Wednesday, December 3, 2014

ရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြင်မည်ဆိုလျှင်...

ရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြင်မည်ဆိုလျှင်...

ပြည်သူအများ သိရှိလေ့လာအကြံပြုနိုင်ရေးအတွက် ဖြန့်ချိထားတဲ့ဥပဒေကြမ်းတွေထဲမှာ 'ရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' လည်း ပါပါတယ်။ ရာဇ၀တ်ကျင့်ထုံးဥပဒေဆိုတာ ၁၈၉၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ 'The Code of Criminal procedure' ဖြစ်ပါတယ်(လုပ်ငန်းခွင်မှာ နေ့စဉ် ခေါ်ဝေါ်သုံးစွဲကြရာမှာတော့ အလွယ်နည်းနှင့် 'TheCriminal Procedure Code' လို့ ပြောလေ့ရှိကြပါတယ်)။

၁၉၇၄ ခုနှစ်မတိုင်မီအထိတော့ ဒီဥပဒေကို 'ရာဇ၀တ်ကျင့်ထုံးဥပဒေ' လို့ သုံးစွဲခဲ့ပြီး ၁၉၇၄ ခုနှစ်မှ ယနေ့အထိ 'ပြစ်မှုဆိုင်ရာ ကျင့် ထုံး ဥပဒေ' လို့သုံးစွဲလျက်ရှိကြပါတယ်။ ဒီဥပဒေကြမ်းရဲ့ ခေါင်းစီး(အမည်)အရ ဆိုရှယ်လစ်ခေတ်က မသုံးခဲ့တဲ့ 'ရာဇ၀တ်' ဆိုတဲ့ဝေါဟာရကို ပြန်လည်သုံးစွဲတော့မယ်ဆိုတဲ့သဘောလို့ ယူဆရပါတယ်။

ဒီလို ဆိုတော့ 'offence' တို့ 'chrime' တို့ကို 'ရာဇ၀တ်မှု' လို့ ပြန်သုံးရတော့မှာပေါ့။ (ကိုရီးယားဇာတ်ကားတွေမှာ မြန်မာ ဘာသာ စကားမှာ အသုံးမရှိတဲ့ 'အပြစ်သား' ဆိုတဲ့ စကားလုံးအစား 'ရာဇ၀တ်သား'လို့ သုံးမယ်ဆိုရင် တိကျမှန်ကန် မယ်လို့ထင်ပါတယ်။) ဒီဥပဒေက အင်္ဂလိပ်ဥပဒေသဘော တရားအရ 'substantive law' လို့ခေါ်တဲ့ အရင်းခံ/ပင်မဥပဒေတော့ မဟုတ်ဘူး။

'adjective law' လို့ခေါ်တဲ့ လုပ်ထုံးလုပ် နည်းဆိုင်ရာ ဥပဒေတစ်မျိုးဖြစ်ပါတယ်။ အများ နားလည်နိုင်အောင်ပြောရမည် ဆိုလျှင်တော့ မှုခင်းတစ်ခုဖြစ်ပွားတဲ့အခါ မှာ ရဲအရာရှိက ဘယ်လိုဆောင်ရွက်ရမယ်၊ ဘယ်လိုတရားစွဲဆိုရမယ်၊ တရားရုံးက ဘယ်လိုစစ်ဆေး ရမယ်၊ တရားရုံး အဆင့်ဆင့်ရဲ့ အမိန့်တွေကို ဘယ်လို အယူခံရမယ်စတဲ့ သက်ဆိုင်ရာတာဝန်ရှိ သူတွေ တာဝန်ထမ်းဆောင်ရာမှာ လိုက်နာရမယ့် လမ်းညွှန်ချက်တွေ အပြည့်အစုံ ပါရှိတဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာဥပဒေဖြစ်ပါတယ်။

