Issues of fact ကို ထုတ်နှုတ်ခြင်းမပြုသေးဘဲ issues of law ကိုသာ ထုတ်နှုတ်ပြီး ပဏာမငြင်းချက်အဖြစ်ကြားနာခွင့်ရှိမရှိ။
အချို့သောအမှုများတွင် အကြောင်းခြင်းရာဆိုင်ရာ ငြင်းချက်များကို ထုတ်နှုတ်ခြင်းမပြုသေးဘဲ ဥပဒေဆိုင်ရာငြင်းချက်များကို သီးခြားထုတ်နှုတ်ကြား နာတတ်ပါသည်။
ထိုကဲ့သို့ကြားနာရသည့် ရည်ရွယ်ချက်မှာ ဥပဒေပြသနာသက်သက်ဖြစ်ပြီး အကြောင်းခြင်းရာရောထွေးမနေသည့်အခါတွင်လည်းကောင်း၊ အဆိုအချေနှင့် စာရွက်စာတမ်းများအရ အမှုကို ဥပဒေဆိုင်ရာ ငြင်းချက်များအရ ဆုံးဖြတ်နိုင်မည်အခြေအနေရှိလျှင်လည်းကောင်း
အမှုသည် ဥပဒေဆိုင်ရာငြင်းချက်ကို ဖြေဆိုလိုက်ခြင်းဖြင့် ပြီးပြတ်သွားနိုင်သည်ဖြစ်ရာ ထုတ်နှုတ်ထားသည့်အကြောင်းခြင်းရာငြင်းချက်များမှာ မလိုတော့သဖြင့် အပိုအလုပ်ဖြစ်သည်ဟု ယူဆသောကြောင့်ဖြစ်ပါသည်။
နောက်ရည်ရွယ်ချက်တစ်ခုက အမှုသည်စုံမစုံ၊ အမှုသည်ထပ်တိုးမတိုး၊ အမှုသည်ထုတ်မထုတ်ကိစ္စများတွင် အကြောင်းခြင်းရာဆိုင်ရာငြင်းချက်များကို ကြိုတင်ထုတ်နုတ်ထားခြင်းအားဖြင့် နောက်ပိုင်း အဆို အချေပြင်သည့် ကိစ္စများပါဝင်လာလျှင် ထုတ်ပြီးသားအကြောင်းခြင်းရာ ငြင်းချက်များသည် ကမောက်ကမဖြစ်နိုင်ပါသည်။
ဥပမာ - အမှုသည်ထပ်တိုးသည်ဆိုပါစို့ ။ အမိန့် - ၁၊ နည်း - ၁၀(၄) အရ အဆိုအချေပြင်ပါပြီ။
ထပ်တိုးသည်က တရားပြိုင်ဖြစ်နေပါက ချေလွှာအသစ် ၀င်လာမှာဖြစ်လို့ ငြင်းချက်အသစ်တွေပေါ်လာပါမည်။
ထပ်တိုးသည်က တရားလိုဖြစ်နေလျှင်လည်း မူလတရားပြိုင် က ပြင်ဆင်ချေလွှာတွင် ငြင်းချက်သစ်များထပ်ဖြည့်လာမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ လိုအပ်သည့်ငြင်းချက်များထပ်ထုတ် ရပါတော့မည်။
ထို့ကြောင့် အဆိုအချေနှင့် စာရွက်စာတမ်းများအရ အမှုကို ဥပဒေဆိုင်ရာ ငြင်းချက်များအရ ဆုံးဖြတ်နိုင်မည်အခြေအနေရှိလျှင် အကြောင်းခြင်းရာ ဆိုင်ရာငြင်းချက်များကို မထုတ်သေးဘဲ ဥပဒေဆိုင်ရာငြင်းချက်များကို သပ်သပ်ထုတ်၍ ဦးစွာကြားနာတတ်ပါသည်။
