Tuesday, December 2, 2014


တရားမမှုတွင် ex-parte

မည်သည့်အခါကို အမှုကိုတစ်ဖက်သတ်(ex parte)စစ်ဆေးနိုင်သနည်း။


အမှုကို ကြားနာရန် စစ်ဆေးရန် ချိန်းဆိုသောနေ့ တရားလိုသာ လာရောက်ပြီး တရားပြိုင် မလာရောက်ပါက တရားမကျင့်ထုံးဥပဒေ အမိန့် - ၉ ၊ နည်း - ၆(၁)(က)အရ တစ်ဖက်သတ်စစ်ဆေးကြားနာခွင့်ရှိပါသည် ။

-----

ကြားနာခြင်းဆိုသည်မှာ။


ကြားနာသည်ဆိုခြင်းတွင်သက်သေခံချက်များကိုရယူခြင်း၊ လျှောက်လဲချက် များကြားနာခြင်း စသည်တို့ အကျုံးဝင်သည်။ 
ဦးစိန်လှိုင် နှင့် ဦးမောင်မောင်အေး ပါ - ၂ (၁၉၈၆ ၊ မတစ ၊ စာ - ၁၃၇ ) အမှုတွင်ကြည့်ပါ။ 

ထို့ကြောင့် အမှုစစ်ဆေးရန်နေ့တွင် သာမက လျှောက်လဲချက်ကြားနာသည့်နေ့တွင် တရားပြိုင်မလာလျှင် တရားရုံး သည် တရားလိုဘက် ကို တစ်ဖက်သတ်ကြား နာနိုင်ပါသည်။

-------

အမှုကိုတစ်ဖက်သတ်စစ်ဆေးပေးရန် တရားလိုမှ လျှောက်ထားဖို့လိုသလား။


တရားမကျင့်ထုံးဥပဒေတွင် အမှုကို တရားလို၏လျှောက်လွှာရမှ တစ်ဖက်သတ် (ex parte) ကြားနာ စစ်ဆေးရမည် ဖြစ်ကြောင်း ပြဌာန်းချက်တစ်စုံတစ်ရာမရှိပါ။

လျှောက်ထားချက်မှရှိမှဆောင်ရွက်ရမည့်ကိစ္စများကို တရားမကျင့်ထုံး ဥပဒေတွင် အတိအလင်းပြဌာန်းထားပါသည်။ ( ဥပမာ - ဒီကရီလွှဲပြောင်းပေးရန်လျှောက်ထားခြင်း၊ တရားရှုံးအား လူဖမ်းဝရမ်းထုတ်ပေးရန် လျှောက် ထားခြင်းတို့သည် တရားနိုင်၏လျှောက်ထားချက်ရှိမှ ဆောင်ရွက်နိုင်ခြင်း စသည်--) 

ထို့ကြောင့် ကြားနာရန် ချိန်းဆိုသောနေ့တွင် တရားပြိုင်မလာလျှင် တရားရုံးက 
တရားလို ဘက်ကို ဥပဒေအရ အလိုအလျောက် တစ်ဖက် သတ်ကြားနာပေးရန် 
သာဖြစ်ပါသည်။ ဥပဒေအတိုင်းဆောင်ရွက်ပေးရမည်သာဖြစ်ပါသည်။ 

-----

အမှုကိုတစ်ဖက်သတ်စစ်ဆေးရန် အမိန့်တစ်ရပ်ချမှတ်ရန်လို မလို။


တစ်ဖက်သတ်စစ်ဆေးမည်ဖြစ်ကြောင်း အမိန့်တစ်ရပ်ချမှတ်ရန်မလိုပါ။

-----

အမှုကို တစ်ဖက်သတ်စစ်ဆေးခံရသည့် တရားပြိုင်၏နစ်နာမှုအတိုင်းအတာ နှင့် အမှုတွင်ဆက်လက်ဆောင် ပိုင်ခွင့် ။


(၂)ပိုင်းရှိပါသည်။ 

(၁) ချေလွှာတင်ပြီးနောက်မှ ပျက်ကွက်ခြင်း နှင့် 
(၂) အမှုတွင် ချေလွှာ တင်သွင်းရန်ပါ ပျက်ကွက်ထားခြင်း

