ဥပဒေရေးရာ တိုတိုထွာထွာ (၂)
အမှုကို သမ္မာန်မှုအဖြစ် စစ်ဆေးနေရာမှ ၀ါရမ်းမှုအဖြစ် ပြောင်းလည်း စစ်ဆေးခြင်း
ပြစ်မှုတစ်ခုကို အစအဦးက သမ္မာန်မှုစစ်ဆေးနည်းဖြင့် စစ်ဆေးနေ ရာမှ နောက်ပိုင်းတွင် ၀ါရမ်းမှုအဖြစ်ဆက်လက်အရေးယူလျှင်ဥပဒေနှင့် မညီဟု မဆိုနိုင်ပါ။ တရားခံသည် ၀ါရမ်းမှုအဖြစ် စစ်ဆေးနိုင်သော ပြစ်
မှု တစ်ခုအား ကျူးလွန်ခဲ့သည်ဟု တွေ့ရှိရလျှင် တရားသူကြီးသည် ၀ါရမ်းမှုအတွက် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းကို လိုက်နာရန် တာဝန် ရှိပေသည်။
ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေပါ အမိန့်ကဲ့သို့သော ပြဋ္ဌာန်းချက်တစ်ခုကို ချိုးဖေါက်သည့်အတွက်တရားရေးမဏ္ဍိုင်ယိမ်းယိုင်ခဲ့ပြီဟုမဆိုနိုင် ကြောင်း ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။
(မရှာဘီပါ-၃ နှင့် ပထစ၊ ၁၉၅၈၊မတစ၊တရားလွှတ်တော်၊စာ-၃၇၄ )
ဝါရမ်းမှု စစ်ဆေးနည်းဖြင့် စစ်ဆေးရမည့် အမှုကို သမ္မာန်မှု စစ်ဆေးနည်းဖြင့် စစ်ဆေးခြင်း၏ အကျိုး သက်ရောက်မှု
ဝါရမ်းမှုကို သမ္မာန်မှုစစ်ဆေးနည်းဖြင့် စစ်ဆေးခြင်းသည် စည်းကမ်းမကျရုံသာမက ဥပဒေနှင့် လည်း မညီသဖြင့် ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒပုဒ်မ-၅၃၇ အရ ဖြစ်စေ၊ ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေပါ အခြား ကုစားနိုင်သော ပြဋ္ဌာန်းချက်များအရဖြစ်စေ မကုစားနိုင်။ စည်းကမ်းမကျခြင်းသည် ဥပဒေနှင့် မညီရာရောက်သဖြင့် အမှုပျက်ပျယ် သည်။
(ပထစနှင့် မောင် ညွန့် အမှု၊၁၉၅၅၊မတစ၊တရားလွှတ်တော်၊စာ-၃၁၂)
ဝါရမ်းမှုကို သမ္မာန်မှုအဖြစ် စစ်ဆေးလျှင် လုပ်ထုံးလုပ်နည်းသည် ဥပဒေနှင့် မညီသဖြင့် အပြစ်ပေးသည်ကို ပယ်ဖျက်ရမည်သာဖြစ်သည်။
သို့သော် အမှန်တကယ်ပင် တရားမျှတမှု ကင်းမဲ့ခဲ့သည်ဟု မဆိုနိုင် လျှင် ထိုသို့စည်းကမ်းမကျမှုကို ပြစ်မှုဆိုင် ရာကျင့် ထုံးဥပဒေ ပုဒ်မ- ၅၃၇ ဖြင့်ကုစားနိုင်ကြောင်းစီရင်ထုံးများလည်းရှိသေးသည်ကို တွေ့ရှိရပေသည်။
၎င်းကုစားနိုင်သည်ဟုထုံးဖွဲ့ထားသောစီရင်ထုံးမှာမူ လျှောက်ထားခံရသူ
အား ၄င်း ကိုယ်တိုင်၏ ၀န်ခံချက်အရ အပြစ်ပေးခြင်းဖြစ်ပေသည်။ ထို့ကြောင့် လျှောက်ထားခံရသူအပေါ် အပြစ်ပေးခြင်းမှာ တရားမျှတမှု ကင်းမဲ့ခဲ့သည်ဟု မဆိုနိုင်ချေဟု ထုံးဖွဲ့ထားသည်ကို တွေ့ရပေသည်။
(ပထစ နှင့် မောင် တင် စိန်၊ ၁၉၆၆၊မတစ၊တရားရုံးချုပ်၊စာ-၁၁၃၉)
သမ္မာန်မှုနှင့် ၀ါရမ်းမှုတို့ကို ပူးတွဲ စစ်ဆေးခြင်း
သမ္မာန်မှုနှင့် ၀ါရမ်းမှုကို အတူစစ်ဆေးသည့်အခါလိုက်နာရမည့် လုပ်ထုံးလုပ်နည်းမှာ ၀ါရမ်းမှုအတွက် ပြဋ္ဌာန်းထားသည့်လုပ်ထုံးလုပ် နည်းဖြစ်ပေသည်။
(မောင် လွန်းမောင် နှင့် အစိုးရ ၊AIR ၊၁၉၃၃ ၊ရန်ကုန်၊ စာ- ၃၄၃ )
အောင် စိုး ( ပြည် )