Wednesday, December 3, 2014

  ကျော်ရရုံကြံပြီး ကျော်ခိုင်းသွားတဲ့ကိစ္စ အမျိုးသမီးတစ်ဦးလာရောက်တိုင်ပင်ဆွေးနွေးခြင်း

                                                               (အပိုင်း - ၁ )


ငယ်    ။     ။ မိန်းကလေးတစ်ဦးကို ကျောရရုံကြံပြီး ကျောခိုင်းသွားတဲ့ ယောက်ျားတစ်ဦးကို အရေးယူလို့ရမရ သိချင်ပါတယ်ဆရာ။

ကျွန်ုပ် ။     ။ ကျောရရုံကြံပြီး ကျောခိုင်းသွားတယ်ဆိုတဲ့ကိစ္စရပ်ဟာ ဘယ်လို ကိစ္စရပ်မျိုးကို ရည်ညွန်းတာလဲဆိုတာကိုလည်း ဆိုတာ  ပြောဦးမှပါ့ကွယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောရရုံကြံပြီး ကျောခိုင်းသွားတဲ့ကိစ္စရပ်တွေ အမျိုးမျိုးရှိတာပဲ ။ အဲဒီအထဲမှာ တချို့ဥပဒေအရ အရေးယူလို့မရတာရှိတယ် ။ တချို့ဥပဒေအရ အရေးယူလို့ရတာ ရှိတယ်။

ငယ်   ။     ။ ဘယ်လိုမျိုးကို အရေးယူလို့မရဘူး ၊ ဘယ်လိုမျိုးကို အရေးယူလို့ရတယ်ဆိုတာ ဆရာပဲရှင်းပြပေးပါလားဆရာ။

ကျွန်ုပ် ။     ။ ကောင်းပြီလေ ရှင်းပြပေးပါ့မယ်။ 

                 ယောက်ျားလေးက ချစ်သူမိန်းကလေးကို ပစ်ပြီးနောက်ရည်းစားထားတယ် ၊ ဒါဟာလည်း
ကျောရရုံကြံပြီးကျာခိုင်းသွားတဲ့ လုပ်ရပ်မျိုးပဲမဟုတ်လား ၊ ဒီကိစ္စက ဥပဒေ ကိစ္စမဟုတ်ဘူး ၊ ဆိုင်လည်း မဆိုင်ဘူး ။ အရေးယူလို့လည်း မရဘူး ။ 

                 နောက်တစ်ခုက ယောကျာ်းလေးက မိန်းကလေးကို လက်ထပ်ယူပါမယ်လို့ ချစ်ကတိပေးပြီး လက်ထပ်မယူတဲ့ကိစ္စ ၊ ဒါကလည်း ဥပဒေနဲ့ အရေးယူလို့ရတဲ့ ကိစ္စရပ်မျိုးမဟုတ်ဘူး ။ အေးတစ်ခုတော့ရှိတယ်။ လက်ထပ်ယူပါမယ်လို့ ယုံအောင်ပြောပြီး ကာမကို ရယူခဲ့ပေမယ့် လက်မထပ်ခဲ့ဘူး ။ မပေါင်းသင်းဘူးဆိုရင်တော့ ဥပဒေအရ အရေးယူလို့ရတယ်။


ငယ်    ။     ။ ခြေလွန်လက်လွန်ဖြစ်ပြီးမှ ရုန်းထွက်ဖို့ကြိုးစားတာမျိုးမဟုတ်လားဆရာ

ကျွန်ုပ်  ။     ။ ဟုတ်တယ်ကွဲ့ ။ ဒီပြသနာဟာ တစ်ချိန်က တရားရုံးနယ်ပယ်မှာ အထင်ကရဖြစ်ခဲ့တဲ့ ပြသနာတစ်ရပ်ပေပဲ။

