Thursday, December 4, 2014

လင်​ နှင့်​ မယား၏ အ​မွေ​ကြောင်း

လင်​ နှင့်​ မယား၏ အ​မွေ​ကြောင်း


ယနေ့ တင်ပြမှာက မြန်မာဗုဒ္ဓဘာသာဝင် လင်နဲ့မယားတို့ရဲ့ အမွေဆက်ခံရေး၊ အမွေခွဲဝေရေးအကြောင်း ဖြစ်ပါတယ်။
          မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင် လင်နဲ့မယားတို့ဟာ တစ်ဦးဦးသေဆုံးသွားတဲ့အခါ (သေကွဲကွဲပြီး) အမွေဆက်ခံကြရပါ တယ်။ တစ်ဦးနဲ့တစ်ဦး လင်ခန်းမယားခန်း ကွာရှင်းပြတ်စဲကြတဲ့အခါ (ရှင်ကွဲ ကွဲပြီး) ပစ္စည်းခွဲဝေကြရပါတယ်။ ကနေ့ ဒီအ ကြောင်း ပြောပြပါမယ်။

လင်၊ သို့မဟုတ် မယားသေဆုံးခြင်း (သေကွဲ ကွဲခြင်း)။

          လင် သို့မဟုတ် မယား သေဆုံးသွားတဲ့အခါ လင်ခန်း၊ မယားခန်း ပျက်ပြယ်သွားပါတယ်။ ကျန်ရစ်သူဟာ လွတ်လပ်သူ ဖြစ်သွားပါတယ်။
          လင်သေရင် မယားက၊ မယားသေရင် လင်က၊ လင်မယားနှစ်ဦးပိုင်တဲ့ပစ္စည်းအားလုံးကို (သြရဿ သားသမီးမကျန် ရစ်ရင်) တစ်ဦးတည်းအမွေဆက်ခံရရှိပါတယ်။ ကနိဋ္ဌ သားငယ် သမီးငယ်များဟာ အမွေရခွင့်မရှိပါဘူး။ အခြားဘာသာတွေမှာ ဒီလိုမဟုတ်ပါဘူး။
          လင်နဲ့မယားဟာ မကွာရှင်းရသေးဘဲ၊ နှစ်ပေါင်းများစွာ ခွဲခွာနေကြပေမဲ့ တစ်ဦးဦးသေဆုံးတဲ့အခါမှာ သေသူ (ဇနီး၊ ခင်ပွန်း)ရဲ့ အမွေကိုလာပြီး တောင်းသွားတတ်ပါတယ်။ တရားဝင်မကွာရှင်းရသေးပါက၊ တစ်ဦးဦးသေရင် အမွေဆက်ခံခွင့် ရှိပါတယ်။
          လင်ငယ်နောက်လိုက်သွားတဲ့ မိန်းမက လင်ကြီးသေတဲ့အခါ သေသူလင်ရဲ့ အမွေကိုလာတောင်းလို့၊ လင်ရဲ့အမျိုးတွေနဲ့ အကြီးအကျယ် အမှု့ဖြစ်ခဲ့တာ တွေ့ဖူးပါတယ်။ မကွာရှင်းသေးရင် အမွေရနိုင်တဲ့ သဘော ကို သိထားဖို့လိုပါတယ်။
          အမှု့တစ်မှု့မှာ လင်ကြီးကို လင်ငယ်နဲ့ပူးပေါင်းပြီး သတ်လိုက်တယ်။ အဲ့ဒီမိန်းမ သေဒဏ်ကျသွားတယ်။ နောင် တစ်သက်တစ်ကျွန်းဒဏ် ပြောင်းသွားတယ်။ ထောင်ထဲမှာ (၁၆)နှစ် နေခဲ့ရတယ်။ ထောင်ကထွက်လာတော့ လင်ကြီးရဲ့ မရွှေ့ပြောင်းနိုင်တဲ့ အိမ်မြေတွေကို သူပဲ ဆက်ခံရရှိသွားတယ်။ ဘဏ်မှာထည့်ထားတဲ့ လင်ကြီးရဲ့ငွေတွေလဲ သူပဲ ဆက်ခံရရှိသွား တယ်။ သားသမီးများတောင် မရလိုက်တာတွေ့ဖူးတယ်။