--

(၁) ချေလွှာတင်ပြီးနောက်မှ တရားပြိုင်ပျက်ကွက်ခြင်းဖြစ်လျှင် 

ဆုံးရှုံးမှု။
------

တရားပြိုင်သည် ထိုနေ့တွင်ဆောင်ရွက်ဖွယ်ရာရှိသည့်ကိစ္စများကို ဆောင်ရွက်ခွင့်
မရနိုင်တော့ချေ ။ 

(ဥပမာ- ပျက်ကွက်သည့်နေ့တွင် စစ်ဆေးသောတရားလိုဘက်သက်သေများကို ပြန်လှန်စစ်မေးခွင့် ဆုံးရှုံးမည်ဖြစ်သည်။လျှောက်လဲချက်ကြားနာရန်နေ့ဖြစ်လျှင်လျှောက်လဲချက်ပေးခွင့်ဆုံးရှုံးမည်ဖြစ်သည်။) 

ပျက်ကွက်ခဲ့သည့် ရုံးချိန်းတစ်ချိန်းအတွက်သာ အခွင့်အရေးဆုံးရှုံးမည်ဖြစ်သည်။

ဆောင်ရွက်ခွင့်။
----------

နောက်ရုံးချိန်းများတွင်တရားပြိုင်သည်ဆက်လက်ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ 

တရားရုံးခွင့်ပြုချက် တောင်းခံရန်မလိုပါ။ 

တရားလိုဘက်သက်သေများကို ပြန်လှန်စစ်မေးရန်ဝင်ရောက် ဆောင်ရွက်နိုင်သည် သာမကချေလွှာတင်ထားပြီးဖြစ်၍ မိမိကိုယ်တိုင် သက်သေခံခွင့် နှင့် သက်သေများကိုတင်ပြခွင့် ဆက်လက် ဆောင်ရွက်နိုင်သည်။ 

ပျက်ကွက်ခဲ့သည့် ရုံးချိန်းတစ်ချိန်းအတွက်သာ အခွင့်အရေးဆုံးရှုံး မည်ဖြစ်သည်။

နောက်ရုံးချိန်းများ တွင် ပုံမှန်အတိုင်း ဆက်လက်ပါဝင်ဆောင်ရွက်ရန်သာဖြစ်ပါသည်။ 

--------

(၂)အမှုတွင် ချေလွှာ တင်သွင်းရန်ပါ ပျက်ကွက်ထားခြင်း။

ပျက်ကွက်သည့်နေ့တွင် ဆောင်ရွက်ဖွယ်ရာရှိသည့်ကိစ္စများကို ဆောင်ရွက်ခွင့်မရနိုင်တော့သော် လည်း နောက်ရုံးချိန်းများတွင် တရားပြိုင်သည် ဆက်လက် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။ 

သို့ရာတွင် ချေလွှာ တင်ရန် ပျက်ကွက်ထားသူဖြစ်၍ အမှုတွင် ခုခံချေပခွင့် ဆုံးရှုံးရမည်ဖြစ်သကဲ့သို့ သက်သေပြခွင့်ဆုံးရှုံး မည်ဖြစ်သည်။ သို့ရာတွင် အပြီးသတ်လျှောက်လဲချက်ပေးပိုင်ခွင့်ရှိသည်။ ဦးတင်ထွန်း နှင့် ဦးစိန်ဝင်း ပါ -၂ ( ၁၉၈၆ ၊ မတစ ၊ ၁၄၃ (၁၄၇ ) ) အမှုတွင်ကြည့်ပါ။

-----

တဖက်သတ်စစ်ဆေးခံရသော တရားပြိုင်၏ ကုစားခွင့်။ 


အမှုကိုကြားနာရန် ချိန်းဆိုသည့် နေ့တစ်နေ့တွင် တရားပြိုင်ဘက်မှ တရားရုံးသို့ လာရောက်ရန် ပျက်ကွက်ခဲ့ရာ ထိုသို့ပျက်ကွက်ရခြင်းနှင့်စပ်လျဉ်း၍ ခိုင်လုံသည့် အကြောင်းပြနိုင်လျှင် ထိုနေ့က တရားပြိုင် လာရောက်ဘိသကဲ့သို့ သူ့အားကြားနာနိုင်သည်ဟု တရားမကျင့်ထုံးဥပဒေ အမိန့် - ၉ ၊ နည်း - ၇ တွင်ပြဌာန်းထားသည်။ 

