Wednesday, December 3, 2014

စာချွန်​​တော်

စာ ချွ န်ေ တာ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပေဒပုဒ်မ -၂၁ တွင် နိုင်ငံသား နိုင်ငံသားများ၏ မူလအခွင့်အရေး၊တာဝန်များနှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူ (၄)ရပ် ကိုပြဌာန်းထားပြီး ၊ အခန်း(၈)တွင် နိုင်ငံသား ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်များကို ပြဌာန်းထားပါသည်။
အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကို ထိပါးခြင်းခံရသော ပြည်သူတစ်ဦးဦးသည် ကျူးလွန်သူအား ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူနိုင်သည်။ သို့ရာတွင် အဆိုပါ ဥပဒေအရေးယူခြင်းဖြင့်သာ ဖူလုံခြင်းမရှိသော မူလအခွင့်အရေးထိ ပါးမှုများကို မြန်မြန်နှင့် ထိရောက်စွာ ကာကွယ်ပေးရန် နှင့် နစ်နာချက် ၊ မှားယွင်းချက် များကို ပြင်ဆင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်( Supreme Court Of The Union) တွင်လျှောက်ထားတောင်းခံနိုင်သည်။
***ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၃၇***
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် မူလအခွင့်အရေးတစ်ရပ်ရပ်ကို ထိပါး ကျူးကျော်ထားသည်ကို တွေ့ရှိရလျှင် “စာချွန်တော်အမိန်” ထုတ်ဆင့်၍ သက်ဆိုင်ရာ တို့၏ အမှားအယွင်းကို ပြင်ဆင်ခွင့်အာဏာရှိပါသည်။ ပုဒ်မ-၃၃၈
စာချွန်တော်အမိန့်များထုတ်ဆင့်၍ နစ်နာမှုများကို ကုစားမှုပေးခြင်းသည် အုပ်ချုပ်ရေး ဥပဒေနှင့် သက်ဆိုင်သော ကုစားမှုဖြစ်သည်။ အုပ်ချုပ်ရေးအာဏာပိုင်များ၏ လုပ်ဆောင်ချက်တစ်ရပ်သည် တရားစီရင်ရေးသဘောဆန်သောလုပ်ဆောင်ချက် ( Quasi Judicial function) ဖြစ်ပြီး ၄င်းလုပ်ဆောင်ချက်ကြောင့် ပြည်သူတစ်ဦး၏ ဥပဒေရေးရာအခွင့်အရေးထိခိုက်နစ်နာ ဆုံးရှုံးမှုရှိုလျှင် နိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့ စာချွန်တော် အမိန့်များထုတ်ဆင့်၍ လျှောက်ထားနိုင်ခြင်းသည် တစ်နည်းအားဖြင့် အုပ်ချုပ်ရေး အာဏာပိုင်၏မှားယွင်းသော လုပ်ဆောင်ချက် ၊ ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များကို စာချွန်တော်အမိန့်များ ထုတ်၍ ပယ်ဖျက်ခြင်း ၊ တားမြစ်ခြင်း စသည်တို့သည် အုပ်ချုပ်ရေးဌာန၏ တရားစီရင်ရေး သဘောဆန်သောလုပ်ဆောင် ချက်များကို တရားစီရင်ရေးဌာနမှ ကြီးကြပ်ကွပ်ကဲခြင်း (သို့မဟုတ်)ပြန်လည်သုံးသပ် ခြင်းပင်ဖြစ်သည်။