          တိုက်တာအိမ်မြေတွေနဲ့ ရွှေတစ်တင်းပိုင်ဆိုင်တဲ့ အသက်(၇၀)အရွယ် ဘိုးချမ်းသာဟာ အသက်(၂၀) အရွယ် မော်ဒယ် မလေးလှယဉ်ကျေးနဲ့ လက်ထပ်လိုက်တယ်။ အဲဒီညမှာပဲ ဘိုးချမ်းသာ သေသွားတယ်။ လှယဉ်ကျေးဟာ ရွှေတစ်တင်းနဲ့ နေ့ချင်း သေသွားတဲ့ ဘိုးချမ်းသာပိုင်ပစ္စည်းအားလုံးကို အမွေဆက်ခံရ ရှိ တယ်။
          ဒါ့ကြောင့် လင်နဲ့မယားတို့ရဲ့ အမွေဆက်ခံရေးကိုကြည့်ရင်၊ ယောက်ျားနဲ့ မိန်းမတို့ လင်မယား အဖြစ်ပေါင်းသင်းလိုက်တဲ့ အခါ နှစ်ဦးစလုံးကပါလာတဲ့ ပစ္စည်းတွေဟာ လင်မယားနှစ်ဦးပိုင်ပစ္စည်းအဖြစ် အတူပူးတွဲပိုင်သွားကြတာကို တွေ့ရပါတယ်။ သက်မဲ့ပစ္စည်းသာမက သက်ရှိပစ္စည်းကိုလည်း ကာမပိုင်လင်၊ ကာမပိုင်မယားဆိုပြီး သဘောထားကြပါတယ်။
          အခြားဘာသာတွေမှာတော့ ဒီလိုမဟုတ်ဘူး။ ယောက်ျားနဲ့ မိန်းမပေါင်းလိုက်ကြတဲ့အခါ တစ်ဦးမှာ ပါလာတဲ့ပစ္စည်းဟာ ကျန်တစ်ဦးနဲ့ ဘာမှမဆိုင်ဘူး။ လင်ဆိုရင် လင်ပိုင်ပစ္စည်း သန့်သန့်ပဲဖြစ်တယ်။ မယားပိုင်ပစ္စည်းဟာလဲ မယားပိုင်ပစ္စည်း သန့်သန့်ဖြစ်တယ်။ တစ်ဦးရဲ့ပစ္စည်းကို ကျန်တစ်ဦးက သွားပြီးမပိုင် ဘူး။ ပူးတွဲလည်းမပိုင်ဘူး။ လင်(သို့မဟုတ်)မယားဟာ    သူပါလာတဲ့ သူပိုင်ပစ္စည်းကို သူတစ်ယောက်တည်း သဘောနဲ့ ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်း၊ ငှားရမ်း၊ လဲလှယ်ခွင့်ရှိတယ်။ကျန်တစ်ဦးက၀င်ရောက်ကန့်ကွက်ပြော ဆိုခွင့်မရှိဘူး။သူပိုင်ပစ္စည်းကိုသူမသေမီ သေတမ်းစာရေးပြီးအခြားသူမည်သူကိုမဆို ပေးကမ်းသွားလို့ရတယ်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်နဲ့မယားမှာ ဒီလိုမဟုတ်ဘူး။ လင်မယားဖြစ်သွားရင် တစ်ယောက် ပစ္စည်းကို တစ်ယောက်ပူးတွဲပိုင်တယ်။ အဲဒီပစ္စည်းအပေါ်မှာ မိမိရဲ့ဝေစု (ပိုင်ခွင့်) အလိုလျောက်ရှိနေတယ်။ သူပါလာတဲ့ပစ္စည်း ဆိုပြီး (ရောင်း၊ ပေါင်၊ ပေး၊ ငှား၊ လဲ)လုပ်လို့မရဘူး။ မိမိဝေစုကို ထိခိုက်အောင်လုပ်လို့ မရဘူး။ လုပ်ရင်ပျက်ပြယ်တယ်။ ဒါက မြန်မာဓလေ့ထုံးတမ်း ဥပဒေရဲ့ထူးခြားချက်ဖြစ်တယ်။ ဒါက မြန်မာဓလေ့ထုံးတမ်း ဥပဒေရဲ့ထူးခြားချက်ဖြစ်တယ်။

