Wednesday, December 3, 2014

စွဲချက်နှင့်စပ်လျဉ်းသည့် အမိန့်များအပေါ် ပြင်ဆင်မှုဝင်ရောက်ခြင်း


စွဲချက်နှင့်စပ်လျဉ်းသည့် အမိန့်များအပေါ် ပြင်ဆင်မှုဝင်ရောက်ခြင်းများ နှင့်ပတ်သက်၍


မောင်မျိုး။ ။အကို မြို့နယ်ရုံးက တရားခံကို စွဲချက်တင်လိုက်တယ်အကို။ အဲဒီစွဲချက်ကိုပယ်ဖျက်ဖို့ အထက်ရုံးတက်ချင်တယ်အကို ။ ဘယ်လိုတက်ရမလဲ။

TMH။ ။ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၃၉ အရ ပြင်ဆင်မှုတက်ရပါတယ်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၃၉ အရ ပြင်ဆင်မှုရုံးသည် အယူခံရုံးအာဏာဖြစ်သည့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၂၃(၁)(ဂ) အာဏာကို ရရှိခြင်း ကြောင့်ဖြစ်ပါတယ်။

ဦးညီလေး နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ (၁၉၅၉၊မတစ၊စာ - ၆၀(လွှတ်တော်ချုပ်) စီရင်ထုံးမှာတော့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၅၆၁-က လို့ ဆိုပါတယ်။
ပုဒ်မ - ၅၆၁-ကအရ ဆိုရင်တော့ ပြင်ဆင်မှုမဟုတ်တော့ပါဘူး။ ထွေထွေလျှောက်လွှာဖြစ်ပါမယ်။

ဒါပေမယ့် နောက်ပိုင်းတော့ စွဲချက်ပယ်ဖျက်ပေးစေလိုမှုကို ပြင်ဆင်မှုသာ တက်ရောက်ပါတယ်။

မောင်မျိုး။ ။ဘယ်ရုံးတက်ရမှာလဲ အကို။

TMH။ ။ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၃၉က တရားလွှတ်တော် နှင့် ပြည်နယ် / တိုင်းတရားရုံးမှာပဲ အာဏာရှိပါတယ်။ ပြည်နယ်/ တိုင်း တရားရုံးမရှိတော့ဘူးဆိုတော့ တရားလွှတ်တော်ပေါ့။ တရားလွှတ်တော်မှာ တင်သွင်းရန်ဖြစ်ပါတယ်။

မောင်မျိုး။ ။။ ခရိုင်တရားရုံး မဟုတ်ဘူးလား အကို။

TMH။ ။ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၃၉က တရားလွှတ်တော် နှင့် ပြည်နယ် / တိုင်းတရားရုံး လို့သာ ပြဌာန်းထားပါတယ် ။ ခရိုင် မပါပါဘူး။

-------------

မောင်မျိုး။ ။။အကို စွဲချက်မတင်မီလွှတ်တဲ့ အမိန့်ကိုတက်မယ်။ အဲဒါဆိုရင်ရော

TMH။ ။ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၃၆ အရ ပြင်ဆင်မှုတက်ရပါတယ်။

မောင်မျိုး။ ။ဘယ်ရုံးလဲအကို။

TMH။ ။ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၃၆ မှာ ခရိုင်ကို အာဏာပေးပါတယ်။
ခရိုင်တရားရုံးကို တင်သွင်းရန်ဖြစ်ပါတယ်။

မောင်မျိုး။ ။အဲဒီလိုတက်ရင် ပြင်ဆင်မှုမှာ အောက်ရုံးကို ဘယ်ပုဒ်မ နှင့် စွဲချက်တင်လို့ ညွှန်ကြားအမိန့်ချလို့မရဘူးလို့ သိရပါတယ်။ ဟုတ်ပါသလား။

TMH။ ။ဟုတ်ပါတယ်။ ဦးပု ပါ ၂ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၇၆၊မတစ၊ စာ - ၆၁ ) မှာထိုအတိုင်းပဲဆိုပါတယ်။

မောင်မျိုး။ ။ဒါဖြင့် ငြိစွန်းသည့်ဥပဒေပုဒ်မဖြင့် စွဲချက်တင်၍ အမှုကို ဆက်လက်စစ်ဆေးသွားရန်ညွှန်ကြားရမှာ လားအကို။

