Sunday, December 7, 2014

တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ နှင့် ဒုတိယအယူခံဝင်ခွင့်

တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ နှင့် ဒုတိယအယူခံဝင်ခွင့်



တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် - ၂၉ / ၂၀၁၄ ဖြင့် ( ၃-၇-၂၀၁၄ ) နေ့တွင် ပြဌာန်းခဲ့ပါသည်။

ယင်းပြင်ဆင်သည့်ဥပဒေ ပုဒ်မ - ၁၁ နှင့် ၁၂ အရ တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၀၀(၁)(ဃ) နှင့် ပုဒ်မ - ၁၀၂ ပါ ယခင်ပြဌာန်းထားသော ကျပ် သိန်း ၂၀ ဆိုသည့် ငွေပမာဏအား "ကျပ် ၁၀သိန်း" ဖြင့် အစားထိုးပြင်ဆင်ခဲ့ပါသည်။

ထို့ကြောင့် မြို့နယ်တရားရုံးရှိ မူလမှုတန်ဘိုး ၁၀ သိန်းကျော်သော တရားမမှုများသည် ပြည်နယ် / တိုင်းဒေသကြီး တရားလွှတ်တော် သို့ ဒုတိယ အယူခံတင်သွင်းခွင့်ရရှိလာပါသည်။

ထို့ပြင် ယင်းပြင်ဆင်သည့်ဥပဒေပုဒ်မ - ၁၄ အရ တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၁၀ ပါ ယခင်ပြဌာန်းထားသော ကျပ် ၁ သောင်း ဆိုသည့် ငွေပမာဏအား ကျပ် ၁၀၀ သိန်းဖြင့် အစားထိုးပြင်ဆင်ခဲ့ပါသည်။

ကျပ်သိန်း ၁၀၀အထက်ပို၍ သိန်း ၅၀၀၀ ထက်မပိုသောအမှုများကို ခရိုင်တရားရုံးတွင် စီရင်ပိုင်ခွင်ရသည်ဖြစ်ရာ ခရိုင်တရားရုံးတွင်စွဲဆိုသော တရားမမှုများသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဒုတိယအယူခံဝင်ခွင့်ရရှိပါသည်။


တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေသည်နောက်ကြောင်းပြန်အာဏာသက်ရောက် ပါသလား။

၁၉၇၃ စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ - ၃(စ) အရ

လုပ်ထုံးလုပ်နည်းနှင့်သာသက်ဆိုင်သောဥပဒေတွင် တနည်းတဖုံဖော်ပြထားခြင်းမရှိလျှင် ယင်းဥပဒေသည်နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုရှိစေရမည်။ ဟုပြဌာန်းထားပါသည်။

ထို့ကြောင့် တရားမကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေအား ( ၃-၇-၂၀၁၄ )တွင် အတည်ပြု ပြဌာန်းခဲ့သော်လည်း ယင်းပြဌာန်းချက်များသည် နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မည်ဟုယူဆမိပါသည်။

ထို့ကြောင့် ဒုတိယ အယူခံဝင်ခွင့်ဆိုင်ရာပြဌာန်းချက်သည်လည်း နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မည်ဟုယူဆမိပါသည်။

ဥပမာ - မြို့နယ်တရားရုံးတွင်စွဲဆိုသည့် ကျပ် ၁၀ သိန်းထက်ပိုသော စစ်ဆေးဆဲ တရားမမှုများသည် ပြည်နယ် / တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဒုတိယအယူခံဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။

- ထို့ပြင် မြို့နယ်တရားရုံးမှ လတ်တလောအမိန့်ချမှတ်ထားသော ကျပ် ၁၀ သိန်းထက်ပိုသော တရားမမှုများသည် ပြည်နယ် / တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဒုတိယအယူခံဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။

- ထို့ပြင် ခရိုင်တရားရုံးသို့ အယူခံဝင်ရောက်ရာတွင် လတ်တလောရှုံးနိမ့်ထားသော

ယခင်ဥပဒေပြဌာန်းချက်အရ ကျပ် ၂၀ သိန်းထက်မပိုသဖြင့် ဒုတိယအယူခံတင်ခွင့်မရသောကြောင့် ငုတ်တုတ်မေ့နေသူများသည်

မူလမှုတန်ဘိုး ၁၀ သိန်းကျော်လျှင်လည်းကောင်း၊

ကာလစည်းကမ်းသတ်မကျော်သေးလျှင်လည်းကောင်း၊

ပြည်နယ် / တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဒုတိယအယူခံဝင်ခွင့် ကို ဆက်လက်တင်သွင်းခွင့် ရရှိမည်ဟုယူဆမိပါသည်။

( ကာလစည်းကမ်းသတ်မှာ ကာလစည်းကမ်းသတ်ဥပဒေ ၊ အမှတ်စဉ် - ၁၅၂-က အရ ရက် (၆၀)ဖြစ်ပါသည်။)

TUN MYO HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...