ငယ်    ။     ။ ဘယ်လို အထင်ကရ ဖြစ်ခဲ့လို့လဲဆရာ။

ကျွန်ုပ်  ။     ။ ပြည်ထောင်စုနဲ့ ကိုကျင်ဝှက် ၊ ၁၉၆၇ခုနှစ် ၊ မြန်မာပြည် စီရင်ထုံး ၄၆ အမှု့မှာ ဆုံးဖြတ်ထားတာက အမျိုးသားက အမျိုးသမီးကို လက်ထပ်ပါမယ်လို့ အယုံသွင်းပြီး ကာမကို ရယူခဲ့တဲ့အတွက် အမျိုးသမီးမှာ ကိုယ်ဝန်ရှိလာတယ် ။ အမျိုးသားက လက်ထပ်ဖို့ငြင်းတယ် ။ ဒီကိစ္စကို လိမ်လည်မှု့မြောက်နိုင်တယ်လို့ဆိုတယ်။ 

                  ဒါပေမယ့် မောင်ကြည်ဝင်းနဲ့ ပြည်ထောင်စု ၊ ၁၉၇၀ ခုနှစ် ၊ တရားရုံးချုပ် ရာဇ၀တ်ပြင်ဆင်မှု့ ၃၁(ခ) မန္တလေးရုံးထိုင် အမှု့မှာတော့ ဒီလို ငြင်းဆန်ခြင်းဟာ ရာဇ၀တ်မှု့ကျူးလွန်ရာမရောက် ၊ နစ်နာသူက တရားမကြောင်းဖြင့်သာ အရေးဆိုခွင့်ရှိတယ် လို့ဆုံးဖြတ်ခဲ့တယ် ။ ဒီဆုံးဖြတ်ချက်တွေဟာ နှစ်ဦးထိုင်ခုံရုံးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဖြစ်တယ် ။ 

                  အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို လက်ထပ်ယူပါမယ်လို့ အယုံသွင်းပြီး ကာမကို ရယူခဲ့ပေမယ့် နောက်ပိုင်း လက်ထပ်ဖို့ ငြင်းဆန်ခြင်းဟာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ အရ လိမ်လည်မှု့ မြောက်မမြောက် ပြသနာ ထပ်ပေါ်လာတယ် ။

                   ဒီပြသနာဟာ အများနဲ့ သက်ဆိုင်ရုံတင်မကဘူး စိတ်ဝင်စားစရာ ဥပဒေပြသနာတစ်ရပ်လည်းဖြစ်နေတာမို့ 
နိုင်ငံတော် ရှေ့နေချုပ်အဖြစ် ဥပဒေပညာရှင် ဒေါက်တာအေးမောင် နဲ့ ၀က်လုံတော်ရ ဦးကျော်မြင့်တို့ကို ရုံးသဟာယ အဖြစ်လိုက်ပါ ဆောင်ရွက်ဖို့ မေတ္တာရပ်ခံပြီး ကြားနာခဲ့ကြတယ် ။

                   လျှောက်ထားသူရဲ့ ရှေ့နေကြီး ဦးကံမြိုင်က လက်ထပ်မယ်လို့ ကတိပြုပြီး ပေါင်းသင်းလာတဲ့ နောက်ပိုင်းမှာ လက်ထပ်ဖို့ ငြင်းဆိုခြင်းဟာ ကတိပျက်ကွက်ခြင်းသာဖြစ်တဲ့အတွက် ရာဇ၀တ်မှု့ကျူးလွန်ရာ မရောက်ပါဘူးလို့ လျှောက်လဲပြောဆိုတယ်။ တကယ်လို့ ရာဇ၀တ်မှု့ မြောက်တယ်ဆိုရင်လည်း ပဋိသန္ဓေမရတဲ့ ကိစ္စကို ခွဲခြားပြီး စဉ်းစားသင့်တယ်ဆိုတဲ့ အကြောင်း ၊ အမျိုးသမီးမှာ ပဋိသန္ဓေမရှိရင် နစ်နာတယ်လို့ ဆိုနိုင်မှာ မဟုတ်တဲ့အကြောင်း လျှောက်လဲချက်တင်တယ် ။