ဒီဥပဒေဟာ အရင်းခံ/ပင်မဥပဒေ မဟုတ်ဘူးဆိုပေမယ့်လည်း ပြစ်မှု ကျူးလွန်ကြောင်း ယုံကြည်လောက်တဲ့ အကြောင်းမရှိလျှင်၊ တိုင်ကြားချက်မရှိလျှင် လူတစ်ဦးကိုမဖမ်းဆီးရ၊ ရဲက ဖမ်းဆီးမယ်ဆိုလျှင်လည်း တရားသူကြီး ရဲ့ အမိန့်မရဘဲ ၂၄ နာရီထက် ကျော် လွန်ပြီး ချုပ်နှောင်မထားရ၊ တရားရုံးရဲ့အမိန့် ဖြင့် ချုပ်နှောင်ထားတာဖြစ်လျှင်လည်း အများဆုံး ရက်ပေါင်း ၃၀ ထက်ကျော် လွန်ပြီး ချုပ်နှောင်ခွင့်မရှိ၊ ချုပ်နှောင် ထားတဲ့ရက်အတွင်း တရားစွဲဆိုနိုင်လျှင် စွဲဆိုပြီး တရားမစွဲဆိုနိုင်လျှင် လွှတ်ရမယ်။

ဘယ်လိုအမှုမျိုးကို တရားရုံးရဲ့ အမိန့် (၀ရမ်း) မပါဘဲ ဖမ်းနိုင်တယ်။ ဘယ်လိုအမှုမျိုးကို ၀ရမ်းမပါဘဲ မဖမ်းရဘူး။ လူနေအိမ် အဆောက်အအုံ စသည် ကို ဘယ်လိုအခါ ရှာဖွေနိုင်တယ်၊ ဘယ်လို ရှာဖွေရမယ်၊ ရှာဖွေရာမှာ ၀ရမ်းလိုမလို၊ ဘယ်လိုအမှုတွေကိုရဲက အရေးယူပိုင် ခွင့်ရှိပြီး ဘယ်လိုအမှုတွေကိုတော့ ရဲက အရေးယူပိုင်ခွင့်မရှိဘူး စတဲ့ ပြဋ္ဌာန်းချက် တွေ အသေးစိတ်ပါပါတယ်။

မြန်မာ့ သမိုင်းတစ်လျှောက် မြန်မာနိုင်ငံသား လူ အများ တွေ့ကြုံသိရှိကြတဲ့ ပုဒ်မ ၁၄၄ ဆိုတာဟာလည်း ဒီဥပဒေမှာပါတဲ့ ပုဒ်မ ပါပဲ။ နောက်ပြီး အလုပ်အကိုင်မရှိ လေလွင့်နေတဲ့သူတွေကို ရည်ညွှန်းတဲ့ ၁၀၉၊ ၁၁၀ ဆိုတာတွေလည်း ဒီဥပဒေက ပုဒ်မတွေပဲ ဖြစ်ပါတယ်။ အဲဒီပြဋ္ဌာန်းချက်တွေဟာ တစ်ဖက်က ကြည့်ရင် တရားသူကြီးနှင့်ရဲအရာရှိတွေကို အာဏာပေးအပ်တဲ့ပြဋ္ဌာန်းချက်တွေ ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် အခြား တစ်ဖက်က ကြည့်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ပုဂ္ဂလိကအခွင့်အရေး တွေ၊ တစ်နည်းအားဖြင့် လူ့အခွင့် အရေးတွေကို အကာအကွယ်ပေးထားတာဖြစ် တယ်လို့လည်း မြင်နိုင်ပါတယ်။

ရှာဖွေ၊ ဖမ်းဆီးရာမှပဲဖြစ်ဖြစ်၊ တရားစီရင်ရာမှာ ပဲဖြစ်ဖြစ် တာဝန်ရှိသူတွေဟာ သတ်မှတ် ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိဘူးဆိုရင် တရားနည်းလမ်းအတိုင်း (under due process of law) လုပ်တာမဟုတ်တဲ့ အတွက် လူ့ အခွင့်အရေးဖောက်ဖျက်မှုကို ကျူးလွန်ခြင်းဖြစ်တယ်လို့ ပြောလေ့ ရှိကြတယ်။

