Sunday, December 7, 2014

အမိန့် - ၂၁၊ နည်း - ၅၈ အရ ၀ရမ်းခွာလိုမှုတွင် ချမှတ်သည့်အမိန့်အပေါ် အထက်ရုံးသို့ အယူခံမှု၊ ပြင်ဆင်မှု တင်သွင်းခွင့်ရှိမရှိ။


အမိန့် - ၂၁၊ နည်း - ၅၈ အရ ၀ရမ်းခွာလိုမှုတွင် ချမှတ်သည့်အမိန့်အပေါ် အထက်ရုံးသို့ အယူခံမှု၊ ပြင်ဆင်မှု တင်သွင်းခွင့်ရှိမရှိ။ လက်ခံခွင့်ရှိမရှိ။


တစ်နေ့ ကျနော့်ကို ဆရာတစ်ဦးက မေးပါသည်။ ၀ါရမ်းခွာလိုမှုမှာ လျှောက်လွှာကို ပလပ်လိုက်လို့ အပေါ်ရုံးဆက်တက်လို့ရလားလို့မေးပါတယ်။ Third party က လျှောက်ထားသည့် မထွေမှာ လျှောက်လွှာကို ပလပ်လိုက်တာဟုပြောပါသည်။

ကျနော်လည်း အထက်ရုံးတက်လို့ မရပါ။ နည်း-၆၃ အရသာ တရားမကြီးမှု ဖွင့်ပါဟုအကြံပေးခဲ့ပါသည်။ ထိုဆရာလည်းဖုန်းချသွားပါသည်။

နောက်တစ်ရက် နှစ်ရက်ကြတော့ ထိုဆရာ ဖုန်းပြန်ဆက်ပါသည်။ ဆရာကသာ မရဘူးပြောတာ ----------------ဘာဖြစ်သွားတယ် -- စသည်ဖြင့်ပေါ့။

ကျနော်လည်း ပြောနေကြအတိုင်း ဆရာ ကျနော်က ဥပဒေက ဘယ်လိုလဲမေးလို့ ဒီလိုပါလို့ ဖြေတာ ကျန်တာကျတော်မသိဟု ပြောလိုက်ရပါသည်။

-----

တရားမကျင့်ထုံးဥပဒေ အမိန့် - ၂၁၊ နည်း- ၅၈ အရ လျှောက်လွှာ ကို တရားရှုံးက လျှောက်ထားခြင်းဖြစ်လျှင် ကျင့်ထုံးပုဒ်မ - ၄၇ အရ ဇာရီမှုတွင်ပင် စုံစမ်းစစ်ဆေးမှု ပြုမည်ဖြစ်ပါသည်။

ယင်းစုံစမ်းမှုတွင် ချမှတ်သည့် အမိန့်သည် တရားရှုံး နှင့် တရားနိုင်ကြား အပြီးသတ်ဖြစ်၍ "ဒီကရီ"ဖြစ်သောကြောင့် အဆင့်မြင့်တရားရုံးသို့ တရားမအထွေထွေအယူခံမှု ဆက်လက် တင်သွင်း ရန် ဖြစ်ပါသည်။ မမေမြင့် နှင့် ဦးဘမောင်
( ၁၉၅၉၊ မတစ(လွှတ်တော်) စာ - ၃၃)အမှု တွင်ကြည့်ပါ။

----

အကယ်၍ တတိယလူက လျှောက်ထားရာ၌ ကျင့်ထုံးပုဒ်မ - ၄၇ တွင် အကျူံးမ၀င်သဖြင့် တရားမထွေထွေမှုဖွင့်လှစ်ဆောင်ရွက်ပါမည်။

ယင်းတရားမထွေထွေမှုတွင် ချမှတ်သော ဆုံးဖြတ်ချက်ကို အယူခံ ၀င်ခွင့်မရှိပါ။ ဦးသာဦး နှင့် ဦးမောင်လှ (၁၉၁၄-၁၆၊ အထက်မြန် မာပြည်စီရင်ထုံးများ၊ စာ- ၁၃၃)တွင်ကြည့်ပါ။

ပြင်ဆင်မှုလည်း တင်သွင်းခွင့်မရှိပါ။ ဦးဇော် နှင့် ဒေါ်ဖြူ ( ၁၉၉၀၊ မတစ၊ စာ - ၁၅)အမှုတွင်ကြည့်ပါ။

