Thursday, December 4, 2014

သမ္မာန်မှု နှင့် ၀ါရမ်းမှုတွဲ၍ စွဲဆိုသောအမှုများတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ- ၂၅၃(၁)အရ တရားခံကို စွဲချက်မတင်မီလွှတ်ပိုင်ခွင့်ရှိမရှိ။


သမ္မာန်မှု နှင့် ၀ါရမ်းမှုတွဲ၍ စွဲဆိုသောအမှုများတွင်

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ- ၂၅၃(၁)အရ တရားခံကို စွဲချက်မတင်မီလွှတ်ပိုင်ခွင့်ရှိမရှိ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သာမန်မှု နှင့် ၀ရမ်းမှုကို ပူးတွဲ၍ စွဲဆိုလျှင် ၀ရမ်းမှုစစ်ဆေးသည့်နည်းလမ်းအတိုင်း
ဆောင်ရွက်ရပါသည်။ (ဦးသာဝင်း နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၇၆၊ မတစ၊ စာ- ၁၂၉)

ဥပမာ - ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၂၉၄၊၃၂၃ အရ စွဲဆိုလားသောအမှုများ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၄၇၊ ၄၂၇ အရ စွဲဆိုသောအမှုများသည် သာမန်မှု နှင့် ၀ရမ်းမှုကို ပူးတွဲ၍ စွဲဆိုခြင်းဖြစ်၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၊ အခန်း - ၂၁ ပါ ၀ရမ်းမှုစစ်ဆေးနည်းဖြင့် စစ်ဆေးရန်ဖြစ်ပါသည်။

ဝရမ်းမှုစစ်ဆေးနည်းဖြင့်စစ်ဆေးပါသည်။ တရားလိုပြသက်သေစစ်ဆေးပြီးနောက် တရားခံကိုစွဲချက်တင်ရန် ငြိစွန်းသည့်အချက်များမတွေ့ရသည့်အခါ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ - ၂၅၃(၁)အရ စွဲချက်မတင်မီလွှတ်ရန်အကြောင်းပေါ်လာခဲ့သည် ဆိုပါစို့။ ဤနေရာတွင် အငြင်းပွားရန်အကြောင်းပေါ်လာပါသည်။

တစ်ချို့က သမ္မာန်မှုကို ၀ရမ်းမှုစစ်ဆေးနည်းဖြင့်စစ်ဆေးရုံမျှဖြင့် သမ္မာန်မှုသည် ၀ရမ်းမှုဖြစ်မလာနိုင်ကြောင်း၊ သမ္မာန်မှုကို စစ်ဆေးရာတွင် တရားလို နှင့် တရားခံ နှစ်ဘက်စလုံးကို စစ်ဆေးရမည်ဟု ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၂၄၄ အရ ပြဌာန်းထားသည်ဖြစ်၍ စွဲချက်တင်ပြီးတရားခံကိုဆက်လက်စစ်ဆေး၍ အပြီးပြတ်လွှတ်ရန်ဖြစ်ကြောင်း ဦးမာမွတ်(ခ)မောင်ကြီး နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပါ၂ (၁၉၈၂၊ မတစ၊ စာ - ၅၄) အမှု၊ ဦးဥာဏ်ဝင်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ(၂) (၁၉၉၈၊ မတစ၊ စာ- ၅၅) ၊ ဦးခင်မောင်ရိုး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ- ၂(၁၉၉၉၊ မတစ၊ စာ- ၁၅) အမှုများကို ကိုးကားတင်ပြပါသည်။

၎င်းတို့၏အယူအဆမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၂၉၄၊၃၂၃ အရအမှုတွင် စွဲချက်တင်ရန် ငြိစွန်းချက်မရှိသော်လည်း ၂၉၄ သည် သမ္မာန်မှုဖြစ်၍ စွဲချက်တင်ရန်သာ ဖြစ်သည်၊ တရားခံဘက်စစ်ပြီးမှ အပြီးအပြတ်လွှတ်ရန်ဖြစ်ကြောင်း ဆိုလိုကြခြင်းဖြစ်သည်။ ဒါက အယူအဆတစ်ခုဖြစ်ပါသည်။