နောက်ပြီး လူ့အခွင့်ရေးအတွက် အလွန်အရေးကြီးတဲ့ ပြဋ္ဌာန်းချက် တစ်ရပ်လည်း ဒီဥပဒေထဲမှာ ပါသေးတယ်။ ဒါကတော့ လက်တင် ဘာသာနှင့် 'habeas corpus' လို့ခေါ်တဲ့ 'ရှေ့တော် သွင်း စာချွန်တော်' ဆိုတာပဲ။ မြန်မာနိုင်ငံ ရဲ့ ၁၉၄၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွမှာပါတဲ့ အင်္ဂလိပ် ဘာသာဖြင့် Writs' ခေါ် 'စာချွန်တော်' ငါးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။

('Writs' ရဲ့မူရင်းအဓိပ္ပာယ်ကတော့ ဘုရင့်အမိန့် အဖြစ်နှင့် တရားရုံးတွေက ထုတ်ဆင့်တဲ့ အမိန့်ဖြစ်ပါတယ်။) 'ရှေ့တော်သွင်း စာချွန် တော်'ရဲ့ အနှစ်သာရကတော့ လူတစ်ဦးတစ်ယောက်ကို မတရားချုပ် နှောင်ထားခြင်းမှ အကာအကွယ် ပေးခြင်းဖြစ်ပါတယ်။ ရာဇ၀တ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၁ အရ အင်္ဂလိပ်ခေတ် ကစပြီး လွတ်လပ်ရေးရပြီးနောက် ပါလီမန်ခေတ်အထိ ဒီအာဏာကို ကျင့်သုံးရန် တရားလွှတ်တော်အား အပ်နှင်းခဲ့ပေမယ့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ အရဆိုရင်တော့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားလွှတ်တော် ချုပ်က ကျင့်သုံးခွင့် ရှိတဲ့အာဏာ ဖြစ်ပါတယ်။

ဒါပေမယ်လို့ ယခုဖြန့်ဝေထားတဲ့ 'ရာဇ၀တ် ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'မှာ တော့ ပုဒ်မ ၄၉၁ မှာပါတဲ့ 'The High
Court' ဆိုတာကို 'The Supreme Court of the Union' ဖြင့် အစားထိုး ပြင်ဆင်ဖို့ အဆိုပြုထားတာ မတွေ့ရဘူး။ လက်ရှိ တရား လွှတ်တော်တွေကို ဒီအာဏာဆက်ပေးလိုတဲ့ သဘောလား မသိဘူး။

အာဏာတည်ဆဲ The Criminal Procedure Code ကို အပိုင်းခွဲကြည့် မည်ဆိုလျှင် အကြမ်းအားဖြင့် အပိုင်း သုံးပိုင်း ပါဝင်တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ပထမပိုင်းကတော့ ရဲလုပ်ငန်းများ (ရဲအရာရှိ၏ အာဏာများနှင့် လုပ်ထုံး လုပ်နည်းများစသည်) နှင့်ပတ်သက်တဲ့ အပိုင်းဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ရာဇ၀တ်တရားစီရင်ရေးလုပ်ငန်းများ (ရာဇ၀တ်တရားရုံးများနှင့်အာဏာများ၊ ရာဇ၀တ်မှုများ စစ်ဆေးပုံ စစ်ဆေးနည်းများ၊ အယူခံ/ပြင်ဆင်ကိစ္စများစသည်) တို့ပါဝင်ပါတယ်။

