမပြုနိုင်ပါ။ အစိုးရ နှင့် ထွန်းသာ ( ပုံနှိပ်ထားသောစီရင်ချက်များ၊ အောက်မြန်မာပြည်၊ စာ - ၇၈)

မိမိစီရင်ပိုင်ခွင့်အာဏာထက်ပိုမို၍ ပြစ်ဒဏ်ချမှတ်သင့်သည်ထင်မြင်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ - ၃၄၈ အရ စီရင်ပိုင်ခွင့်အာဏာရှိသည့် ရုံးသို့ လွှဲအပ်တင်ပို့ရမည်ဖြစ်ပါသည်။

ဆွေးနွေးချက်။

---------------
ပြစ်ချက်ဟောင်းအတွက် သီးခြားစွဲချက်တင်သည်ဖြစ်ရာ သီးခြားစွဲချက်အတွက် သီးခြား ပြစ်ဒဏ်ချမှတ်ရမည့် သဘောဖြစ်သည်ဟု ယူဆပါသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၅၅-ကတွင် ပြစ်ချက်ဟောင်းအတွက် “ကျင့် - ၂၅၅(၂) နှင့် ၂၅၈ အရ တရားခံအပေါ်ပြစ်မှုထင်ရှားစီရင်ပြီးနောက်မှ” ဟုဖော်ပြထား ရာ ပြစ်ချက်ဟောင်းအတွက် ပြစ်မှု ထင်ရှားစီရင်လျှင် အရင်းခံပြစ်မှု အတွက် ပြစ်ဒဏ်အပြင် ပြစ်ချက်ဟောင်းအတွက် ပြစ်ဒဏ်ကို သီးခြား ချမှတ်ရမည့်သဘောဖြစ်ပါသည်။

ဆိုလိုသည်မှာ အရင်းခံပြစ်မှုအတွက်ပြစ်ဒဏ် + ပြစ်ချက်ဟောင်းအတွက် ပြစ်ဒဏ် ဟု သီးခြား ပြစ်ဒဏ် သတ်မှတ်ရန်ဖြစ်မည်ဟု ယူဆပါသည်။

ဥပမာ - ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၈၀ အရ ပြစ်ဒဏ် + ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၈၀/ ၇၅ အရ ပြစ်ဒဏ်ဟု ဆိုလိုခြင်းဖြစ်ဟန်တူပါသည်။

ယင်းသို့ ပြစ်ဒဏ်သီးခြားချမှတ်ရမည်ဆိုလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၃၅ အရ အရင်းခံ ပြစ်မှု အတွက် ပြစ်ဒဏ်တွင် ပြစ်ချက်ဟောင်းအတွက် ပြစ်ဒဏ်ကို တပြိုင်တည်း ကျခံစေနိုင်ခြင်းရှိမရှိ အတိအလင်း ပြဌာန်းချက်မတွေ့ရရာ ဆက်လက်လေ့လာရန် လိုအပ်ဦးမည်ဖြစ်ပါသည်။