စာချွန်တော်အမိန့်ထုတ်ဆင့်ရန် အခြေခံအကြောင်းအရင်းများ


၁။ စီရင်ပိုင်ခွင့်အာဏာနှင့် ပတ်သက်သောပြဿနာများ (Jurisdictional Matters)
(က)စီရင်ပိုင်ခွင့်အာဏာရှိသည်ထက်ပို၍ပြုလုပ်ခြင်း (Excess Of Jurisdictional) 
(ခ) စီရင်ပိုင်ခွင့်အာဏာမရှိဘဲ ပြုလုပ်ခြင်း (Lack of Jurisdiction)
(ဂ) စီရင်ပိုင်ခွင့်အာဏာဖြင့် ဆောင်ရွက်ပေးရန်ရှိသည်ကိုဆောင်ရွက်မပေးခြင်း (Refusal to exercise Jurisdiction) 
၂။ အမှုမှတ်တမ်းပေါ်တွင် ဥပဒေအချက်အလက်မှားယွင်းချက်များသိသာပေါ်လွင်နေ ခြင်း (Error of Law on the face of Record)
၃။ သဘာဝတရားမျှတမှုနည်းဥပဒေများ(Rules of Natural Justice)
(က) ဘက်လိုက်ခြင်းကို ဆန့်ကျင်သည့်နည်းဥပဒေ(The Rule Against Bias)
(ခ ) ကြားနာခွင့် အခွင့်အရေး (The Right to a Hearing)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒမ-၁၈(ခ)အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)(နိုင်ငံသား ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ နှင့် တာဝန်များ) ၌ ပေးအပ်ထားသောအခွင့်အရေးများနှင့် စပ်လျဉ်း၍ လျှောက်ထားလာ သည့်ကိစ္စရပ်များတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ဖော်ပြပါ စာချွန်တော်အမိန့်တစ်ရပ်ရပ်ကို သင့်လျှော်သည့်အတိုင်းထုတ်ဆင့်ပေးခွင့် အာဏာရှိသည်။ 
(က) ရှေ့တော်သွင်းစာချွန်တော်အမိန့်
(ခ) အာဏာပေးစာချွန်တော်အမိန့်
(ဂ) တားမြစ်စေ စာချွန်တော်အမိန့်
(ဃ) အာဏာပိုင်မေးစာချွန်တော်အမိန့်
(င) အမှုခေါ်စာချွန်တော်အမိန့်
*** ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၇၈(က)**


(က) ရှေ့တော်သွင်းစာချွန်တော်အမိန့်(Habeas Corpus)(Law Latin “that you have body”) 


ရှေ့တော်သွင်းစာချွန်တော်အမိန့်သည် လူပုဂ္ဂိုလ်တစ်ဦးအားရုံးရှေ့မောက်သို့တင်သွင်း ရန် အမိန့်ထုတ်ဆင့်ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသူတစ်ဦးအား ရုံးရှေ့သို့သွင်းစေ၍ ထိုသူကို မည်သည့်ပြစ်မှု ၊ မည်သည့်ဥပဒေအရ ဖမ်းဆီးထားသည်ကိုဖမ်းဆီးသည့်အဖွဲ့ အစည်းအား ထုချေရှင်းလင်းခြင်း မပြုနိုင်လျှင် အချုပ်မှ လွှတ်စေရပါမည်။ အခြေခံဥပ ဒေ အရ ပေးအပ်ထားသော ပြည်သူတစ်ဦး၏ အချုပ်အချယ်မရှိ လွတ်လပ်စွာနေနိုင်ခွင့် ကို ကာကွယ်ရန်ဖြစ်သည်။
***ဂျီအမ်ဘာနာဂျီ နှင့် အင်းစိန်အကျဉ်းထောင်ကြီးကြပ်သူအရာရှိ ၊ ၁၉၄၈ ၊ မတစ ၊ စာ-၁၉၉***
ဖမ်းဆီးခြင်းခံချုပ်နှောင်ခြင်းခံရသူသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ရှေ့ တော်သွင်း စာချွန်တော်အမိန့်ထုတ်ဆင့်၍ မိမိအား ဖမ်းဆီးထားခြင်းသည် ဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိစစ်ဆေး၍ ဥပဒေနှင့် မညီက ချုပ်နှောင်မိန့်ကို ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်သည်။ ဖမ်းဆီးခြင်းခံနေရသူက လျှောက်ထားခြင်း မပြုနိုင်လျှင် ၄င်း၏ ဇနီးစသော သက်ဆိုင်သူက လျှောက်ထားနိုင်သည်။
*** တင်ဇာမော်နိုင်နှင့် ရန်ကုန်ရဲမင်းကြီး ၊ ၁၉၅၀ ၊ မတစ ၊ (လွှတ်တော်)၊ စာ-၁၇***

(ခ) အာဏာပေးစာချွန်တော်အမိန့် (Mandamus Latin “Wecommand”) 