ထိုသို့ကြားနာသဖြင့် ငြင်းချက်အကုန်တစ်ခါတည်းမထုတ်လို့ဟု အပြစ်ဆိုခံရပါသည်။ ထိုသို့ ငြင်းချက် ခွဲထုတ်လို့ရကြောင်း ပြဌာန်းချက်ရှိသလား အမေးခံရပါသည်။ တော်တော်ရှည်သည့်အကောင်ဆိုသည့် မျက်နှာဘေးမျိုးနှင့် အကြည့်ခံရပါသည်။
ထို့ကြောင့် ပညာရှင် ဆရာဦးမြ၏ အာဘော်ကို အများသိရှိလေ့လာနိုင်ပါရန် တင်ပြအပ် ပါသည်။ ဦးမြ ၊ သောင်းပြောင်းထွေလာ ဥပဒေပြသနာ အမှတ် (၈) စာမျက်နှာ - ၆၅ မှာပါရှိသည့် ဆရာ့ရှင်းလင်းချက်ဖြစ်ပါသည်။
------------
ငြင်းချက်ထုတ်ခြင်းနှင့်စပ်လျဉ်း၍ အမှုတွင်ပေါ်ပေါက်သမျှ ငြင်းချက်များကို တစ်ချိန်တည်းတွင် ထုတ်ရမည်ဟု မှားယွင်းယူဆသော တရားသူကြီးအချို့ကိုတွေ့ရပါသည်။
အမှုတွင်ပေါ်ပေါက်သော ဥပဒေပြသနာကို ဆုံးဖြတ်ပြီးသည်အထိ အကြောင်းခြင်းရာ ငြင်းချက်များထုတ်ခြင်းကို တရားရုံးက မိမိသဘောအတိုင်းထားနိုင်သည်။ အန္ဒိယအမှုများ အတွဲ ၃၊ စာ၁၀၄ ကိုကြည့်ပါ။
သို့ဖြစ်ရာ စွဲဆိုသော အမှု ကာလစည်းကမ်းသတ်ကျော်မကျော်ကို အဆိုအချေအရ ဆုံးဖြတ်နိုင်သည့်အခါတွင် အကြောင်းခြင်းရာ ငြင်းချက်များကို ထုတ်နှုတ်ခြင်းမပြုသေးဘဲ အဆိုပါ ဥပဒေပြသနာနှင့် စပ်လျဉ်း၍ ပဏာမငြင်းချက် ထုတ်နုတ်ကြားနာကာ ဆုံးဖြတ်နိုင်သည်။
အမှုတစ်မှု၌ ဥပဒေနှင့် အကြောင်းခြင်းရာဆိုင်ရာ ငြင်းချက်များထုတ်နုတ်ထားရာတွင် အဆိုအချေနှင့် စာရွက်စာတမ်းများအရ အမှုကို ဥပဒေဆိုင်ရာ ငြင်းချက်များအရ ဆုံးဖြတ်နိုင်မည်အခြေအနေပေါ်ပေါက်လျှင် ထိုငြင်းချက်များကို ကနဦးဆုံးဖြတ်ရန်ဖြစ်သည်။
မဆုံးဖြတ်သေးဟု လွှဲရှောင်၍မရ။
ဆုံးဖြတ်ရန် ပျက်ကွက်လျှင် တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၅(ဂ)၏ အနက်အဓိပ္ပါယ်အရ နည်းလမ်းတကျမဟုတ်ဘဲ ဆောင်ရွက်ရာ ရောက်သည်ဟု အေအိုင်အာ ၁၉၃၃ အလာဟာဘတ် ၇၅၃ တွင် ပြဆိုထားသည်။
သတိချပ်ရန်မှာ ဥပဒေကြောင်းဆိုင်ရာ ငြင်းချက်ဖြစ်သည်ဟု ယူဆရန် အကြောင်းရှိသော်လည်း အဆုံးအဖြတ်ပေးရန်အတွက် အထောက်အထား
လိုသေးလျှင် ပဏာမငြင်းချက်အဖြစ်ကြားနာခြင်းမပြုနိုင်။
--------------
လေးစားစွာဖြင့် ။
TUN MYO HTAY