Tuesday, December 2, 2014


သက်သေထင်ရှားပြသနိုင်ရန်အတွက် သက်သေခံအဖြစ်လက်ခံထားပြီးမှ ဆောင်ရွက်နိုင်မည့် စာရွက်စာတမ်းဆိုသည်မှာ . . .


ဦးသာကြံ နှင့် ဒေါ်ကြိုင် ပါ ၂ ဦး ၊ ၁၉၈၁၊ မတစ၊ စာ - ၉၄ စီရင်ထုံး တွင် 


သက်သေခံအက်ဥပဒေပုဒ်မ ၆၇ ပါ ပြဌာန်းချက်များသည် စာရွက်စာတမ်းတစ်စုံတစ်ရာကို လူတစ်ယောက်က ရေးသားကြောင်း ထင်ရှားအောင် သက်သေပြသရန် နည်းများဖြစ်ပေသည်။ ထိုကဲ့သို့ ထင်ရှားအောင်သက်သေပြသနိုင်ရန် ယင်းစာရွက်စာတမ်းများကို သက်သေခံအဖြစ် လက်ခံပြီးမှ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သက်သေခံစာရွက်စာတမ်းတခုကို လက်ခံရုံမျှဖြင့် ယင်းစာရွက်စာတမ်းများသည် အလိုအလျောက် သက်သေခံဝင်သော စာရွက်စာတမ်းများ မဖြစ်လာချေ။ သက်သေခံအက်ဥပဒေပုဒ်မ ၆၇ ပါ ပြဌာန်းချက်များအတိုင်း ထင်ရှားအောင် သက်သေပြသမှသာလျှင် သက်သေခံဝင်ပေသည်။ ဟုထုံးဖွဲ့ထားပါသည်။

အထက်ပါစီရင်ထုံးကို ညွှန်း၍ စာရွက်စာတမ်းတစ်ရပ်ကို သက်သေခံအဖြစ်လက်ခံပေးရန် 
လျှောက်လဲကြရာတွင်လည်းကောင်း၊ သက်သေခံအဖြစ်လက်ခံခြင်းပြုကြောင်း အမိန့်ချမှတ် ကြရာတွင်လည်းကောင်း ယင်းစီရင်ထုံးပါ စာသားဖြစ်သည့် " ထင်ရှားအောင်သက်သေပြသနိုင်ရန် ယင်းစာရွက်စာတမ်းများကို သက်သေခံအဖြစ် လက်ခံပြီးမှ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သက်သေခံစာရွက်စာတမ်းတခုကို လက်ခံရုံမျှဖြင့် ယင်းစာရွက်စာတမ်းများသည် အလိုအလျောက် သက်သေခံဝင်သော စာရွက်စာတမ်းများ မဖြစ်လာချေ။ သက်သေခံအက်ဥပဒေပုဒ်မ ၆၇ ပါ ပြဌာန်းချက်များအတိုင်း ထင်ရှားအောင် သက်သေပြသမှသာလျှင် သက်သေခံဝင်ပေသည်။" ဟုဖြတ်ညှပ်ကပ်သုံးစွဲကြပါသည်။

အများစု ယင်းစီရင်ထုံးကို အလွယ်တကူနားလည်ကြသည်မှာ 
"သက်သေခံအဖြစ် လက်ခံ ထားလိုက်ပါ ဒါမှ သူတို့သက်သေပြနိုင်မှ သက်သေခံအဖြစ်လက်ခံတာနဲ့ သက်သေခံဝင်တာမှ မဟုတ်တာ။ထင်ရှားအောင် ပြနိုင်မှ သက်သေခံ ၀င်မှာ" ဟု အလွယ်တကူကောက်ယူကြသည်ကို 
တွေ့ရပါသည်။

ဤနေရာတွင် ဦးသာကြံ စီရင်ထုံးပါ ရည်ညွှန်းသော စာရွက်စာတမ်းသည် သက်သေခံတင်သွင်း 
သော စာရွက်စာတမ်းတိုင်းကို မရည်ရွယ်ဘဲ သက်သေခံဥပဒေပုဒ်မ - ၆၇ အရ လက်ရေး / လက်မှတ် ထင်ရှားပြရန်လိုသည့်စာမှတ်စာတမ်းကို ဆိုလိုခြင်းဖြစ်ပါသည်။

တစ်နည်းအားဖြင့် ပုဂ္ဂလိက(private document) စာတမ်းအမှတ်အသားများကို အဓိကရည်ရွယ်ခြင်းဖြစ်ပါသည်။ယင်းစီရင်ထုံးနှင့် အများပြည်သူဆိုင်ရာ စာတမ်းအမှတ်အသားများ( public document)များ နှင့် မသက်ဆိုင်ပါ။ 

ဥပမာ - စီရင်ချက်တာဝန်ခံမိတ္တူမှန်ဆိုပါစို့ ။ ယင်း စာတမ်းအမှတ်အသားသည် ပုဒ်မ - ၆၇ အရ သက်သေထင်ရှားပြရန်မလိုသည့် စာတမ်းအမှတ်အသားဖြစ်ပါသည်။ 