အာဏာပေးစာချွန်တော်အမိန့်သည် ဆောင်ရွက်ရန်အမိန့်ပေးသည့် စာချွန်တော်မျိုး ဖြစ်သည်။ ဥပဒေအရ အပ်နှင်းထားသောအာဏာဖြင့် ဆောင်ရွက်ပေးရန်ရှိသည်ကို ပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ ၊ အဖွဲ့အစည်းတစ်ခုကဖြစ်စေ ဆောင်ရွက်မပေးဘဲနေသည့်ကိစ္စ မျာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ဤစာချွန်တော်အမိန့်ကိုထုတ်ပေးခြင်းဖြစ် သည်။ ဥပမာအားဖြင့် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေအရ စံငှားရမ်းခ သတ်မှတ်ပေးရန် ငှားရမ်းခကြီးကြပ်ရေးဝန်က ငြင်းပယ်သည့် အမိန့်ချမှတ်ခဲ့သည်။ ငှားရမ်းခကြီးကြပ်ရေးဝန်သည် စံငှားရမ်းခသတ်မှတ်ပေးရန် ဥပဒေအရ တာဝန်ရှိပါ လျှက်သတ်မှတ်မပေးဘဲနေခြင်းဖြစ်ရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဤစာချွန်တော် အမိန့်မျိုးဖြင့် စံငှားရမ်းခ သတ်မှတ်ပေးရန် ညွန်ကြားသည့် အမိန့်မျိုးဖြစ်သည်။
အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်ရန်ခွင့်ပြုခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း သည် တရာရုံးဆင်ခြင်တုံတရားအရ ကျင့်သုံးရသော အာဏာဖြစ်သည်။
*** ဒေါ်စောရင်နှင့် ငှားရမ်းခကြီးကြပ်ရေးဝန် ပါ(၂) ၊ ၁၉၅၃ ၊ မတစ ၊(လွှတ်တော်)၊ စာ-၇၃***

(ဂ) တားမြစ်စေ စာချွန်တော်အမိန့်(Prohibition)

တားမြစ်စေ စာချွန်တော်အမိန့်သည် တရားရုံး ( သို့မဟုတ်) တရားစီရင်မှု ဆောင် ရွက်ခြင်းသဘော ပါဝင်သည့်ခုံရုံးအား ၄င်း၏ စီရင်ပိုင်ခွင့်ကိုကျော်၍သော်လည်းကောင်း တရားမျှတမှုကို ဆန့်ကျင်၍သော်လည်းကောင်း မပြုလုပ်ရန်တားမြစ်သည့် အမိန့်မျိုး ဖြစ်သည်။ 
အခြားနည်းဖြင့် ကုစားနိုင်သည့်သက်သာခွင့် ရရှိနိုင်လျှင် ဤစာချွန်တော်အမိန့်ဖြင့် စွက်ဖက်ခြင်းမပြု။ သို့ရာတွင် တရားဥပဒေအရ အပ်နှင်းထားခြင်းမရှိသော စီရင်ပိုင်ခွင့် အာဏာ သုံးစွဲလျှင် ဤစာချွန်တော်အမိန့်မျိုး ထုတ်ဆင့်နိုင်သည်။
*** ဆရန်ဆန်ဒါအာနန်ဒါ နှင့် ရန်ကုန်အကောက်ခွန်မင်းကြီး ၊ ၁၉၅၁၊မတစ (လွှတ်တော် ချုပ်)၊ စာ-၂၈ ***

(ဃ) အာဏာပိုင် မေးစာချွန်တော်အမိန့် ( Quo Warranto) (Law Latin “by What authority” )

အာဏာပိုင်မေး စာချွန်တော်အမိန့်သည် မည်သည့်အကြောင်းမျိုးရှိကြောင်း အကြောင်း ပြစေရန် ထုတ်ဆင့်သော အမိန့်မျိုးဖြစ်သည်။ အစိုးရ ဌာန တစ်ခုခုက တရားဥပဒေအရ အပ်နှင်းထားသော အာဏာကိုကျော်လွန်၍ တစ်စုံတစ်ရာ ကိုပြုလုပ်ခြင်းကြောင်း ပြည်သူတစ်ဦး၏ အခွင့်အရေးကို ထိပါးကြောင်း နစ်နာသူက လျှောက်ထားလာလျှင် သက်ဆိုင်ရာဌာနအား မည်သည့်အခွင့်အာဏာအရ မည်သည့်အကြောင်းကြောင့် ပြုရသည်ကို ဤ စာချွန်တော်အမိန့်မျိုးထုတ်ဆင်၍ မေးမြန်းခြင်း ၊ တားမြစ်ခြင်း ဖြစ်သည်။