တတိယပိုင်းကတော့ ပြည်သူ့ငြိမ်ဝပ်ပိပြားရေးနှင့် မှုခင်းကာ ကွယ်ရေးကိစ္စများဖြစ်ပြီးတော့ ရဲအရာရှိ နှင့် ရာဇ၀တ်တရားသူကြီးများ ပူးပေါင်း ဆောင်ရွက်ကြရတဲ့အပိုင်းဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံနဲ့ မတူဘဲ ထူးခြားတဲ့ အချက်တစ်ချက်ကတော့ အင်္ဂလိပ် အုပ်ချုပ်ရေး စနစ်ရဲ့ အမာခံအုတ်မြစ်ဖြစ်တဲ့ မြို့အုပ် (မြို့ပိုင်)၊ နယ်ပိုင်ဝန်ထောက် နဲ့ အရေးပိုင်(ခရိုင်ဝန်)တို့ကို ရာဇ၀တ် တရားစီရင်ရေး အာဏာ များ အပ်နှင်းပြီး ရာဇ၀တ်တရားသူကြီးများအဖြစ် ခန့်အပ်အုပ်ချုပ်စေခြင်း ဖြစ်ပါတယ်။

အုပ်ချုပ်ရေးအရာရှိတွေကို ရာဇ၀တ် အာဏာပေးထားတော့ ရပ်ရွာငြိမ်ဝပ်ပိပြားရေးအတွက် အလွန်ထိရောက်ပါတယ်။ ရပ်ရွာ အေးချမ်းမှ လည်း စီးပွားရေးလုပ်လို့ ကောင်းတာဆိုတော့ အုပ်ချုပ်သူ နယ်ချဲ့အရင်းရှင်တွေ အတွက်တော့ အလွန်အကျိုးရှိခဲ့တာ အမှန်ပါပဲ။

အဲဒီလို အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာကို ရောထွေး ကျင့်သုံးတာဟာ နိုင်ငံတကာကလက်ခံ ကျင့်သုံးလျက်ရှိတဲ့ အာဏာခွဲဝေကျင့် သုံးမှု (separation of power) လို့ဆိုတဲ့ အခြေခံဥပဒေဆိုင်ရာ သဘောတရား နှင့် ဆန့်ကျင်ပါတယ်။ ဒါကြောင့် ၁၉၇၄ ခုနှစ်ကစပြီး အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတွေကို ခွဲခြား ကျင့်သုံးခဲ့တဲ့အတွက် ရာဇ၀တ်တရားသူကြီး (Magistrate) ဆိုတာတွေ မရှိ တော့ပါဘူး။

လက်ရှိဖွဲ့စည်းတည်ထောင် ထားတဲ့ တရားရုံးတွေကပဲ ရာဇ၀တ်မှု ရော၊ တရားမမှုကိုပါ စီရင်ဆုံးဖြတ်ကြပါတယ်။ ဒါဟာ လက်ရှိ ရာဇ၀တ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်ဖို့လိုအပ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဒီဥပဒေကိုပြဋ္ဌာန်းခဲ့တဲ့ အချိန် ကစပြီး ၁၉၇၄ ခုနှစ်မတိုင်မီအထိ တည်ရှိခဲ့တဲ့ တရားရုံးများဖွဲ့စည်းတည် ထောင်ထားပုံကိုလည်း အကျဉ်းအားဖြင့် ပြောပြဖို့လိုဦးမှာပါ။

အများသိပြီးဖြစ်တဲ့အတိုင်း တရားစီရင်ရေးမှာ ရာဇ၀တ် တရားစီရင်ရေးနှင့် တရားမတရားစီရင် ရေးဆိုပြီး ခွဲခြားထားပါတယ်။ ရာဇ၀တ် မှုတွေကို စစ်ဆေးစီရင်တာက မြို့နယ် ရာဇ၀တ်တရားသူကြီး၊ နယ်ပိုင်ရာဇ၀တ် တရားသူကြီးနှင့် ခရိုင်ရာဇ၀တ်တရား သူကြီးအဖြစ် ရာဇ၀တ်တရားစီရင်ရေး အာဏာတွေ အပ်နှင်းခြင်းခံရတဲ့ မြို့ပိုင်၊ နယ်ပိုင်ဝန်ထောက်နှင့် ခရိုင်ဝန်တွေဖြစ် ပြီး သူတို့ကို အင်္ဂလိပ်ဘာသာဖြင့် 'Magistrates' လို့ ခေါ်ပါတယ်။

