Tuesday, December 2, 2014


ရဲအရေးမပိုင်သောဦးတိုက်လျှောက်ထားမှုကို ၀ါရမ်းမှုဖြင့်စစ်ဆေးရာတွင် တရားခံကို စွဲချက်တင်ပြီးနောက် တိုင်တန်းသူ ရုံးရှေ့လာရောက်ခြင်းမရှိပါက အမှုကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်နည်း။


ဝါရမ်းမှုစစ်ဆေးနည်းဖြင့်စတင်ပြီးသော အမှုတစ်ခုသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ - ၂၅၃၊ ၂၅၈၊ ၂၅၉၊ ၃၄၅ နှင့် ၄၉၄ ပါ ပြဌာန်းချက်များဖြင့်သာ အမှုကိုအဆုံးသတ်ရပါသည်။ တခါတရံ တရားခံသေဆုံးသဖြင့် အဆုံးသတ်သည်များလည်းရှိပါသည်။

ရဲအရေးမပိုင်သော ဦးတိုက်လျှောက်ထားမှုကို ၀ါရမ်းမှုဖြင့်စစ်ဆေးရာတွင် တရားခံကို စွဲချက် တင်ပြီးနောက် တိုင်တန်းသူ(complainant) မှာ ရုံးရှေ့သို့လာရောက်ခြင်းမရှိတော့ပါ။ ၄င်းမှဌားရမ်းထားသည့် ရှေ့နေရှေ့ရပ်လည်းမရှိပါ။ စွဲချက်တင်ပြီးမှ တိုင်တန်းသူ မလာသည့်ကိစ္စရပ်ဖြစ်သဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ - ၂၅၉ တွင် အကျုံးမ၀င်တော့ပါ။

ထိုအခါမျိုးတွင် အခြားနည်းဆောင်ရွက်ရန်လည်း ပြဌာန်းချက်မရှိသဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ - ၂၅၈ အဆင့်သို့ ရောက်ရှိသည်အထိ ၀ါရမ်းမှုစစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်ရန် သာရှိပါသည်။

ယင်းသို့ဆက်လက်ဆောင်ရွက်လျှင် တရားလိုဘက်မှ မည်သူက ဆက်လက်ဆောင်ရွက်မည်နည်း။ တရားလိုဘက်မှပြိုင်ဆိုင်သူမရှိဘဲ တရားခံ နှင့် တရားခံပြသက်သေများကို သက်သေခံဥပဒေ နှင့်အညီ မည်ကဲ့သို့ စစ်ဆေးမည်နည်း။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် ကျင့်ထုံးပုဒ်မ - ၅၁၂ ပြဌာန်းချက်မှတပါး အမှုကို တစ်ဖက်သတ်စစ်ဆေးနိုင်ကြောင်း ပြဌာန်းချက်တစ်စုံတစ်ရာကို မတွေ့ရှိရပါ။

ပြစ်မှုဆိုင်ရာအမှုများတွင် တရားလိုသည် နိုင်ငံတော်သာ ဖြစ်ပါသည်။ တရားခံကို နိုင်ငံတော်အား ပြန်လှန်စစ်မေးခွင့်မပေးဘဲ တရားခံဘက်သက်သေခံချက်ကို ရယူခြင်းသည် “နိုင်ငံတော်” အတွက်နစ်နာမှုရှိ သဖြင့် မဆီလျော်ဟုယူဆမိပါသည်။

ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ ပုဒ်မ - ၃၆(ဃ)အရ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများသည် ပြစ်မှုဆိုင်ရာအမှုများတွင် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ရန်တာဝန်ရှိကြောင်းပြဌာန်းထားပါသည်။

ရှေ့နေချုပ်နည်းဥပဒေ ပုဒ်မ - ၇၀ တွင်လည်း -- ရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများသည် နိုင်ငံတော်ပါဝင်သော ပြစ်မှုဆိုင်ရာ မူလမှု ၊ အယူခံမှု၊ အထူးအယူခံမှု၊ ပြင်ဆင်မှု နှင့် အထွေထွေလျှောက်ထားမှုများတွင်လည်းကောင်း၊ ရုံးသဟာယအဖြစ် လိုက်ပါဆောင်ရွက်ပေးရန် တရားရုံးက အကြောင်းကြားသည့် အမှုများတွင်လည်းကောင်း စစ်ဆေးကြားနာရာတွင် အစိုးရရှေ့နေများအဖြစ် လိုက်ပါဆောင်ရွက်ရန် တာဝန်ရှိကြောင်း--ဖော်ပြထားပါသည်။

ယင်းသို့သော အနေအထားတွင် နိုင်ငံတော် (၀ါ) တရားလိုအတွက် လိုက်ပါဆောင်ရွက်ရန် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ ပုဒ်မ - ၃၆(ဃ) နှင့် ရှေ့နေချုပ်နည်းဥပဒေ ပုဒ်မ - ၇၀ တို့အရ မြို့နယ်ဥပဒေရုံးသို့ အကြောင်းကြားစာထုတ်ဆင့်၍ တရားလိုဘက်မှ လိုက်ပါဆောင်ရွက်စေပြီးမှ တရားခံဘက်ကို ဆက်လက်စစ်ဆေးသင့်သည်ဟု ယူဆမိပါသည်။

လေးစားစွာဖြင့်

TUN MYO HTAY


သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...