Tuesday, December 2, 2014


သက်သေခံဝင်သည့် သူတစ်ပါး၏ထင်မြင်ချက်.


ပါရဂူ၏ထင်မြင်ချက်
        သက်သေခံဥပဒေပုဒ်မ- ၄၅ အရ နိုင်ငံခြားတရားဥပဒေ ပါရဂူ၊ သိပ္ပံ သို့မဟုတ် ၀ိဇ္ဇာအတတ်ပညာ ဆိုင်ရာ ပါရဂူ၊ လက်ရေးပါရဂူါ် လက်ဗွေပါရဂူတို့၏ ထင်မြင်ချက်များသည် သက်သေခံဝင်သည်။
သက်သေခံဥပဒေ ပုဒ်မ- ၄၅ တွင် " အခြားနိုင်ငံ၏ ဥပဒေ အချက်တစ်ခုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ သိပ္ပံ ပညာ သို့မဟုတ် ၀ိဇ္ဇာပညာဆိုင်ရာ အချက်တစ်ခုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လက်ရေးလက်သား သို့မဟုတ် လက်ဗွေပုံစံတူမတူနှင့် စပ်လျဉ်း၍ဖြစ်စေ၊ တရားရုံးက ဆင်ခြင်သုံးသပ်ရန်ရှိသည့်အခါ အဆိုပါ အခြားနိုင်ငံ ဥပဒေ၊ သိပ္ပံပညာ၊ သို့မဟုတ် ၀ိဇ္ဇာပညာရပ်တွင်ဖြစ်စေ လက်ရေးလက်သား သို့မဟုတ် လက်ဗွေပုံစံတူမတူ နှိုင်းယှဉ် စီစစ်ရာတွင်ဖြစ်စေ၊ ကျွမ်းကျင်တတ်မြောက်သူတို့က ဆိုခဲ့သည့် အကြောင်းခြင်းရာနှင့် စပ်လျဉ်း၍ ပေးသောထင်မြင်ချက်များသည် အမှု၌စပ်ဆိုင်သော အကြောင်းခြင်းရာများဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်များကို ကျွမ်းကျင်သူများဟုခေါ်သည်။ " ဟုပြဌာန်းထားသည်။
သို့ဖြစ်၍ လက်ရေးပါရဂူ၊ လက်ဗွေပါရဂူ၊ လက်နက်ပါရဂူ၊ ဆရာဝန်တို့၏ ထင်မြင်ချက်သည် သက်
သေခံဥပဒေပုဒ်မ-၄၅ အရ သက်သေခံဝင်သည်။

