ပြည်ထောင်စု တရားလွှတ်တော်ချုပ်
ဖွဲ့စည်းခြင်း
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမြင့်ဆုံးသော တရားစီရင်ရေး အဖွဲအစည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားရုံးစနစ်တွင် အမြင့်ဆုံးသော တရားရုံးဖြစ်ပြီး ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး အဖွဲ့များနှင့် ယှဉ်တွဲလျက် လွတ်လပ်စွာ ရပ်တည်လျက်ရှိသည့် အဖွဲ့အစည်း ဖြစ်ပါသည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စု တရားသူကြီးချုပ် အပါအ၀င် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ အနည်းဆုံး ၇ ဦးမှ ၁၁ ဦးအထိ ခန့်အပ် နိုင်ပါသည်။
စီရင်ပိုင်ခွင့်အာဏာ
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အယူခံမှုများအတွက် အမြင့်ဆုံး တရားရုံး ဖြစ်ပါသည်။ ၄င်းသည် အယူခံမှုနှင့် ပြင်ဆင်မှု အာဏာများကို ကျင့်သုံးနိုင်ပါသည်။ ထို့အပြင် မူလမူများကိုလည်း ကြားနာ စစ်ဆေး စီရင်ပိုင်ခွင့် အာဏာရှိပြီး အောက်ပါ ကိစ္စရပ်များအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌သာ မူလမှု စီရင်ပိုင်ခွင့် အာဏာများ ရှိပါသည်-(က) ပြည်ထောင်စု နိုင်ငံတော်က ချုပ်ဆိုသော ပြည်ထောင် အချင်းချင်းဆိုင်ရာ စာချုပ်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသော ကိစ္စရပ်များ၊
(ခ) ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ တို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာများ မှအပ အခြား အငြင်းပွားမှုများ၊
(ဂ)တိုင်းဒေသကြီး အချင်းချင်း၊ ပြည်နယ် အချင်းချင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အချင်းချင်း၊ ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အချင်းချင်းတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြား အငြင်းပွားမှုများ၊
(ဃ) ပင်လယ်ဓါးပြမှုများ၊ နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ မြေပြင် သို့မဟုတ် နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊
(င) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြားကိစ္စရပ်များ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သို့မဟုတ် အခြား ဥပဒေပါ ပြဌာန်းချက်ကို အထောက်အထား ပြု၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အောက်ပါ ကိစ္စရပ်များအတွက် စီရင်ပိုင်ခွင့် ရှိသည်-
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူလမှု စီရင်ပိုင်ခွင့်ကို ကျင့်သုံး၍ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်မှ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊
(ဂ) အခြားတရားရုံးက ဥပဒေနှင့်အညီ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံ ၀င်ခြင်း။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် တရားရုံးတစ်ရုံးက ချမှတ်သော စီရင်ချက် သို့မဟုတ် အမိန့်ကို ဥပဒေ နှင့်အညီ ပြင်ဆင်မှု စီရင်ပိုင်ခွင့် အာဏာ၊ သေဒဏ်အမိန့်ကို အတည်ပြုမှုနှင့် သေဒဏ်အမိန့်ကို အယူခံမှုများအား စီရင်ပိုင်ခွင့် အာဏာ၊ မိမိ၏ ဆုံးဖြတ်ချက်အရ လွှဲပြောင်းရယူသော အမှုနှင့် တရားရုံးတစ်ရုံးမှ အခြားတရားရုံး တစ်ရုံးသို့ အမှု လွှဲပြောင်းပေးမှုကိုလည်း စီရင်ပိုင်ခွင့် အာဏာရှိပါသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အာဏာများ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အမြင့်ဆုံး တရားရုံးဖြစ်၍ နိုင်ငံတော် အတွင်းရှိ တရားရုံးများပေါ်တွင် ကြီးကြပ်မှု အာဏာရှိပြီး ၄င်း၏ ဆုံးဖြတ်ချက်သည် တရားရုံးများ အားလုံးပေါ်တွင် စည်းနှောင်မှုရှိသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အောက်ပါ စာချွန်တော်အမိန့်များကို ထုတ်ဆင့်ပိုင်ခွင့် အာဏာ ရှိပါသည်-(က) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
(ခ) အာဏာပေးစာချွန်တော်အမိန့်၊
(ဂ) တားမြစ်စေစာချွန်တော်အမိန့်၊
(ဃ) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
(င) အမှုခေါ်စာချွန်တော်အမိန့်
လက်အောက်ခံတရားရုံးများအတွက် တရားသူကြီးများ အသစ်ခန့်အပ်ခြင်း