သူတို့ ဟာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဌာနခွဲရဲ့ ၀န်ထမ်းတွေဖြစ် ကြပါတယ်။ တရားမမှုတွေကို စစ်ဆေး စီရင် တာကတော့ တရားရေးဝန်ကြီး ဌာနရဲ့ လက်အောက်ခံ တရားရေး ၀န်ထမ်းများဖြစ်ကြတဲ့ မြို့နယ်တရားမ တရားသူကြီး၊ နယ်ပိုင် တရားမ တရားသူကြီးနှင့် ခရိုင်တရားမ တရားသူကြီးများ ဖြစ်ကြပြီး သူတို့ကိုတော့ 'Judge' လို့ ခေါ်ပါတယ်။

သေဒဏ်ထိုက်သင့်တဲ့ အမှု များအပါအ၀င် ရာဇ၀တ်မှုကြီးတွေကို စစ်ဆေးတဲ့ စက်ရှင်တရားသူကြီး (Sessions Judge) နှင့် တရားမ ဥပဒေ များအရ တရားမမှုကြီးတွေကို စစ်ဆေးတဲ့ ခရိုင်တရားမတရားသူကြီး (District Judge) တို့ဟာ တစ်ဦးတည်းဖြစ်ပြီး ခရိုင် တရားမနဲ့ စက်ရှင်တရားသူကြီး ( District Judge ) လို့ ခေါ်ပါ တယ်။ ခရိုင်အစိုးရရုံးများရုံးစိုက်ရာ ခရိုင်မြို့ ကြီးတွေမှာတော့ ရာဇ၀တ် မှုဦးရေ အပေါ် မူတည်ပြီး ရာဘက်ရာဇ၀တ် တရားသူကြီးများ ( Additional Magistrates ) အဖြစ် အုပ်ချုပ်ရေးဘက် က မြို့မ ၀န်ထောက်ကြီး၊ အခွန်ဝန်၊ ငွေတိုက်ဝန်ထောက်နှင့် တရားရေးဌာန ဘက်က တရားမမြို့အုပ်၊ တရားမ ၀န်ထောက်တွေကို ရာဇ၀တ် တရားစီရင် ရေးအာဏာ အပ်နှင်းပြီး ရာဇ၀တ်တရား သူကြီးများအဖြစ် ဆောင်ရွက်စေပါတယ်။

ရုံးအမည်တွေကိုလည်း ၁- ရာဘက်ရာဇ၀တ်တရားသူကြီး၊ ၂- ရာဘက်ရာဇ၀တ်တရားသူကြီး၊ ၃- ရာဘက်ရာဇ၀တ်တရားသူကြီး စသည်ဖြင့် သတ်မှတ်ပေးပါတယ်။ ခရိုင် တစ်ခုလုံးရဲ့ ရာဇ၀တ်တရားစီရင်ရေးကို တိုက်ရိုက် ကြီးကြပ်ကွပ်ကဲတဲ့သူကတော့ ခရိုင်ဝန် လည်းဖြစ်တဲ့ ခရိုင်ရာဇ၀တ် တရားသူကြီးပဲ ဖြစ်ပါတယ်။ စက်ရှင်တရားသူကြီးကတော့ ခရိုင်အတွင်းမှာရှိတဲ့ ရာဇ၀တ်တရားရုံးများရဲ့ အယူခံရုံးအဖြစ်နဲ့ပဲ ရာဇ၀တ်တရား စီရင်ရေးကို ထိန်းကွပ်ပါတယ်။