                  ဒေါက်တာအေးမောင်က ဘာတင်ပြသလဲ ဆိုတော့ အမျိုးသားက အမျိုးသမီးရဲ့ ကာမကို ရယူစဉ် အချိန်က လှည့်ဖြားခြင်းရှိမရှိ ကြည့်ဖို့ လိုအပ်တဲ့အကြောင်း ၊ ဒီအကြောင်းခြင်းရာပေါ် မူတည်ပြီး အဆုံးအဖြတ်ပြုဖို့ လိုအပ်တဲ့အကြောင်း ၊ လှည့်ဖြားခြင်း ရှိကြောင်းပေါ်ပေါက်ရင် ရာဇသတ်ပုဒ်မ နဲ့ အကြုံးဝင်နိုင်တဲ့အကြောင်း ၊ အမျိုးသမီးမှာ ပဋိသန္ဓေရှိမရှိ ဆိုတဲ့ကိစ္စ ထည့်စဉ်းစားဖို့ မလိုအပ်ကြောင်း ၊ လှည့်ဖြားခြင်းခံရပြီး ကာမကို ပေးခဲ့ခြင်းဖြစ်ရင် ပဋိသန္ဓေမရှိပေမယ့် အမျိုးသမီးကို နစ်နာစေရာ ရောက်တဲ့အကြောင်း တင်ပြလျှောက်လဲတယ် ။

ငယ်     ။     ။ ဒီလိုပဲ ဖြစ်သင့်တာပေါ့ ၊ မဟုတ်ဘူးလားဆရာ။

ကျွန်ုပ်   ။     ။ နေဦးကွဲ့ ၊ ရှေ့နေချုပ်ကိုယ်စား အစိုးရရှေ့နေကလည်း သူ့ရဲ့ ယူဆချက်ကို တင်ပြလျှောက်လဲတာလဲ ရှိသေးတယ်
သူ့ဘက်က တင်ပြတာက ရာဇသတ်ကြီးပုဒ်မ ၄၁၅ ၊ ၄၁၇ တို့ဟာပစ္စည်းနဲ့ ပတ်သက်တဲ့ပြစ်မှု့တွေ ပြဌာန်းထားတဲ့ ရာဇသတ်ကြီး အခန်း ၁၇ မှာ ပါဝင်နေတယ်လို့ဆိုတယ် ။ ပုဒ်မ -၄၁၅ ရဲ့ ဥပမာတွေမှာလည်း ပစ္စည်းနဲ့ စပ်လျင်းတဲ့ လိမ်လည်လှည့်ဖြားတဲ့ ကိစ္စတွေကို သာဖော်ပြထားတာမို့ ၊ လှည့်ဖြားပြီး အမျိုးသမီးရဲ့ ကာမကို ရယူတာဟာ ရာဇ၀တ်မှု့ ကျူးလွန်ရာ မရောက်ဘူးလို့ ဆိုတယ်။

ငယ်     ။     ။ အလိုလေး ....... ထင်တာနဲ့တော့ လွဲပြီထင်ပါရဲ့ ။ 

ကျွန်ုပ်   ။     ။ ရုံးရဲ့ အဆုံးအဖြတ်ကို ဦးပြောပြမယ် ။ ရာဇ၀တ်မှု့ နဲ့ အကြုံးဝင်ဖို့က (က) တရားခံတစ်ဦး တစ်ယောက်ကို လှည့်ဖြားရမယ် ။ (ခ) လှည့်ဖြားခြင်းခံရတဲ့သူက အရာတစ်ခုခုကို ပြုရမယ် ။ (ဂ)လှည့်ဖြားခြင်းမခံရရင် အဲဒီလူဟာအဲဒီ့အရာကို
ပြုလုပ်မှာမဟုတ်ဘူး ။ ဒါမှမဟုတ် ပြုဖို့ ပျက်ကွက်မှာ မဟုတ်ဘူး ။ (ဃ) တရားခံက အဲဒီ့လူကို တမင်သွေးဆောင်ရမယ်။(င) အဲဒီလူရဲ့ ပြုလုပ်မှု ၊ ဒါမှမဟုတ် ပျက်ကွက်မှု့ကြောင့် သူ့ရဲ့ ကိုယ်ကို ဖြစ်စေ ၊ စိတ်ကိုဖြစ်စေ ၊ ဂုဏ်သရေ ကိုဖြစ်စေ ပစ္စည်းကိုဖြစ်စေ ၊ ပျက်စီးနစ်နာစေရင် အန္တရယ်ဖြစ်စေရင် လိမ်လည်မှု့ မြောက်တယ်လို့ဆိုထားတဲ့အတွက် လိမ်လည်မှု့ဟာ ပစ္စည်းနဲ့ပတ်သက်တဲ့ ကိစ္စမှာသာအကြုံးဝင်တယ်ဆိုတာကို လက်ခံဖို့ မဖြစ်နိုင်ဘူးလို့ ဆိုတယ်။