မြန်မာနိုင်ငံရှိတက္ကသိုလ်များမှ ဥပဒေပညာရပ်သင်တန်းများတွင် အရည်အသွေး ပြည့်ဝ သည့် လူငယ်လူရွယ်များအား မွေးထုတ်ပေးလျက်ရှိပါသည်။ တက္ကသိုလ်များမှ အပ်နှင်းသည့် ဥပဒေဘွဲ့ သည် စာပေပညာဘာသာရပ် သက်သက်မျှမဟုတ်ပဲ အသွင်သဏ္ဍန်နှင့်အနှစ်သာရတွင် အသက်မွေး ဝမ်းကျောင်းမှု ပြုရန်အတွက်လည်း ဖြစ်ပါသည်။ ဥပဒေ ဘွဲ့ရကျောင်းသူ/ ကျောင်းသားအများစုသည် ဘွဲ့ရပြီးနောက် အလုပ်တွင်လက်တွေ့ ဝင်ရောက် လုပ်ကိုင်ကြပါသည်။ အချို့က အောက်ခြေ အဆင့်တရားရုံးများတွင် တရားသူကြီးများအဖြစ် ဝင်ရောက် လုပ်ကိုင်ကြပါသည်။ အချို့က အစိုးရရှေ့နေ (ခ) ဥပဒေအရာရှိအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ရုံးလက်အောက် တွင် ဝင်ရောက်လုပ်ကိုင်ကြပါသည်။အဆင့်ဆင့်သော လက်အောက်ခံ တရားရုံးများတွင် တရားစီရင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တရားသူကြီးများ ရွေးချယ်ခန့်ထားခြင်းကို အစီအစဉ်ချမှတ် ဆောင်ရွက်ပါသည်။ အဆိုပါ ခန့်ထားရေးအစီအစဉ်အရ လက်အောက်ခံ တရားရုံး တရားသူကြီးအဖြစ် ရွေးချယ်ခံရသူတစ်ဦးသည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး တက္ကသိုလ်မှ ဥပဒေဘွဲ့ရ ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ဦး ဖြစ်ရပါမည်။ ရွေးချယ်ခံထားရသူများအား ဒုတိယမြို့နယ် တရားသူကြီးများအဖြစ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ခန့်ထားပါသည်။
ဒုတိယမြို့နယ်တရားသူကြီးများအဖြစ် ရွေးချယ်ခြင်းခံရသူများအား ဗဟိုဝန်ထမ်း တက္ကသိုလ်၊ အရာထမ်းငယ် အခြေခံ သင်တန်းသို့ တက်ရောက်စေပါသည်။ ထို့ပြင် လုပ်ငန်းဝင် သင်တန်းတွင် ပြစ်မှု၊ တရားမ၊ တရားရုံးသုံးအင်္ဂလိပ်စာ၊ တရားရုံးစီမံခန့်ခွဲမှု၊ ထောက်ပံ့နှင့် ငွေစာရင်း ဘာသာရပ်များကိုလည်း စာတွေ့လက်တွေ့ လေ့လာသင်ကြားစေပါသည်။ သင်တန်းများ ပြီးဆုံးပြီးနောက် ၎င်းတို့အား ဒုတိယမြို့နယ်တရားသူကြီးများအဖြစ် ခန့်အပ် တာဝန်ပေးအပ်ပါ သည်။ ၎င်းတို့မှာ ခရိုင်တရားသူကြီးများနှင့် ညွှန်ကြားရေးမှုးချုပ် အဆင့်ထိ ရာထူး တိုးမြင့် ရောက်ရှိ ကြပါသည်။
တိုင်းဒေသကြီးနှင့် ပြည့်နယ်တရားလွှတ်တော်များ
ဖွဲ့စည်းခြင်း
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးများ နှင့် ပြည်နယ်အသီးသီးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေအရ တည်ထောင် ထားပါသည်။တရားရုံးဖွဲ့စည်းပုံ
တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်အသီးသီးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အပါအ၀င် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများဦးရေ အနည်းဆုံး ၃ ဦးမှ အများဆုံး ၇ ဦး ထိ ခန့်အပ်နိုင်ပါသည်။ နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်း၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၁၀ နှင့် ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၄၈ တို့အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်နိုင်ပါသည်။ နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်တို့နှင့် ညှိနှိုင်း၍ တင်ပြလာသူအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၀ နှင့် ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၄၈ တို့အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ အဖြစ် ခန့်အပ်နိုင်ပါသည်။စီရင်ပိုင်ခွင့်အာဏာ
တရားမမှုများတွင် အခင်းဖြစ်အမှုတန်ဖိုး သိန်း ၅၀၀၀ ထက် ပိုသော တရားမမူလမှုများ သို့မဟုတ် အငြင်းပွားမှု များကို ကြားနာ စီရင် ဆုံးဖြတ်နိုင်ပါသည်။ သာမန်အားဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ သည်ပြစ်မှုဆိုင်ရာမူလမှုခင်းများ ကို ထူးခြားသည့် အကြောင်းရှိသည်မှတပါး အရေးယူဆောင်ရွက် လေ့ မရှိပါ။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတရားရုံး သို့မဟုတ် ခရိုင်တရားရုံးက ချမှတ်သော စီရင်ချက်၊ ဒီကရီ၊ အမိန့်ကို ဥပဒေနှင့်အညီ အယူခံမှု စီရင်ပိုင်ခွင့် အာဏာနှင့် စီရင်ချက်၊ အမိန့်ကို ဥပဒေနှင့်အညီ ပြင်ဆင်မှု စီရင်ပိုင်ခွင့် အာဏာများ ရှိသည်။
၎င်းပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွင်း တရားရုံးတစ်ရုံးမှ အခြားတရားရုံး တစ်ရုံးသို့ အမှုလွှဲပြောင်းပေးမှုကိုလည်း စစ်ဆေးစီရင် နိုင်ပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်မှ ချမှတ်သည့် စီရင်ချက် သို့မဟုတ် အမိန့်အပေါ် ပြစ်ဒဏ် ချမှတ်ခံရသူ သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံခွင့် ရှိပါသည်။