ယင်းစာတမ်း အမှတ်အသားမျိုးသည် သက်သေခံအဖြစ်လက်ခံလိုက်သည်နှင့် သက်သေခံဝင်ပြီဖြစ်ပါသည်။ ထို့ကြောင့် သက်သေခံအဖြစ်လက်မခံမီကပင် သက်သေခံဥပဒေအရ သက်သေခံဝင်မ၀င် တစ်ခါတည်းအသေအချာဆုံးဖြတ်သင့်ပါသည်။ 

ဦးသာကြံ စီရင်ထုံးအရ သက်သေခံအဖြစ် လက်ခံတာ သက်သေခံဝင်တာမှမဟုတ်တာ လက်ခံထားလိုက်ဟု အလွယ်တကူမလုပ်သင့်ပါ။

အလားတူပင် ယခင်အမှုမှသက်သေထွက်ချက်တာဝန်ခံမိတ္တူများ၊ ယခင်အမှုမှ အဆိုအချေတာဝန်ခံမိတ္တူများ၊ လ၀ကမှ ထုတ်ပေးသည့် အိမ်ထောင်စုဇယားမိတ္တူ၊ မြေစာရင်းပုံစံ - ၁၀၅ ၊၁၀၆ စသည်များ၊ ဂရန်များ၊ အများပြည်သူဆိုင်ရာစာတမ်းအမှတ်သားအားလုံး တို့ဖြစ်ပါသည်။

ယင်းစာတမ်းအမှတ်အသားများ သည် ပုဒ်မ - ၆၇ အရ လက်ရေး/လက်မှတ် သက်သေပြရန် မလိုသည့်စာတမ်းအမှတ်အသားများဖြစ်ပါသည်။ ယင်းစာတမ်းအမှတ်အသားများကို ပုဒ်မ - ၇၉ အရ (shall presume) မှန်သည်ဟုမှတ်ယူရသည်ဖြစ်ရာ သက်သေထင်ရှားပြသရန်မလိုသည့် စာတမ်းအမှတ်အသားများဖြစ်ပါသည်။

ထို့ကြောင့် အနှစ်ချုပ်ရလျှင် ဦးသာကြံ နှင့် ဒေါ်ကြိုင် ပါ ၂ ဦး ၊ ၁၉၈၁၊ မတစ၊ စာ - ၉၄ စီရင်ထုံး သည် 

- သက်သေခံဥပဒေပုဒ်မ - ၆၇ အရ လက်ရေး/ လက်မှတ် သက်သေ ထင်ရှားပြသရန် လိုအပ်သည့် ပုဂ္ဂလိက စာတမ်းအမှတ်အသားများ (private document) များနှင့်သာ သက်ဆိုင်ပါကြောင်း၊ 

- ပုဒ်မ - ၆၇ အရ လက်ရေးလက်မှတ် ထင်ရှားပြသစရာ မလိုသည့် ပုဂ္ဂလိက စာတမ်းအမှတ်အသားများ (private document) များနှင့် မသက်ဆိုင်ပါကြောင်း နှင့် 

- အများပြည်သူဆိုင်ရာစာတမ်းအမှတ်အသား ( public document)နှင့် လုံးလုံး မသက်ဆိုင်ပါကြောင်း တင်ပြအပ်ပါသည်။

©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©©


U Shwe Than
ကျနော့အမြင်နဲ့ တစ်ထပ်တည်းနီးပါးကျပါတယ်။ ဦးသာကြံစီရင်ထုံးရေလဲ သုံးရင် သက်သေခံဥပဒေအနှစ်သာရပျောက်သွားမှာပါ ။ ပုဒ်မ၆၇ကိစ္စနဲ့ ထုံးဖွဲ့ တာဖြစ်လို့ ၆၇နှင့် မပတ်သက်ရင် မသုံးသင့်ပါ။ ထပ်တူနီးပါး ဆိုသဖြင့် နည်းနည်းတော့ မတူပါ။ သက်သေခံဥပဒေပုဒ်မ ၆၇နဲ့ မပတ်သက်တဲ့ ကိစ္စမှာ အများပြည်သူဆိုင်ရာ စာတမ်းအမှတ်အသား တစ်မျိုးတည်းဟု မယူဆနိုင်ပါ။ ဒိထက်ပိုကျယ်ဝန်းတယ်လို့ ယူဆကြောင်းပါဗျာ။


Tun Myo Htay
ဟုတ်ပါတယ်ဆရာ၊ သက်သေခံဥပဒေပါ အများပြည်သူဆိုင်ရာစာတမ်း အမှတ်သားများနှင့် လုံးလုံးမဆိုင်ကြောင်း တင်ပြလိုခြင်းဖြစ်ပါသည်ဆရာ။ ပုဂ္ဂလိက စာတမ်းအမှတ်အသားထဲမှာလည်း ပုဒ်မ - ၆၇ အရ လက်ရေးလက်မှတ်ထင်ရှားပြသစရာမလိုသည့် စာတမ်းအမှတ်အသားများ လည်းမသက်ဆိုင်ကြောင်းဆိုရင် ပိုမို ပြည့်စုံမည်ထင်ပါသည်ဆရာ ။




TUN  MYO  HTAY

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...