                    ဥပဒေတစ်ရပ်ရဲ့ ပုဒ်မတစ်ခုခုကို အဓိပ္ပါယ်ကောက်ယူရာမှာ အဲဒီ့ဥပဒေရဲ့ ခေါင်းစဉ်ဟာ ဥပဒေပြဌာန်းရတဲ့ ရည်ရွယ်ချက်အပေါ် လမ်းညွန်သဖွယ် အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် ခေါင်းစည်းဟာ ဥပဒေစကားရပ် ရှင်းလင်းပြတ်သားနေရင် 
ခေါင်းစည်းဟာ အဲဒီ့ဥပဒေရဲ့ စကားရပ်တွေကို မလွှမ်းမိုးနိုင်ဘူးလို့ဆိုတယ်။

                   ပေးထားတဲ့ ဥပမာတွေမှာ ဥပဒေက ဆိုလိုတဲ့ အချက်အလက်အားလုံး မပါဝင်နိုင်ဘူး ။ ဒါကြောင့် ပုဒ်မ ၄၁၅ ဟာ မစ္စည်းနဲ့ပတ်သက်တဲ့ခေါင်းစည်းပါ အခန်းအောက်မှာ ရှိရုံနဲ့ ပစ္စည်းနဲ့ မပတ်သက်တဲ့ပြစ်မှု့ နဲ့ လုံးဝ အကြုံးမ၀င်လို့ မဆိုနိုင်ပါဘူး ။ ဒါအပြင် ကိုယ်ဝန်ရှိတဲ့ကိစ္စ ၊ ကိုယ်ဝန်မရှိတဲ့ကိစ္စ ခွဲခြားဖို့အကြောင်းမရှိဘူး ။ ဘာကြောင့်လဲဆိုတော့ လက်ထပ်မယ် လို့လှည့်ဖြားတဲ့အတွက် ယုံကြည်ပြီး ကာမပေးအပ်ခဲ့တဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ရှိရှိ ၊ မရှိရှိ ကိုယ်မှာ စိတ်မှာ ဂုဏ်သရေမှာ နစ်နာခဲ့တာ ယုံမှားဖွယ်ရာ မရှိဘူးလို့ဆိုတယ်။

ငယ်     ။     ။ တော်ပါသေးရဲ့ ဆရာရယ် ၊ အဲဒီလိုဖြစ်မှ ဖြစ်ပါ့မလားလို့။

ကျွန်ုပ်   ။     ။ တစ်ဆက်တည်းမှာပဲ သိသင့်သိထိုက်တဲ့အလားတူ ပြသနာတစ်ရပ် ရှိသေးတယ်ကွဲ့။

ငယ်     ။     ။ သိချင်ပါသေးတယ် ... ဆရာ ။

ကျွန်ုပ်   ။     ။ အခုတင်ပြမယ့် ပြသနာက စောစောက ပြသနာ နဲ့ ဆင်တူပြီး အရောင်နည်းနည်းကွဲတဲ့ သဘောရှိတယ်။

ငယ်      ။     ။ ဘယ်လိုအရောင်ကွဲတာမျိုးလဲ ဆရာ ။

ကျွန်ုပ်   ။     ။ မြန်မာဗုဒ္ဓဘာသာ မိန်းကလေးတစ်ဦး နဲ့ ယောက်ျားကလေးတစ်ဦးတို့ဟာ နှစ်ဦးဆန္ဒအရ ကိုယ်လက်နှီးနှောရာက မိန်းကလေးမှာ ပဋိသန္ဓေတည်လာတယ် ။  ကာမကို ရယူတုန်းက ယောက်ျားလေးက မိန်းကလေးကို လက်ထပ်ယူပါမယ်လို့ ယုံအောင်ပြောခဲ့တာမျိုးလည်းမရှိဘူး ။ လိမ်လည် လှည့်ဖြားခဲ့တာလည်းမရှိဘူး ။ နှစ်ဦးဆန္ဒအရ သွားလာဆက်ဆံကြတာပဲရှိတယ်။
အဲဒီ့နောက်ပိုင်း မိန်းကလေးမှာ ကိုယ်လေးလက်ဝန်ဖြစ်လာတယ် ။ ဒီတော့မှ မိန်းကလေးက သူ့ကို ယူဖို့ပြောတယ်။
ယောက်ျားလေးကငြင်းတယ် ။ တရားတဘောင်ဖြစ်လာတယ်။ 