ရာဇ၀တ်ကျင့်ထုံးဥပဒေမှာ ခေတ် တွေပြောင်းလဲမှုအရ သုံးလို့မရတော့တဲ့ အတွက် မသုံးဘဲသေနေတဲ့ (defunct ဖြစ်နေတဲ့) အခန်း အလိုက်ပြဋ္ဌာန်းချက် တွေလည်း ရှိနေပါသေးတယ်။ စက်ရှင် တရားရုံးနှင့် တရားလွှတ်တော်တို့က မူလ ရာဇ၀တ်မှုတွေ စစ်ဆေးခြင်း နှင့်ဆိုင်တဲ့ အခန်း (၁၈) နှင့် အခန်း (၂၃) တို့ပါ ပုဒ်မ ပေါင်း ၁၀၀ နီးပါးရှိတဲ့ ပြဋ္ဌာန်းချက် တွေကို ဘယ်နှစ်အထိ အသုံးပြုခဲ့တယ် ဆိုတာ စာရေးသူအနေဖြင့် အတိအကျ မပြောနိုင်ပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ မသုံးခဲ့တာကတော့ သေချာပါတယ်။

အဲဒီပြဋ္ဌာန်းချက်တွေ ထဲမှာ တရားလွှတ်တော်နှင့် စက်ရှင် တရားရုံးများမှာ စစ်ဆေးတဲ့ရာဇ၀တ်မှု ကြီးတွေကို ဂျူရီလူကြီးများ ခန့်ထား ပြီး စစ်ဆေးရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ တောင်ပါပါသေးတယ်။ ယခုခေတ် ဥပဒေသမားမဟုတ်သူတွေ ကြားဖူးကြ မှာတောင် မဟုတ်ဘူး ထင်တယ်။ (အမေ ရိကန်ပြည်ထောင်စုမှာတော့ ဂျူရီစနစ် ကို ယခုအထိ တွင်တွင်ကျယ်ကျယ် ကျင့် သုံးလျက်ရှိသေးတာ ကို သတင်းတွေမှာ ဖတ်ရတယ်။)

အဲဒီပြဋ္ဌာန်းချက်တွေကို မသုံးတော့တဲ့အတွက် ပယ်ဖျက်ဖို့တော့ မလိုပါဘူး၊ နောင်သုံးလိုတဲ့အခါမှာ ပြုပြင် သုံးစွဲနိုင်အောင် လက်ရှိ အတိုင်းပဲ ထားသင့်ပါသေးတယ်။ အထက်မှာပြောခဲ့တာတွေက ရာဇ ၀တ် ကျင့်ထုံးဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့ စဉ်းစား ကြရာမှာ ဥပဒေ သမားမဟုတ်သူတွေ သိရှိထားဖို့လိုမယ် လို့ထင်တဲ့ အခြေခံအချက်အလက်များ ကို အကြမ်းဖျင်းဖော်ပြခြင်းသာ ဖြစ်ပါ တယ်။

ဥပဒေကြမ်းကို စိစစ်ကြည့်တဲ့အခါ ပြင်ဆင်ဖို့ ရည်ရွယ်တဲ့ပုဒ်မတွေက အားလုံးနီးပါးလောက် ဖြစ်နေတော့ ဒီဆောင်ပါးမှာ အပြည့်အစုံ ဖော်ပြဖို့ မဖြစ်နိုင်တဲ့အတွက် ယေဘုယျ သဘောနဲ့ ပြောလို့ရနိုင်တာကိုပဲ ပြောပါရစေ။ မူသဘောအရ ပြောရမယ်ဆိုရင် တည်ဆဲ ဥပဒေဟောင်းတစ်ခုကို ပြင်ဆင်ရာမှာ ပြင်ဆင်ဖြည့်စွက်စရာတွေ သိပ်များပြီး မူလဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲ သွားစေမယ် ဆိုရင်တော့ အဲဒီဥပဒေနေရာမှာ ဥပဒေအသစ်ကို အစားထိုးပြဋ္ဌာန်းပြီး ဥပဒေဟောင်းကို ရုပ်သိမ်းသင့်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သာဓကတွေလည်း အများကြီးရှိပါတယ်။ ယခုအဆိုပြုထားတဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပြင်ဆင်ချက် တွေကို ကြည့်လျှင် မူလဥပဒေတစ်ခုလုံးနီးပါးကို ပြင်ဆင်မှာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အများအား ဖြင့်တော့ လက်ရှိဥပဒေမှာပါရှိတဲ့ High Court, District Magistrate, Magistrates အစရှိတဲ့ စကားရပ်တွေကို အစားထိုး တာဖြစ်ပါတယ်။