တစ်ချို့က (ဦးသာဝင်း နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၇၆၊ မတစ၊ စာ- ၁၂၉) စီရင်ထုံးကို ကိုးကား၍ တရားခံကို စွဲချက်မတင်မီ လွှတ်ရမည်ဖြစ် ကြောင်း ယင်းသို့လွှတ်လိုက်ခြင်းဖြင့် သမ္မာန်မှုအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၀၃ အရ တားမြစ်ပိတ်ပင်ခြင်းမရှိကြောင်းဆိုသည်။

၎င်းတို့၏အယူအဆမှာ ငြိစွန်းချက်မှမရှိတာစွဲချက်တင်စရာဘာအကြောင်းရှိမလဲ၊ စွဲချက်တင်ဖို့ အကြောင်းမရှိလို့မတင်တာ အထက်ပါစီရင်ထုံးအရ ပုဒ်မ- ၄၀၃ အရ သမ္မာန်မှုပေမယ့် bar ဖြစ်သွားခြင်းမှမရှိတာဟု ဆိုလိုခြင်းဖြစ်သည်။

ယင်းစီရင်ထုံး (၃)ခုကိုယှဉ်လေ့လာကြည့်ပါသည်။

ဦးမာမွတ်(ခ)မောင်ကြီး နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပါ၂ (၁၉၈၂၊ မတစ၊ စာ - ၅၄) အမှုတွင် - အခန်းမှ အကာအရံများဖြုတ်ပစ်သည်ဆိုကာ ပြစ်မှုကြောင်းစွဲ ဆိုရာ တရားလိုပြသက်သေများစစ်ဆေးပြီးနောက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၂၆ အရ စွဲချက်တင်ခဲ့သည်။ စွဲချက်ကို ပယ်ဖျက်ပေးရန် ပြင်ဆင်မှုတင်သွင်းသောအမှုဖြစ်သည်။ အမှုတွင် ဗဟိုတရားရုံးက အောက်ပါအတိုင်းထုံးဖွဲ့သည်။

" ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၆ အရ ပြစ်ဒဏ်ထိုက်သင့်သောပြစ်မှုမှာ ထောင်ဒဏ်(၃)လထိသာ ချမှတ်နိုင်သည်ဖြစ်၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၊(၁)(ဖ)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသော သမ္မာန်မှုဖြစ်သည်။ ယင်းအမှုမျိုးကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း (၂၀)ပါလုပ်ထုံးလုပ်နည်း များအရ စစ်ဆေးရမည်ဖြစ်သော်လည်း မြို့နယ်တရားရုံးက အခန်း(၂၁)ပါ လုပ်ထုံးလုပ်နည်းများ အရ စစ်ဆေးပြီးလျှောက်ထားသူအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၄၂၆ အရစွဲချက်တင်ခဲ့သည်ကို တွေ့ရှိရသည်။ သမ္မာန်မှုကို ၀ရမ်းမှုအဖြစ် စစ်ဆေးရုံမျှဖြင့် သမ္မာန်မှု သည် ၀ရမ်းမှုဖြစ်မလာနိုင်ပေ။ သမ္မာန်မှုကို စစ်ဆေးရာတွင် တရားလို နှင့် တရားခံ နှစ်ဘက်စလုံးကို စစ်ဆေးရမည်ဟု ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၂၄၄ အရ ပြဌာန်းထားသည်ဖြစ်ရာ အမှုတွင် ဦးမာမွတ်ဘက်ကို မလွဲမသွေ စစ်ဆေးရမည် ဖြစ်သည့်အလျောက် သူ့အပေါ်စွဲချက်ကို ပယ်ဖျက်ပေးရန် အကြောင်းမပေါ်ပေါက်ပေ။ " ဟူထုံးဖွဲ့သည်။