                   စောစောက အဖြစ်အပျက်နဲ့ ကွာတာက ကိုယ်လက်နှီးနှောတဲ့ကိစ္စမှာ ယောကျာ်းလေးက မိန်းကလေးကို ဘာကတိမှ ပေးထားတာမရှိတဲ့အချက်ပဲ ။ စောစောက အဖြစ်အပျက်မှာတော့ ယောက်ျားလေးက မိန်းကလေးကို လက်ထပ် ယူမယ်လို့ ယုံအောင်ပြောခဲ့တဲ့ အချက်ရှိတယ်။ ကတိပေးခဲ့တဲ့အချက်ရှိတယ် ။ ယခုပြသနာမှာက ယုံအောင်ပြောခဲ့တာလည်းမရှိဘူး ဒီလိုကတိက၀တ်မရှိဘဲ သူတို့အချင်းချင်း ဖြစ်လာတဲ့ကိစ္စမှာ ဘယ်သူ့မှာတာဝန်ရှိတယ်ထင်သလဲ ။

ငယ်     ။     ။ ယောက်ျားလေးမှာပဲ တာဝန်ရှိမှာပေါ့ ဆရာ။

ကျွန်ုပ်   ။     ။ ကဲ .... ဒီပြသနာနဲ့ပတ်သက်ပြီး ၁၉၆၆ ခုနှစ် ၊ မြန်မာနိုင်ငံစီရင်ထုံး ၊ တရားရုံးချုပ် ၊ စာ-၀၂၀၁ မှာ ထုံးဖွဲ့ဆုံး ဖြတ်ထားတဲ့အတိုင်း ဆရာဖတ်ပြမယ် ။ 

                    ( ဤကိစ္စမျိုးသည် နှစ်ဦးနှစ်ဖက်ဆိုင်ရာ ကိုယ်ကျင့်တရားပျက်ပြားခြင်းကြောင့် ပေါ်ပေါက်လာသည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင် အကျင့်စာရိတ္တ ပျက်ပြားသဖြင့် ပေါ်ပေါက်လာသည့်ကိစ္စတွင် တရားဥပဒေ၏ အကူအညီကိုတောင်းဆိုရန် မသင့်။ နှစ်ဦးစလုံး ညီတူညီမျှ အပြစ်ရှိသူများ ဖြစ်ခြင်းကြောင့် ရုံးတော်၏အကူအညီကို မည်သူမျှ မရထိုက်ချေ ။ ( တရားမျှတမှု့ကို လိုလားသူသည် မိမိကိုယ်တိုင် သန့်ရှင်းရမည်ဟူသော ရောမ လူမျိုးတို့၏ ဆိုရိုးစကားကိုလည်း သတိချက်သင့်သည်။ )

ငယ်      ။     ။ ယောက်ျားလေးက လက်ထပ်ပါမယ်လို့ ကတိပေးခဲ့လို့သာ မိန်းကလေးက ခွင့်ပြုခဲ့တာနေမှာပေါ့ဆရာ။

ကျွန်ုပ်   ။     ။ အဲဒီအမှု့တုန်းကလည်း မိန်းကလေးဘက်က လိုက်ပါဆောင်ရွက်တဲ့ရှေ့နေကြီးက တူမပြောတဲ့ အတိုင်းစောဒက တတ်ခဲ့ပါသေးတယ် ။ ကဲ ` အမှု့ဆုံးဖြတ်ချက်မှာ ပါတဲ့သုံးသပ်ချက်တစ်ရပ်ကို ဆက်နားထောင်ကြည့်ပါဦးကွယ် ´