အဲဒါကြောင့် မူလဥပဒေရဲ့ ပုဒ်မအားလုံး လောက်နီးပါး ပြင်ဆင်နေရတာဖြစ် ကြောင်းကိုလည်း တွေ့ရှိရပါတယ်။ အဲဒီလို မူရင်းဥပဒေပါ ပုဒ်မအများ အပြားကို လိုက်ပြင်နေမယ့်အစား High Court နဲ့ District Court ဆိုတဲ့ စကားရပ်များရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် (definition) ကို ပြင်ဆင်ချက်ဥပဒေ မှာ ဖြည့်စွက်ပေးလိုက်မယ်ဆိုရင် အဲဒီ စကားရပ်တွေပါတဲ့ ပုဒ်မတိုင်းကို လိုက်ပြီး ပြင်ဆင်နေဖို့ လိုမှာမဟုတ် တော့ဘူး။

နောက်ပြီး ရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းမှာ အဆိုပြု ထားသလို လက်ရှိဥပဒေမှာ ပါရှိနေတဲ့ 'Magistrate'ဆို တဲ့ စကားရပ်များအစား 'Judge' ဆိုတဲ့ စကားလုံးနှင့်အစားထိုးဖို့ မသင့်ဖူးလို့ထင်ပါတယ်။ လက်ရှိဥပဒေ ရဲ့ပုဒ်မများနှင့် ဒုတိယ ဇယားမှာပါရှိတဲ့ Court of Sessions, District Magistrate, Sub-divisional Magistrate, Magistrate of the first or the second or the third class စတဲ့ စကားရပ်တွေကို ပုဒ်မတွေမှာလိုက် ပြီး ပြင်ဆင်နေမယ့်အစား District Magistrate ရဲ့အာဏာတွေကို ယခု လက်ရှိ District Judge အားကျင့် သုံးခွင့်ပြုမယ်၊ Sub-divisional Magistrate နဲ့ Magistrates တွေရဲ့ အာဏာတွေကို Township Judge နဲ့ Deputy Township Judge တွေအား ၎င်းတို့ကို အပ်နှင်းထားတဲ့ ရာဇ၀တ် အာဏာအလျောက် ကျင့်သုံးခွင့်ပြုမယ် ဆိုရင်ဖြစ် နိုင်မယ်လို့ ထင်ပါတယ်။

ပြင်ဆင်ချက်ဥပဒေမှာ အဆိုပြုထားတဲ့အတိုင်း တည်ဆဲဥပဒေပါ District Magistrate ရဲ့ အာဏာအားလုံးကို Township Judge အား အာဏာအပ် နှင်းဖို့တော့ မသင့်ဘူးလို့ထင်ပါတယ်။ တာဝန်ကြီးမှုအပိုင်းက မတူညီကြလို့ပါ။ ယခုအကြံပြုချက်တွေကို ပြင်ဆင်ချက် ဥပဒေမှာတော့ ထည့်သွင်းနိုင်မှာမဟုတ်ဘူး။