----

အကြောင်းပြချက်က ရှင်းပါသည်။

အမိန့် - ၂၁၊ နည်း - ၆၃ အရ တရားစွဲဆိုရန်လမ်းဖွင့်ပေးထားသဖြင့် နည်း - ၆၀ အရ ၀ရမ်းခွာပေးသည့်ဆုံးဖြတ်ချက် (သို့) နည်း- ၆၁၊၆၂ အရ ၀ရမ်းခွာပေးရန် ငြင်းပယ်သည့် ဆုံးဖြတ်ချက် သည် အမှုသည်များကြား အပြီးသတ်ဆုံးဖြတ်ချက်မဟုတ်သဖြင့် ကျင့်ထုံးပုဒ်မ -၂(၂) အရ ဒီကရီမဟုတ်ပါ။

ထို့ပြင် နည်း - ၆၀ (သို့) နည်း- ၆၁၊၆၂အရ အမိန့်သည် ပုဒ်မ - ၁၀၄ နှင့် အမိန့် - ၄၃ ၊ နည်း - ၁ တွင် ဖော်ပြထားခြင်းမရှိသဖြင့် အယူခံဝင်ခွင့်ရှိသော အမိန့်လည်း မဟုတ်ပါ။ ထို့ကြောင့် အယူခံ တင်သွင်းခွင့်မရှိခြင်းဖြစ်ပါသည်။

ပြင်ဆင်မှု တင်သွင်းခွင့်မရှိသည့် အကြောင်းကို ဦးဇော် နှင့် ဒေါ်ဖြူ တွင် အောက်ပါအတိုင်း ပြဆိုပါသည်။

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁၊ နည်း ၅၈ အရ ၀ရမ်းခွာပေးရန် လျှောက်ထားမှုတွင် တရားရုံးက စုံစမ်းစစ်ဆေးပြီး နည်း ၆၀ အရ ၀ရမ်းခွာပေးရန် ဆုံးဖြတ်သည်ဖြစ်စေ၊ နည်း - ၆၁ အရ ၀ရမ်းခွာပေးရန် ငြင်းပယ်လိုက်သည်ဖြစ်စေ ချမှတ်သည့် အမိန့်တစ်စုံတစ်ရာကို မကျေနပ်သူသည် အချင်းဖြစ်ပစ္စည်း ပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်းပြီး အမိန့် -၂၁၊ နည်း -၆၃ အရ တရားတစ်ထုံးစွဲခွင့်ရှိသည်။ ယင်းကဲ့သို့ တစ်ဦးတစ်ယောက်၏နစ်နာမှုကို ဥပဒေအရ ကုစားရန် နည်းလမ်းပွင့်နေသည့်ကိစ္စမျိုး၌ မူလရုံး၏ ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်မှု တရားရုံးက ပြင်ဆင်မှု တွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ပေ။

--

နည်း ၆၃ အရ လမ်းပွင့်နေလို့ ပြင်ဆင်မှုအာဏာဖြင့် ၀င်ရောက်စွက်ဖက်ခြင်းမပြုကြောင်း ထုံးသာဓကအဖြစ် 13 BLT 186 ။ ၁၉၉၀ မတစ ၁၅ တို့တွင်တွေ့ရပါသည်။

ဝင်ရောက်စွက်ဖက်သည့် ထုံးသာဓကကို 1 Ran 276,7Ran132,14 Ran516 တို့ကိုလည်း လေ့လာတွေ့ရှိရပါသည်။

ကုစားနိုင်ရန် လမ်းဖွင့်ပေးထားသဖြင့် ပြင်ဆင်မှုအာဏာဖြင့် ၀င်ရောက်စွက်ဖက် ရန်သင့်မသင့်သည် အမှုတစ်မှုစီ
၏ အခြေအနေအရဆုံးဖြတ်ရန်ဖြစ်ကြောင်း 11 Ran 134 တွင် လေ့လာတွေ့ရှိရပါသည်။

ဦးဇော် အမှုမှာ normally (သာမန်အားဖြင့်) ကိုဘာသာပြန်ဆိုရန် ကျန်ခဲ့သည်ထင်ပါသည်။

သဘောတူရာ ကောက်ယူနိုင်ပါသည်။

လေးစားစွာဖြင့်။

TUN MYO HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...