ဦးဥာဏ်ဝင်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ(၂) (၁၉၉၈၊ မတစ၊ စာ- ၅၅) အမှုမှာလည်း တရားခံအပေါ်ပြစ်မှုပုဒ်မ - ၄၄၇ အရ စွဲချက်တင်သည်ကို ပယ်ဖျက်ပေးရန် ပြင်ဆင်မှုတက်ရောက် ခဲ့ခြင်းဖြစ်သည်။ ယင်းအမှုတွင်
"မည်သို့ပင်ဖြစ်စေ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇ အရ စွဲဆိုသောအမှုမှာ သမ္မာန်မှုသာဖြစ်၍ သမ္မာန်နည်းဖြင့် စစ်ဆေးရမည့်အမှုဖြစ်ပေသည်။ မူလရုံးက ၀ရမ်းနည်းဖြင့် စစ်ဆေးခဲ့ခြင်းမှာ မှားယွင်းသည်ဟု မဆိုနိုင်သော်လည်း ၀ရမ်းနည်းဖြင့် စစ်ဆေးခဲ့ရုံမျှဖြင့် သမ္မာန်မှုမှာ ၀ရမ်းမှု ဖြစ်မလာနိုင်ပေ။ သမ္မာန်မှုတွင် စွဲချက်ကို ပယ်ဖျက်ပြီး တရားခံအား တရားရှင်လွှတ်၍ မရပေ။ တရားခံဘက်ကို ဆက်လက်စစ်ဆေးပြီးသည့်အခါတွင်မှ တရားခံ၏အပြုအမူမှာ ပြစ်မှုမြောက်ခြင်းမရှိသော် ၄င်းအား အမှုမှ အပြီးအပြတ်လွှတ်ရန်သာ ဖြစ်သည် "ဟု ထုံးဖွဲ့သည်။

ဦးခင်မောင်ရိုး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ- ၂(၁၉၉၉၊ မတစ၊ စာ- ၁၅) အမှုတွင် -
ဦးခင်မောင်ရိုးအပေါ် ဦးတိုက်လျှောက်ထားစွဲဆိုခဲ့သောအမှုကို တရားရုံးက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၄၁ ဖြင့် အရေးယူဆောင်ရွက်ပြီး ၀ရမ်းမှုဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပြစ်မှုပုဒ်မ - ၃၄၁ ဖြင့် စွဲချက်တင်လိုက်၍ ဦးခင်မောင်ရိုးက စွဲချက်ကို ပယ်ဖျက်ပေးရန် ပြင်ဆင်မှု တင်သွင်းလျှောက်ထားခဲ့သောအမှုဖြစ်သည်။ ယင်း အမှုတွင် -
“ သမ္မာန်မှုကို ၀ရမ်းမှုစစ်ဆေးနည်းအတိုင်းစစ်သဖြင့် စွဲချက်တင်လိုက်ရာ စွဲချက်ကို ပယ်ဖျက်ပေးပါ ဟူသော ပြဿနာပေါ်ပေါက်ခြင်းဖြစ်သည်။ အမှုကို ဆက်စစ်ရမည်မှာ လုပ်ထုံးလုပ်နည်း အမှန်ဖြစ်သဖြင့် ဦးခင်မောင်ရိုး ၏ပြင်ဆင်မှုကို ပလပ်လိုက်သည်။” ဟုထုံးဖွဲ့ထားသည်။

အထက်ပါ (၁၉၈၂၊ မတစ၊ စာ - ၅၄)၊(၁၉၉၈၊ မတစ၊ စာ- ၅၅)နှင့် (၁၉၉၉၊ မတစ၊ စာ- ၁၅) စီရင် ထုံးများသည် သမ္မာန်မှု နှင့် ၀ရမ်းမှုတွဲ၍ စွဲဆိုသည့်ကိစ္စမဟုတ်သည်ကို တွေ့ရှိရသည်။ သမ္မာန်မှု သက်သက်စွဲဆိုခြင်းကို ၀ရမ်းမှုဖြင့်စစ်ဆေးခဲ့ခြင်းဖြစ်ဟန်တူသည်။ သမ္မာန်မှု နှင့် ၀ရမ်းမှုတွဲ၍ စွဲဆိုသည့် ကိစ္စရပ်များ နှင့် မသက်ဆိုင်ဟု ယူဆမိပါသည်။