တရားပြိုင်အနေဖြင့် ခိုင်လုံသည့်အကြောင်းပြနိုင်လျှင် မိမိပျက်ကွက်ခဲ့သည့်နေ့က
ဆောင်ရွက်ဖွယ်ရာရှိသည့်ကိစ္စများကို ပြန်လည်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်။ 

(ဥပမာ - မိမိပျက်ကွက်သည့် နေ့က တရားလိုဘက်သက်သေများကို ပြန်လှန်စစ်မေးခွင့်ပြန်လည် ရရှိမည် ဖြစ်သည်။ လျှောက်လဲချက်တင်သည့်နေ့ ပျက်ကွက်ခြင်းဖြစ်လျှင် တရားရုံးက ယင်းလျှောက် လဲသည့်ကိစ္စရပ် အပေါ်အမိန့်မချမှတ်ရသေးလျှင် လျှောက်လဲတင်ပြခွင့်ပြန် ရမည်ဖြစ်သည်။ ) 

ဒီကရီချမှတ်သည့်နေ့အထိ တရားပြိုင်ရုံးချိန်းပျက်ကွက်လျှင် တရားပြိုင်သည် တရားမကျင်ထုံး ဥပဒေ အမိန့် -၉၊ နည်း -၁၃ အရ ယင်းတစ်ဖက်သတ်ဒီကရီကို ပယ်ဖျက်ပေးရန်လျှောက် ထားရန်ဖြစ် ပါသည်။

----

ရည်ညွှန်းစီရင်ထုံးများ။
xxxxxxxxxxxxxxx

ဦးကြည် နှင့် ဦးအေးချို ( ၁၉၈၃ ၊ မတစ ၊ စာ - ၁၃၇ ) 
မတင်လှ နှင့် မောင်ဝင်းဇော် (ခ) ကုလားလေး (၁၉၈၄ ၊ မတစ ၊ စာ - ၁၅၀ ) ၊ 
ဦးအကောက် ပါ ၃ ဦး နှင့် ဦးမောင်မောင်ပါ ၂ ဦး ( ၁၉၈၃ ၊ မတစ ၊ စာ - ၅၇ ) 

------

တင်ပြချက်။


ex parteအခွင့်အရေးသည်တရားလိုဘက်အတွက် အလွန်အဖိုးတန်သော အခွင့်အရေးဖြစ်ပါသည်။ 

ဆင့်စာ အတည်ဖြစ်လျက် တရားပြိုင်မလာရောက်လျှင် တရားလိုဘက်အနေဖြင့် တရားလိုနှင့် တရားလိုပြ သက်သေများကို တစ်ဖက်သတ်မြန်မြန်စစ်ဆေးနိုင်ရန်ကြိုးစားသင့်ပါသည်။ 

အချို့တရားလိုဘက်ရှေ့နေများသည် တစ်ဖက်သတ် စစ်ဆေးပေးရန် တင်ပြသော်လည်း ထိုနေ့တွင် တရားလိုကို ချက်ချင်းစစ်ဆေးခြင်းမပြုဘဲ တရားလိုစစ်ရန် ရုံးချိန်း တောင်းခံကြသည်ကို ၀မ်းနည်းဖွယ် တွေ့ရပါသည်။

ရွှေ့ဆိုင်းလိုက်သည့်နေ့တွင် တရားပြိုင်ရုံးရှေ့ရောက်ရှိလာပါက ၀င်ရောက်ဆောင်ရွက်ခွင့်ရှိသည်ကို သတိပြုစေလိုပါသည်။

ex parteအခွင့်အရေးသည် ပျက်ကွက်သည့် ရုံးချိန်း အတွက်သာဖြစ်သည်ကို သတိမူသင့်ပါသည်။ 

လက်ထဲရောက်လာသည့် အခွင့်အရေးကိုလက်မလွှတ်သင့်ဟု ထင်ပါသည်။

ကျင့်ထုံး ပိုင်လျှင် အမှုနိုင်ဖို့ လွယ်ကူပါသည်။

လေးစားစွာဖြင့်။

(TUN MYO HTAY
)


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...