                   (ယောကျာ်းနှင့်မိန်းမတို့ ကာမစပ်ယှက်သည့် ကိစ္စတိုင်းတွင် ယောက်ျားလေးက မိန်းကလေးအား ထိမ်မြားပါမည် ဟူသော ကတိပေးပြီးဖြစ်သည်ဟု ယူဆရမည်ဆိုပါက အကျင့်ဖောက်ပြန် မိန်းမသားများ၏ မာယာ ကျော့ကွင်းသို့ ဆင်းသက်ရရှာသည့် ယောက်ျားများအတွက် အခက်ကြုံဖွယ်ရာရှိချေမည်။ ထို့ကြောင့် အကျင့်စာရိတ္တ ပျက်ပြားခြင်းကို အားပေးကူညီရာရောက်မည့် အတွေးအခေါ် ယူဆချက်မျိုးမှ ရှောင်ရှားသင့်ပေသည်။) ..... လို့ သုံးသပ်ထားပါတယ် ။

                  ဒါကြောင့် ဒီကိစ္စရပ်မျိုး အများကြီး သတိထားတတ်ဖို့လိုတယ်။

                  မြန်မာနိုင်ငံ စီရင်ထုံးတစ်ရပ်ဖြစ်တဲ့ ၁၉၇၅ ခုနှစ် ( ၄၄) အမှု့ဟာလည်း စိတ်ဝင်စားစရာကောင်းတဲ့ အမှု့တစ်ရပ်ပဲ။ အဲဒီ့အမှု့မှာ ရဟန်း နဲ့ တကာမ ကျူးကျူးလွန်လွန်ဖြစ်ပြီး ကိုယ်လေးလက်ဝန်ဖြစ်လာလို့ တကာမက စွဲတဲ့အမှု့ဖြစ်တယ် ။ ဒါပေမယ့် အမှု့မှာ ဆုံးဖြတ်ထားတာက ( ရဟန်းဘောင်မှ လူထွက်ပြီး လက်ထပ်ပါမည်ဟူသော ကတိမရှိဘဲ သဘောတူချစ်ကြိုက်ပျော်ပါးသည့်အခြေအနေတွင်မူ အမျိုးသမီး၌ ကိုယ်ဝန်ရှိလာပြီးနောက် လက်မထပ်သည့်အကြောင်းကြောင့် လိမ်လည်မှု့အရ ပြစ်မှု့ကျူးလွန်ရာမရောက် ) .... လို့ ဆုံးဖြတ်ဲ့တယ် ။

ငယ်     ။     ။ အယုံလွယ်တဲ့ မိန်းကလေးတွေအတွက် သင်ခန်းစာပဲပေါ့ ။

ကျွန်ုပ်   ။     ။ အညှာလွယ်တဲ့ မိန်းကလေးတွေနဲ့ ဆိုင်ပါလိမ့်မယ်ကွယ် ။ ဒါမျိုးက ကျောရရုံကြံပြီး ကျောခိုင်းသွားတာမျိုးလို့ ဆိုနိုင်မယ် မထင်ဘူး ။ နှစ်ယောက်လုံးမိုက်ကြတဲ့ ကိစ္စပေပဲလေ။


ကိုးကား

၁။ ၁၉၆၇ ၊ မြန်မာနိုင်ငံ စီရင်ထုံး ၄၆
၂။ ၁၉၇၀ ၊ တရားရုံးချုပ် ၊ ရာဇ၀တ်ပြင်ဆင်မှု့ ၃၃(ခ) မန္တလေး
၃။ ၁၉၇၂ ၊ မြန်မာနိုင်ငံစီရင်ထုံး၊ တရားရုံးချုပ် ၂၃
၎။ ၁၉၇၅ ၊ မြန်မာနိုင်ငံစီရင်ထုံး ၊ ၄၄
၅။ ၁၉၆၆ ၊ မြန်မာနိုင်ငံစီရင်ထုံး ၊ ၁၀၂၀

                                                                                       ( ရုပ်ရှင် အမြုတေ ၊ ၁၉၉၃ ၊ ဇူလိုင်)

ဦး​ကျော်​​ဇေယျ

FB Like Page:  ဥပ​ဒေ မှတ်​စု




သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...