ဦးသာဝင်း နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၇၆၊ မတစ၊ စာ- ၁၂၉) အမှုတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၄၁ ၊ ၄၂၇ အရ ပူးတွဲစွဲဆိုထားခြင်းကို တရားလိုမလာ၍ အမှုကို ပယ်လိုက်သည့်အမိန့်တစ်ရပ်ချမှတ်ခဲ့ပြီးနောက် ထပ်မံ၍ ယင်းပုဒ်မများဖြင့်ပင် စွဲဆိုလာ သဖြင့် ပြစ်မှုကျင့်ထုံးပုဒ်မ - ၅၆၁-က အရ အမှုချေဖျက်ပေးရန် တက်ရောက်လာခြင်းဖြစ်သည်။

အမှုတွင် ဗဟိုတရားရုံးက သာမန်မှု နှင့် ၀ရမ်းမှုကို ပူးတွဲ၍ စွဲဆိုလျှင် ၀ရမ်းမှုစစ်ဆေးသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရကြောင်း နှင့် ပထမအမှု၌ တရားလိုမလာ၍ အမှုကိုပယ်လိုက်သည့်အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၅၉ ကိုရည်ညွှန်း၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၀၃ အရ နောက်စွဲဆိုသော အမှုကို ပိတ်ပင်ခြင်းမရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ဦးသာဝင်း စီရင်ထုံးသည် သာမန်မှု နှင့် ၀ရမ်းမှုကို ပူးတွဲ၍ စွဲဆိုသည့် ကိစ္စများအတွက် ဖြစ်ပြီး ဦးမာမွတ်(ခ)မောင်ကြီး နှင့် ဦးဥာဏ်ဝင်း အမှုသည် သမ္မာန်မှုသက်သက်စွဲဆိုခြင်းကို ၀ရမ်းမှုဖြင့်စစ်ဆေးခဲ့ခြင်းဖြစ်သည့် အမှုများနှင့် သက်ဆိုင်၍ ကွဲပြားသည်ဟု ယူဆမိပါသည်။


ဆရာ ဦးမြ၏ အမြင်။

xxxxxxxxxxxx

ဆရာ ဦးမြ၏ သောင်းပြောင်ထွေလာဥပဒေပြသနာ အမှတ်(၆)( ဒု-ကြိမ်ထုတ်) စာ - ၁၂၇ တွင် ဆရာက အောက်ပါအတိုင်းဖော်ပြထားသည်။ ---

" တစ်ဖက်တွင် သမ္မာန်မှု နှင့် ၀ရမ်းမှု ကို တစ်မှုတည်းတွင် စစ်ဆေးရာ၌ ၀ရမ်းမှုစစ်ဆေးသည့် နည်းအတိုင်း စစ်ဆေးရသည်ဖြစ်ရာ အမှုကြားနာရန် ချိန်းဆိုသောနေ့တွင် တရားလိုပျက်ကွက် ပါက တရားခံအား ကျင့်ထုံးဥပဒေပုဒ်မ - ၂၅၉ အရ တရားရှင်လွှန်ရန်ဖြစ်သည်။ ပုဒ်မ ၂၄၇ အရ တရားသေလွှတ်ရန်မဟုတ်ဟု မဒရပ် အတွဲ ၄၁၊ စာ ၄၂၇ နှင့် ကာလကတ္တား အတွဲ ၁ စာ ၉၁ တွင်ထုံးဖွဲ့ထားသည်။

၁၉၇၆ မတစ ၁၂၉ အမှုတွင် တရားခံအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၄၁(သမ္မာန်မှု) နှင့် ပုဒ်မ ၄၂၇ (၀ရမ်းမှု)အရ တရားစွဲဆိုရာ အမှုကို ကြားနာရန်ချိန်းဆိုသောနေ့တွင် တရားလိုမလာသဖြင့် အမှုကို ပယ်လိုက်သည်။ ယခင်ဗဟိုတရားရုံးက တရားခံအား တရားရှင်လွှတ်သည့်သဘော
ဖြစ်၍ ယင်းပုဒ်မများအရ ထပ်မံစွဲဆိုခြင်းကို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ က တားမြစ်ပိတ်ပင်ခြင်း မပြုပေ ဟုထုံးဖွဲ့သည်။