လက်ရေးပါရဂူ
        သက်သေခံဥပဒေပုဒ်မ- ၄၅ အရဆိုလျှင် လက်ရေးပါရဂူ၏ထင်မြင်ချက်သည် သက်သေခံဝင်သည်။
အငြင်းပွားနေသည့် လက်ရေးသည် လူတစ်ဦးရေးသည့် လက်ရေးဟုတ်မဟုတ်ကို ထိုသူရေးကြောင်း ထင်ရှားသည့် လက်ရေးဖြင့် နှိုင်းယှဉ်ကာ လက်ရေးပါရဂူ၏ ထင်မြင်ချက်ကို ရယူနိုင်သည်။ လက်ရေးပါရဂူ ၏ ထင်မြင်ချက်ကို မရနိုင်ပါက သက်သေခံဥပဒေပုဒ်မ- ၄၇ အရ ထိုသူ၏ လက်ရေးကို ကောင်းစွာသိရှိသူ အားစစ်ဆေးခြင်းဖြင့်သော်လည်းကောင်း၊ ပုဒ်မ- ၇၃ အရ အငြင်းပွားသည့် လက်ရေးနှင့် ၀န်ခံသည့် လက်ရေးတို့ကို ရုံးမှ နှိုင်းယှဉ်ကြည့်ရှုခြင်းဖြင့်သော်လည်းကောင်း၊ တူသည် မတူသည် စသည်ဖြင့် ဆုံးဖြတ် နိုင်ပေသည်။ လက်ရေးပါရဂူ၏ ထင်မြင်ချက်ကို ရယူလျှင် ပါရဂူအား သက်သေအဖြစ် ရုံးတွင် စစ်ဆေးရန်လိုသည်။
            လက်ရေးနှိုင်းယှဉ်သည့် ပညာသည် သိပ္ပံပညာရပ်တစ်ခုဖြစ်၍ လေးနက်စွာစဉ်းစားအပ်သော်လည်း လက်ဗွေပုံစံကို နှိုင်းယှဉ်စစ်ဆေးသောသိပ္ပံပညာရပ်လောက် တိကျအောင်မြင်ခြင်းမရှိသေးကြောင်း နိုင်ငံတကာက လက်ခံထားကြသောကြောင့် လက်ရေးပါရဂူ၏ ထင်မြင်ချက်တစ်ခုတည်းကို မဏ္ဍိုင်ပြု၍ အမှု ကိုဆုံးဖြတ်ချင် မပြုနိုင်ပေ။ အခြားလွတ်လပ်သော သက်သေခံ အထောက်အထားရှိရန်လိုပေသည်ဟု
[ တင်ရွှေနှင့် ပြည်ထောင်စု ၁၉၅၄၊ မြန်မာပြည်စီရင်ထုံး၊ စာ- ၃၅၈ (လွှတ်တော်)] [ ပြည်ထောင်စုနှင့် ကေစီကိုတက် ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ စာ- ၉၀၉ ] [ဘားဗဟာဒူးနှင့် ပြည်ထောင်စု ၁၉၆၈၊ မြန်မာပြည် စီရင်ထုံး၊ စာ- ၁၉ (အထူးအယူခံ) ] အမှုတို့တွင် ပြဆိုထားသည်။
            လက်ရေးပါရဂူ၏ ထင်မြင်ချက်သည် အခြားသက်သေခံချက်များကို အထောက်အကူဖြစ်စေသည်။ လက်ရေးပါရဂူ၏ထင်မြင်ချက် တစ်ခုတည်းဖြင့်မူ အမှုကို ဆုံးဖြတ်ခြင်းမပြုနိုင်ပေ။

လက်ဗွေပါရဂူ
          လူတစ်ဦး၏ လက်ဗွေပုံစံသည် မွေးသည်မှသေသည်အထိ ပြောင်းလဲခြင်းမရှိသည့်အပြင် လူတစ်ဦး ၏ လက်ဗွေသည် အခြားလူတစ်ဦး၏ လက်ဗွေနှင့် တူညီခြင်းမရှိဘဲ ကွဲပြားခြားနားမှုရှိကြောင်း သိပ္ပံပညာရှင် များက လက်ခံထားကြသည်။ လက်ဗေနှိုင်းယှဉ်သည့် သိပ္ပံအတတ်ပညာသည် လက်ရေးနှိုင်းယှဉ်သည့် သိပ္ပံ အတတ်ပညာထက်ပိုမိုတိကျသောကြောင့် လက်ဗွေပါရဂူဒ ထွက်ချက်နှင့်ပင် အမှုကို ဆုံးဖြတ်စီရင်နိုင်မည် ဖြစ်သည်။ သို့ရာတွင် တရားရုံးများက မှားယွင်းပြီး ဆုံးဖြတ်ခြင်း မပြုမိရန် လက်ဗွေပါရဂူ၏ ထွက်ချက်ကို ထောက်ခံသည့် သက်သေခံချက် တောင်းဆိုလေ့ရှိပေသည်။

လက်နက်ပါရဂူ
          လက်နက်ပါရဂူ၏ ထင်မြင်ချက်ကို အလေးပေး၍ စဉ်းစားရမည်ဖြစ်သော်လည်း လက်နက်ပါရဂူ၏ ထင်မြင်ချက်သည် အခြားသက်သေအထောက်အထားများအပေါ် ပိုမိုခိုင်မာလုံလောက်စေရန် အထောက် အထားဖြစ်စေသည့် သက်သေခံချက် တစ်မျိုးသာဖြစ်သည်။ အကယ်၍ အခြားသက်သေအထောက်အထား လုံးဝမရှိပါက လက်နက်ပါရဂူ၏ ထင်မြင်ချက်တစ်ခုတည်းဖြင့် တရားခံတစ်ဦးအား စိတ်ချလက်ချ အပြစ်ပေး ရန်ခိုင်မာလုံလောက်သည်ဟု ဆိုနိုင်မည် မဟုတ်ပေ။ (မောင်ချစ်မောင်နှင့် ပြည်ထောင်စု ၁၉၆၆၊ မြန်မာပြည် စီရင်ထုံး၊ စာ- ၄၃၂)