လေးစားစွာဖြင့်
TUNMYO HTAY

C O M M E N T S


U Shwe Than 


ကျနော့ အမြင်နဲ့ နဲနဲကွဲနေတယ်။ ဆန့် ကျင်ဖက် အမြင်ရတော့ ဝမ်းမြောက်မယ်ထငိပါတယ်။ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၅ သည် သီးခြား ပြစ်ဒဏ် ဟု မယူဆပါ။ ယခင် ပြစ်ဒဏ် ရှိနေသည့်အတွက် ယခုချမည့် ပြစ်ဒဏ်ကို တိုးမြင့် ချမှတ်ခွင့် ပြုခြင်း ဟု ယူဆပါသည်။ယခင် ပြစ်မှု ရယ် ယခု ပြစ်မှုရယ် ရှိတယ် ဆိုပါတော့ဗျာ။ ယခင်ပြစ်မှုဆိုတာ ပြစ်ဒဏ် ခံရပြီး ပြစ်မှုကို ပြောဒါ။ ယခုပြစ်မှုကတော့ ယခင်ပြစ်မှု ပြစ်ဒဏ် ခံပီးမှ ထပ်မံကျူး လွန်တဲ့ ပြစ်မှု ဖြစ်တယ်လို့ ကျနော် ပြောပါမယ်။
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅ ရဲ့ နောက်ဆုံး နားမှာ ( ထို သို့ ထပ်မံကျူးလွန် သော ပြစ်မှုအတွက် တသက် တကျွန်းဒဏ် ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ထိုက်သင့်စေရမည်။) လို့ပြဌာန်းထား ပါတယ်။ဒီတော့ကာ ပုဒ်မ၇၅ ဟာ (ထပ်မံကျူးလွန်သော ပြစ်မှုအတွက် ) တသက် တကျွန်းဒဏ် ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးကို ထိုက်သင့် စေခြင်း သာဖြသ်လို့ သီးခြား ပြစ်ဒဏ် မမြင်ပါ။ ဥပမာ ယခု ပြစ်မှုပုဒ်၃၇၉ သည် ထောင် ဒဏ် ၃နှစ်ထိ ချလို့ ရ ရာမှ ၁၀နှစ်ထိ ချနိုင်ကြောင်း ဆိုလိုသည် ဟုယူဆ ကြောင်းပါ။

Thida Win

ကျမတို့အမှုလိုက်ရှေ့နေတွေအမြင်ပြောရရင်ပုဒ်မ ၇၅ ပြစ်ချက်ဟောင်းရှိလို့ ထပ်မံအပြစ်ပေးရင် ဥပဒေအရမှန်သော်လည်း၊တရားမျှတမှုအရကြည့်ရင် ယခင်ကျူးလွန်ခဲ့တဲ့အမှုအတွက်ပြစ်ဒဏ်ကျခံပြီးတာကို နောက်ထပ်ကျူးလွန်တဲ့အမှုမှာ ပြစ်ချက်ဟောင်းရှိလို့ ပြစ်ဏ်ထပ်ပေးရင် ယခင်ပြစ်မှုအတွက် ၂ခါပြစ်ဒဏ်ခံရတာမမျှတဘူးလို့မြင်ပါတယ်။ပြစ်မှုတွေထပ်တလဲလဲကျူးလွန်မှာကို ကာကွယ်ချင်လို့ပြဌာန်းပေမဲ့ တရားသူကြီးတွေအနေနဲ့တရားခံ၏ပြစ်မှုကျုးလွန်ရခြင်းအကြောင်း၊ပတ်ဝန်းကျင်အခြေအနေစသည်အချက်တွေကို ထည့်သွင်းစဉ်စားပြီးမှ အပြစ်ပေးသင့်တယ်လို့မြင်ပါတယ်။

TUN MYO HTAY

ဆရာမ ခင်ဗျာ။ ပြစ်ချက်ဟောင်းနှင့်ပတ်သက်ရင် အခန်း၁၂ အရ အမှုက မရှိသလောက်ပါဘဲ။အခန်း-၁၇ အရ အမှုကများပါတယ်။ အခန်း - ၁၇ အရ အမှုတွေသည် ပစ္စည်းကိုထိခိုက်စေသည့် ပြစ်မှုတွေပါ။ ပစ္စည်းရှင်ဖြစ်တဲ့ ဆရာမတို့လို ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်းတွေကို အကာအကွယ်ပေးလိုတဲ့ဥပဒေရဲ့သဘောပါ။ နောက်မို့ဆို ပြစ်မှုကျူးလွန်လိုက် ပြစ်ဒဏ်ကျခံလိုက်၊ ပြန်လွတ်လာလိုက် ငါ့ကို ဒီထက်ပိုပြီး အပြစ်ပေးလို့မရတော့ပါဘူးကွာဆိုပြီး ထပ်မံပြစ်မှုကျူးလွန်လိုက်နဲ့။ ပြစ်မှုကျူးလွန်သူတွေက ဥပဒေမကြောက်တော့ရင် ဆရာမတို့ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေအတွက် ရင်လေးစရာလို့ ယူဆမိပါတယ်ဆရာမခင်ဗျာ။


TUN  MYO  HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...