(င) အမှုခေါ်စာချွန်တော်အမိန့် ( Certiorari)(Law latin “to be more fully informed”)

အမှုခေါ်စာချွန်တော်အမိန့်သည် အမြင့်ဆုံးတရားရုံးတော်လက်အောက်ခံ တရားရုံးနှင့် တရားစီရင်မှုဆောင်ရွက်ခြင်း သဘောပါဝင်သည့် ခုံရုံးတို့အပေါ်၌ ကြီးကြပ်ကွပ်ကဲမှု အာဏာကိုသုံးစွဲလျှက် ချမှတ်သော အမိန့်မျိုးဖြစ်သည်။ လက်အောက်ခံ တရားရုံး ( သို့မဟုတ်) တရားစီရင်မှုဆောင်ရွက်ခြင်း သဘောပါဝင်သည့် ခုံရုံး၏ အမှုတွဲကို ခေါ်ယူ ကာ အာဏာကျော်လွန်ဆုံးဖြတ်ထားခြင်း ရှိမရှိ ၊ တရားမျှတမှုကို ချိုးဖောက်၍ လည်း ကောင်း ၊ တရားမ၀င်ဘဲလည်းကောင်း ၊ ဆောင်ရွက်ဆုံးဖြတ်ထားခြင်း ရှိမရှိ စီစစ်သုံး သပ်ပြီးနောက် အာဏာကို ကျော်လွန်၍ လည်းကောင်း ၊ တရားမျှတမှုကို ချိုးဖောက်၍ လည်းကောင်း ၊ တရားဥပဒေကို မျက်ကွယ်ပြု၍လည်းကောင်း ဆုံးဖြတ်ထားကြောင်း တွေ့ရှိလျှင် ယင်းဆုံးဖြတ်ချက်ကို စာချွန်တော်အမိန့်ဖြင့် ပယ်ဖျက်နိုင်သည်။
တရားစီရင်ရေးဆိုင်ရာ အမိန့် မဟုတ်ဘဲ အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်ပါက အမှုခေါ် စာချွန်တော်ထုတ်ပေးခြင်းမပြုပေ။
***မစ္စ်ဂျေ ၊ အာ(ရ်)၊ ဖရန့်(ချရ်)ပါ (၂) ၊ နှင့် ရန်ကုန်မြို့လက်ထောက်ငှားရမ်းခ ကြီးကြပ်ရေးဝန် ပါ (၂) ၊ ၁၉၆၂ ၊ မတစ ၊(ရုံးချုပ်) စာ - ၅၄ ***
တရားစီရင်မှုဆောင်ရွက်ခြင်း သဘောပါဝင်သည့် လုပ်ဆောင်ချက် ( quasi judicial action) တွင် (၁) ဥပဒေအရ လုပ်ပိုင်ခွင့်ရှိရမည်။ (၂)ပြည်သူလူထုအတွက် အခွင့်အ ရေးကို ထိခိုက်သော ပြုလုပ်မှုဖြစ်ရမည်။(၃)တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိရမည် ဟူသော အချက်သုံးချက်တို့ အကျုံးဝင်သည်။
***ဦးထွေးနှင့် ဦးထွန်းအုံး ၊ ၁၉၄၈ ၊ မတစ ၊ စာ-၅၄***
တရားဥပဒေဖြင့် အာဏာအပ်နှင်းထားသော အာဏာပိုင်သည် ထိုတရားဥပေဒအရ တရားရုံးများနှင့် စုံစမ်းစစ်ဆေးပြီး ပြည်သူတို့၏ အခွင့်အရေးများကို ထိခိုက်မည့် ကိစ္စများ နှင့် စပ်လျဉ်း၍ အမိန့်ချမှတ်မှသာလျှင် ထိုအမိန့်သည် ကန့်သတ်ထားသည့် တရားစီရင်ရေးဆိုင်ရာ အမိန့်မျိုးဖြစ်သဖြင့် အမှုခေါ်စာချွန်တော်အမိန့်ဖြင့် ၀င်ရောက် စွက်ဖက်နိုင်မည်ဖြစ်သည်။ သို့ရာတွင် စီရင်ချက်များသည် (Speaking order) ဖြစ်ပြီး အထင်အရှားမှားယွင်းရန် လိုအပ်သည်။
***မောင်စိုးမောင်နှင့် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန ပါ(၄)၊ ၁၉၆၂ ၊ မတစ ၊ (ရုံးချုပ်) ၊ စာ-၄၄၄
ဘဂ၀မ်ဒတ်(စ်) ဟန်နုမာန်ဘတ် နှင့် ဘဏ္ဍာတော်မင်းကြီး ၊ ၁၉၅၇ ၊ မတစ ၊ လွှတ်တော်ချုပ် ၊ စာ-၁ ***