ဆရာဝန်
          ဆရာဝန်၏ထင်မြင်ချက်ဆိုသည်မှာ လူတစ်ဦးတွင် ရရှိခဲ့သော ဒဏ်ရာ အနေအထားကို ကြည့်၍ မည်သို့မည်ပုံ ရရှိခဲ့သည် မည်သည့် လက်နက်ကြောင့် ရရှိခဲ့သည်ဟု အတွေ့အကြုံများအရ ထင်မြင်ချက် ပေးခြင်းဖြစ်သည်။ ဆရာဝန်၏ထင်မြင်ချက်သည် အခါခပ်သိမ်း မှန်ကန်ရမည်ဟု မဆိုနိုင်သဖြင့် ယုံကြည် စိတ်ချရသည့် မျက်မြင်သက်သေတစ်ဦး၏ အမှန်တကယ် တွေ့မြင်ခဲ့ရသော ဖြစ်ရပ်မှန်ကို လွှမ်းမိုးခြင်း မပြု နိုင်ပေ။ မျက်မြင်သက်သေ၏ ထွက်ချက်သည် စိတ်ချယုံကြည်ရပါမူ ထွက်ချက်အားဆန့်ကျင်နေသည့် ဆရာဝန်၏ ထင်မြင်ချက်ကို အလေးမပေးသင့်ပေ။ (မောင်ကျော်လှနှင့် ပြည်ထောင်စု ၁၉၆၆၊ မြန်မာပြည် စီရင်ထုံး၊ စာ- ၄၁၉)
          ဆရာဝန်၏ထင်မြင်ချက်သည် အထောက်အကူ သက်သေခံတစ်ရပ်သာ ဖြစ်ပေသည်။ အသက်နှင့် ပတ်သက်သည့် ဆရာဝန်၏ထင်မြင်ချက်ကို ပြုလုပ်ရာ၌ လူ၏ အရပ်အမောင်း၊ အလေးချိန်၊ သွားနှင့် အခြား အရေးကြီးသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို စစ်ဆေးရုံမျှမက၊ ခေတ်မီ လောကဓာတ်နည်းဖြစ်သည့် အရိုးကို ဓာတ်မှန်ရိုက်ယူခဲ့ပြီးနောက် ရရှိသော အချက်အလက်များအပေါ်တွင် မူတည်ရသဖြင့် အလေးပေး သင့်သည့် သက်သေခံတစ်ခုဖြစ်ပေသည်။ (မောင်ကျော်ဆွေနှင့် ပြည်ထောင်စု ၁၉၆၆၊ မ-တ-စ၊ စာ- ၄၀၈)
ဒဏ်ရာအမျိုးအစားနှင့် ပတ်သက်၍ သာမန်ဒဏ်ရာဖြစ်သည် ပြင်းထန်သောဒဏ်ရာဖြစ်သည် ဆိုသော ကိစ္စမှာ တရားရုံးကဆုံးဖြတ်ရသည့်ကိစ္စသာဖြစ်သည် ဆရာဝန်က သတ်မှတ်ရန်မဟုတ် (တရားရုံး များလက်စွဲ အပိုဒ်- ၆၂၅) ဆရာဝန်က လူကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတွင် မည်ကဲ့သို့သော ဒဏ်ရာရရှိ ခဲ့သည်ဟု ထွက်ဆိုရသည်။         ။


Facebook Like Page: ဥပ​ဒေ​ရေးရာ  မှ  ပြန်​လည်​မျှ​ဝေခြင်း ဖြစ်​ပါသည်​။




















သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...