ဆောင်ရွက်နိုင်မယ့် နည်းလမ်း နှစ်ရပ်ကိုတွေ့ရတယ်။ ပထမနည်းက ရာဇ၀တ်ကျင့်ထုံးဥပဒေ အခန်း(၂)ပါ နိုင်ငံတော်သမ္မတအား အပ်နှင်းထားတဲ့ အာဏာများအရ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး လက်ရှိ တရားရေးဝန်ထမ်းများ (တရားရုံးများ) အား ရာဇ၀တ်တရားစီရင်ရေး အာဏာများ အပ်နှင်းတဲ့နည်းဖြစ်ပြီး၊ ဒုတိယနည်း ကတော့ လက်ရှိတရားစီရင်ရေးဥပဒေမှာ လိုအပ် သလို ဖြည့်စွက်ပြင်ဆင်တဲ့ နည်းဖြစ်ပါတယ်။

ရာဇ၀တ်ကျင့်ထုံးဥပဒေမှာ ပါတဲ့အုပ်ချုပ်ရေးအရာရှိများ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကိုတော့ ယခင်ပြည်သူ့ ကောင်စီ အဆင့်ဆင့်ကို အာဏာအပ် နှင်းခဲ့ဖူးတဲ့ ပုံစံအတိုင်း အာဏာအပ်နှင်း သင့်ပါတယ်။ ဥပမာ ပုဒ်မ ၁၄၄၊ ၁၄၅၊ ၁၄၆ စတာတွေ ပေါ့။
အဲဒီလိုဆောင်ရွက်ပြီးနောက် ရာဇ၀တ်ကျင့်ထုံးဥပဒေမှာ ပြင်ဆင်ရမယ့် အချက်တချို့ ကျန်ရှိနေသေးမယ်ဆိုရင် (ဥပမာ ပုဒ်မ ၄၉၁ မှာပါရှိတဲ့ 'ရှေ့တော် သွင်း စာချွန်တော်' ကိစ္စ၊ ယခု အဆိုပြု ထားတဲ့ဥပဒေမူကြမ်းမှာမပါရှိသေးတဲ့ ပုဒ်မ ၄၈၈ အရ မယားစရိတ်နှင့် ကလေး စရိတ်ကို ကျပ် ၁၀၀ ထက်ပိုမပေးရဆို တဲ့ကိစ္စ စသည်) အဲဒီကျန်နေတဲ့ကိစ္စတွေ ကိုလည်း ရာဇ၀တ်ကျင့်ထုံးဥပဒေ ပြင်ဆင် ချက်မှာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ဖော်ပြပါ အကြံပြုချက်များအရ လက်ရှိတရားသူကြီးများအား အာဏာ အပ်နှင်းတာကို နိုင်ငံတော်သမ္မတရဲ့ အမိန့် ဖြင့် ဆောင်ရွက် ခြင်း မပြုဘူးဆိုလျှင်တော့ လက်ရှိ ရာဇ၀တ်ကျင့်ထုံး ဥပဒေနှင့် တရားစီရင်ရေးဥပဒေတွေကို လိုအပ်သလို ပြင်ဆင်ရမှာဖြစ်လို့ 'ရာဇ ၀တ် ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့် ဥပဒေ' နှင့် 'တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ' ဆိုပြီး ပြင်ဆင်ချက် ဥပဒေ နှစ်ခု ရှိလာမှာဖြစ်ပါတယ်။ အဆိုပြုထားတဲ့ဥပဒေမူကြမ်းမှာ မူလ ဥပဒေပါစကားရပ်များကို အစားထိုး ဖို့ရည်ရွယ်တဲ့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ စကားရပ်များနှင့်ပတ်သက်လို့ပြောစရာလေးတွေရှိသေးပေ မယ့် ဒီနေရာမှာမပြောသာတော့ဘူး။

ဦးကျော်အေး

အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

မြန်မာတိုင်း(မ်)

မူရင်းလင့် >> http://www.myanmar.mmtimes.com/2012/article/585/law01.html






သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...