ထို့ပြင် အမှုခေါ် စာချွန်တော်အမိန့်လျှောက်တောင်းရာ၌ လျှောက်ထားသူသည် မိမိပယ်ဖျက်စေလိုသော သက်ဆိုင်ရာ အာဏာပိုင်၏အမိန့်သည် မိမိ၏ အခွင့်အရေးကို ထိခိုက်ကြောင်း ( သို့တည်းမဟုတ်) မိမိအားအကျိုးမဲစေကြောင်း ထင်ရှားစွာ ပြသရန် တာဝန်ရှိသည်။
သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၄၅ မှ ၅၁ ထိပြဌာန်းချက်အရ တရားလွှတ်တော်သို့ အာဏာပေးစာချွန်သဘောရှိသည့် အမိန့်ကို ချမှတ်နိုင်သည့်အာဏာ အပ်နှင်းထား သည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၄၉၁ တွင်လည်း တရားလွှတ်တော်မှ မိမိ၏ စီရင်ပိုင် ခွင့်နယ်အတွင်း ဥပဒေနှင့် မညီသောနည်းလမ်းမကျသော ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရသူများအတွက် ရှေ့တော်သွင်း စာချွန်တော်အမိန့်သဘောမျိုးဖြစ်သည့် အမိန့်ကို ထုတ်ဆင့်၍ ဖမ်းဆီးချုပ်နှောင်ထားသူကို ရုံးရှေ့သွင်း စစ်ဆေးရန် သို့တည်းမဟုတ် မတရားသော ဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်ကြောင်း ယုံကြည်ပါက ထိုသူအား ဖမ်းဆီးချုပ် နှောင်ထားခြင်းမှ လွှတ်ရန် အမိန့်ချမှတ်သည့် အာဏာအပ်နှင်းထားပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၇၈(ခ) တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့် စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့် အာဏာ သည် အခြားရုံးများအား တည်ဆဲဥပဒေများအရ အပ်နှင်းထားသည့် စာချွန်တော်အမိန့် သဘောမျိုးသက်ရောက်သည့်အမိန့် ထုတ်ဆင့်ပိုင်ခွင့်အာဏာကို မထိခိုက်စေရဟု ပြဌာန်းထားပါသည်။ 
ထိုကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့် စာချွန်တော်အမိန့် များထုတ်ဆင့်ခွင့်အာဏာသည် သီးခြားသက်သာခွင့်ဥပဒေနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအရ တရားလွှတ်တော်သို့ အပ်နှင်းသည့် အာဏာကို ကန့်သတ်ထားခြင်းမရှိ ကြောင်းတွေ့ရှိရသည်။
ပြည်သူတို့၏ မူလအခွင့်အရေးများကို အခြေခံဥပဒေနှင့် အကာအကွယ်ပေးထားသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသည့် အာဏာအရ ပြည်သူတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ထိန်းရာဌာနကြီးဖြစ်သည်။
အထက်တွင်ဖော်ပြသကဲ့သို့ ပြည်သူတို့သည် မိမိတို့၏ အခွင့်အရေးကို ထိပါးလာလျှင် အခြေခံဥပဒေနှင့် အခြားသော တရားဥပဒေတို့က ပြဌာန်းထားရှိသော နည်းလမ်းများ ဖြင့် ဆောင်ရွက်ရန်ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။

တင်ဟုန် (တရားရေး) ၊ တရားရေးဂျာနယ်မှမျှ​ဝေ​ဖော်ပြပါသည်။



သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...