ပုဒ်မ - ၃၄၁ အရ စွဲဆိုသောအမှုသည် သမ္မာန်မှုဖြစ်၍ ပုဒ်မ ၂၄၇ အရ တရားသေလွှတ်ရာ ရောက်သည်ဟု စောဒက တက်နိုင်ရန်အကြောင်းရှိပါသည်။ သို့ရာတွင် သမ္မာန်မှု နှင့် ၀ရမ်းမှုကို တစ်ခုတည်းတွင် ပူးပေါင်းစစ်ဆေးသည့်အခါ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းကို ကျင့်ထုံးဥပဒေတွင် အတိအလင်းပြဌာန်းထားခြင်းမရှိပါ။

ဝရမ်းမှုစစ်ဆေးနည်းအတိုင်းစစ်ဆေးရမည်ဟု လွန်ခဲ့သော အနှစ် ၅၀ ကျော်က မောင်(င) လွန်းမောင် နှင့် နိုင်ငံတော် ၊ အေအိုင်အာ ၁၉၃၃ ရန်ကုန် ၃၄၃ တွင်ထုံးဖွဲ့ခဲ့သည်ကို လိုက်နာကျင့်သုံးလျက်ရှိရာ အခန်း (၂၁)ပါ ပုဒ်မ ၂၅၉ အရ တရားရှင်လွှတ်ရန်ဖြစ်သည် ဟူသော အမြင်ကို လက်မခံနိုင်ရန်အကြောင်းမရှိပါ။


သုံးသပ်တင်ပြချက်။

xxxxxxxxxxxxx

ဦးသာဝင်း စီရင်ထုံးသည် သာမန်မှု နှင့် ၀ရမ်းမှုကို ပူးတွဲ၍ စွဲဆိုသည့် ကိစ္စများအတွက် ဖြစ်ပြီး ဦးမာမွတ်(ခ)မောင်ကြီး နှင့် ဦးဥာဏ်ဝင်း အမှုသည် သမ္မာန်မှုသက်သက်စွဲဆိုခြင်းကို ၀ရမ်းမှုဖြင့်စစ်ဆေးခဲ့ခြင်းဖြစ်သည့် အမှုများနှင့် သက်ဆိုင်၍ ကွဲပြားသည်ဟု ယူဆမိပါသည်။

သမ္မာန်မှု နှင့် ၀ရမ်းမှုတွဲ၍စွဲဆိုလာခြင်းတွင် ဦးသာဝင်း စီရင်ထုံး နှင့် ဆရာဦးမြ၏ အမြင်အရ
တရားရှင်လွှတ်ခြင်း (၀ါ) စွဲချက်မတင်မီလွှတ်ခြင်းကို လက်ခံသည်ဖြစ်ရာ------

သာမန်မှု နှင့် ၀ရမ်းမှုကို ပူးတွဲ၍ စွဲဆိုသည့် ကိစ္စရပ်များတွင် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များ အရ တရားခံကို စွဲချက်တင်ရန်အကြောင်း မပေါ်ပေါက်လျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ- ၂၅၃(၁)အရ စွဲချက်မတင်မီ လွှတ်ထားနိုင်သည်ဆိုခြင်းကိုလည်း လက်မခံနိုင်စရာ အကြောင်းမရှိဟု ယူဆမိပါသည်။

ယင်းသို့ စွဲချက်မတင်မီလွှတ်ခဲ့သည့် သာမန်မှု နှင့် ၀ရမ်းမှုကို ပူးတွဲ၍ စွဲဆိုသည့် အမှုမှ အဆိုပါ သမ္မာန်မှုကို ထပ်မံစွဲဆိုသော်လည်း ဦးသာဝင်းစီရင်ထုံးအရ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ က တားမြစ်ပိတ်ပင်ခြင်း မရှိကြောင်း လေ့လာတင်ပြအပ်ပါသည်။




TUN  MYO  HTAY

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...