TMH။ ။ဦးခင်မောင်ပါ၃ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ပါ၂ (၁၉၈၃၊မတစ၊ စာ - ၈၂ ) မှာတော့ အဲဒီလိုလည်း ညွှန်ကြားလို့မရဘူးလို့ဆိုပါတယ်။

မောင်မျိုး။ ။ဒါဖြင့် ဘယ်လိုအမိန့်ချရမှာလဲ။

TMH။ ။ဦးခင်မောင်ပါ၃ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ပါ၂ (၁၉၈၃၊မတစ၊ စာ - ၈၂ )မှာ မူလရုံးက ဆက်လက်ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ညွှန်ပြ၍ "ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၃၆ အရ အမှုကို ဆက်လက်စုံစမ်းစစ်ဆေးရန်" ဟူ၍သာ အမိန့်ချနိုင်ပါတယ်။

--------------
မောင်မျိုး။ ။တကယ်လို့ မြို့နယ်ရုံးက စွဲချက်တင်တယ်ဆိုပါတော့ ။ အဲဒီစွဲချက်ပါ ပြစ်မှုပုဒ်မ ထဲက တစ်ခုခုကို ဖြုတ်ချင်ရင်ပဲဖြစ်ဖြစ်၊ စွဲချက်ပါ ပြစ်မှုပုဒ်မ ကို အခြားပုဒ်မ တစ်ခုခုနဲ့ပြောင်းချင်ရင်ပဲ ဖြစ်ဖြစ်ဘယ်လိုလုပ်ရမှာလဲ။

TMH။ ။ညီလေးမေးတာ စွဲချက်ကို ပြောင်းလဲပေးဖို့ တင်သွင်းတာ။ စွဲချက်ကို ပြောင်းလဲပေးရန် တင်သွင်းခြင်းသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၃၉ အရပါ။ ဦးစိုးလှိုင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ(၂) (၁၉၉၈၊မတစ၊စာ - ၄၉) မှာကြည့်ပါ။

အယူခံရုံးအာဏာဖြစ်သည့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၂၃(၁)(ဂ) အာဏာကို ကျင့်သုံးမှာမို့လို့ပါ။

ထို့ကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၃၉ အရ ပြင်ဆင်မှုတက်ရန်ဖြစ်ပါတယ်။

မောင်မျိုး။ ။ဘယ်ရုံးကိုတက်ရမှာလဲ။

TMH။ ။စောစောကပြောတယ်လေ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၄၃၉ ဆို တရားလွှတ်တော်လေ။

မောင်မျိုး။ ။အဲဒီလိုတက်ရင်ရော အောက်ရုံးကို "အမှုကို ဆက်လက်စုံစမ်းစစ်ဆေးရန်" လိုပဲ အမိန့်ချမှာလား။

TMH။ ။မဟုတ်ဘူး။ ဦးစိုးလှိုင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါ(၂) (၁၉၉၈၊မတစ၊စာ - ၄၉) အရ စွဲချက်တင်သင့်သည်ဟု ယူဆသော ဥပဒေပုဒ်မကို တိတိကျကျဖော်ပြပြီး အမိန့်ချမှတ်နိုင်ပါတယ်။

မောင်မျိုး။ ။ကျေးဇူးပါအကို။

(အထက်ပါ မှတ်စုများသည် ကျနော့်၏ လေ့လာမှုအပေါ်တွင်သာ အခြေခံထားခြင်းဖြစ်ပါသည်။ မှားယွင်းမှုများပါရှိပါက ဆရာ၊ ဆရာမများမှ တည့်မတ်လမ်းညွှန်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆရာ၊ ဆရာမများ၏ comment များကို မျှော်လင်လျက်။ လေးစားစွာဖြင့်)
TUN  MYO  HTAY

⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀

Comments


Ko Thu

ဆရာ Tin Tun Myo Htay တင်ပြတဲ့ ကျင့်ထုံးပုဒ်မ -၄၃၆၊ ၄၃၉ တို့နဲ့ ပတ်သက်ပီ ပြည်နယ်တရားသူကြီးချုပ်တစ်ဦးက သူ့ပြည်နယ်အတွင်းမှာ ရှိတဲ့ခရိုင်တရားရုံးအားလုံးကို တိကျစွာ ကျင့်သုံးနိုင်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာ ရှိပါတယ်
ပြင်ဆင်မှုအာဏာကျင့်သုံးရာတွင် ဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွှတ်ရေး ဆိုပီ ၁၂၊ ၉၊၂၀၁၂ ရက်စွဲ နဲ့ ဖြစ်ပါတယ်


Tun Myo Htay

 ဆရာ Ko Thu ခင်မျာ။ ဘယ်လိုများလဲဆရာ။ သင်ယူခွင့်ပြုပါဆရာ


Ko Thu

ညွှန်ကြားချက်မှာက ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၅၄ အရ ခရိုင်တရားရုံးများသည် မြို့နယ်တရားရုံးများ နှင့် ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများက ချမှတ်သော စီရင်ချက် ဒီကရီ အမိန့်ကို ဥပဒေ နှင့်အညီ အယူခံ စီရင်ပိုင်ခွင့် အာဏာ နှင့် စီရင်ချက်အမိန့်ကို ဥပဒေ နှင့်အညီ ပြင်ဆင်မှုစီရင်ပိုင်ခွင့် အာဏာများ ရှိပါသည်။  သို့သော် အဆိုပါ ပြဋ္ဌာန်းချက်မှာ ယေဘူယျပြဋ္ဌာန်းချက်သာ ဖြစ်ပါသည် ။ မည်သည့်အမိန့်အမျိုးအစားအား အယူခံစီရင်ပိုင်ခွင့်အာဏာပြင်ဆင်မှု စီရင်ပိုင်ခွင့် အာဏာရှိသည်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နှင့် တရားမကျင့်ထုံးဥပဒေ တို့မှာသာ အသေးစိတ်တိတိကျကျ ပြဋ္ဌာန်းထားသည်။
တရားရုံးများအနေဖြင့် မိမိအား အပ်နှင်းထားသော အာဏာကိုသာ ကျင့်သုံးပိုင်ခွင့်ရှိပြီး၊ အပ်နှင်းထားခြင်းမရှိသောအာဏာကို ကျင့်သုံးပိုင်ခွင့် မရှိပါ။
ယခုအခါ ခရိုင်တရားရုံးများအနေဖြင့် အောက်ရုံးများက ချမှတ်ထားသော အမိန့်များအပေါ် တတ်ရောက်လာသော ပြင်ဆင်မှုအားလုံးကို လက်ခံစစ်ဆေးစီရင်လျှက် ရှိကြောင်း သိရပါသည်။ ခရိုင်တရားရုံးများသည် စက်ရှင်အာဏာရရှိသောရုံးများဖြစ်သောကြောင့် ပြစ်ကျင့်ပုဒ်မ ၄၃၆ အရ အပ်နှင်းထားသောပြင်ဆင်မှုအာဏာကိုသာ ရရှိပါသည်။ ၄၃၉ မှာ တိုင်းဒေသကြီးနှင့်ပြည်နယ်တရား လွှတ်တော်များသာ အပ်နှင်းထားသဖြင့် ခရိုင်တရားရုံးများက ကျင့်သုံးပိုင်ခွင့် မရှိပါ။
သို့ဖြစ်ပါသောကြောင့် ခရိုင်တရားရုံးများအနေဖြင့် မိမိအားအပ်နှင်းထားသော ၄၃၆ ပြင်ဆင်မှု အာဏာကိုသာ ကျင့်သုံးရန်နှင့် ၄၃၉ ပြင်ဆင်မှုအာဏာကို ကျင့်သုံးခွင့်မရှိသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ကို ပြင်ဆင်ပြဋ္ဌာန်းခြင်း မပြုမှီ လက်ခံဆောင်ရွက်ခြင်း မပြုရန် ညွှန်ကြားပါသည်။


Tun Myo Htay

ဆရာ ko Thu ခင်ဗျာ။   ရိုသေစွာဖြင့်ကျေးဇူးတင်ပါတယ်ဆရာ။

TUN  MYO  HTAY

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...