နိဿ       ယ (ထောက်ပံ့သူ)နဲ့ နိဿတ (မှီခိုသူ) သဘောတရား။


          မြန်မာဗုဒ္ဓဘာသာလင်နဲ့မယားမှာ နိဿယနဲ့ နိဿိတ ဆိုတဲ့ မူသဘောတရားရှိတယ်။ ပစ္စည်းပါလာ သူ၊ ထောက်ပံ့သူ၊ အမွေရသူကို နိဿယ(ပစ္စည်းရသူ)လို့ ခေါ်တယ်။ ကျန်တစ်ဦးကို နိဿိတ (မှီခိုသူ)လို့ခေါ်တယ်။ ဥပမာ။ ဘိုးချမ်းသာက ရွှေတစ်တင်းပါလာတယ်ဆိုရင်၊ ဘိုးချမ်းသာကို (ထောက်ပံ့သူ-နိဿယ)လို့ခေါ်တယ်။ သူ လှယဉ်ကျေးကိုယူရင် ဒီရွှေတွေအပေါ် မှာ(၂ /၃) ပဲ ပိုင်တော့တယ်။ လှယဉ်ကျေးမှာဘာပစ္စည်းမှပါမလာပေမဲ့ ဘိုးချမ်းသာရဲ့ရွှေတစ်တင်းအပေါ်မှာ(၁/၃)ပုံလိုလိုပိုင်သွားတယ်။ဘိုးချမ်းသာသေရင်၊လှယဉ်ကျေးဟာ ရွှေတစ်
တင်းလုံးအမွေဆက်ခံတယ်။ ဘိုးချမ်းသာနဲ့ကွာရှင်းပြတ်စဲရင် ရွှေတစ်တင်းရဲ့(၁/၃)ပုံရခွင့်ရှိတယ်။ ဒါကို နိဿ       ယ  ၊ နိဿိတ မူသဘောတရား လို့ ခေါ်တယ်။ အလားတူပဲ လင်ဘက်က အမွေရတဲ့ပစ္စည်းဖြစ်ပေမဲ့ မယားဟာ (၁/၃)ပုံပိုင် ဆိုင်ခွင့်ရှိတယ်။
          ထူးခြားချက်တစ်ခုကတော့ အိမ်ထောင်ကြီး(အအို)နဲ့ အိမ်ထောင်ကြီး (အအို)အချင်းချင်း လင်မယား အဖြစ်ပေါင်းသင်း ကြရင်တော့ တစ်ဦးဦးသေသွားတဲ့အခါ၊ သေသူရဲ့ အထက်အိမ်ထောင်ကပါလာတဲ့ပစ္စည်း (အထက်ပါပစ္စည်း)ကို ကျန်ရစ်သူက ရခွင့်မရှိဘူး။ သေသူရဲ့ အထက်အိမ်ထောင်က သားသမီးများ အကျိုး အတွက်ဖြစ်တယ်။
          ဒါတွေကတော့ သေကွဲကွဲတဲ့လင်မယားတို့ရဲ့၊ အမွေဆက်ခံရေးအကြောင်း ဖြစ်ပါတယ်။

လင်ခန်းမယားခန်းကွာရှင်းပြတ်စဲခြင်း (ရှင်ကွဲ ကွဲခြင်း)။

          သေဆုံးခြင်းကြောင့် လင်ခန်းမယားခန်း ပျက်ပြယ်ခြင်းမှတစ်ပါး ရှင်ဆဲမှာ လင်မယားအဖြစ်က ပျက်ပြယ်၊ ပြတ်စဲခြင်းအ ကြောင်း (၃)ရပ်ရှိပါတယ်။
(က)    နှစ်ဦးသဘောတူကွာရှင်း ပြတ်စဲခြင်း။
(ခ)     လင်ဖြစ်သူရဟန်းဘောင်သို့ ထာဝရကူးပြောင်းခြင်း။
(ဂ)     အိမ်ထောင်ရေးပြစ်မှူ့ကျူးလွန်ခြင်းကြောင့် ကွာရှင်းပြတ်စဲခြင်း။


(က)   နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း။

          မြန်မာဗုဒ္ဓဘာသာဝင်လင်နဲ့မယားဟာ နှစ်ဦးသဘောတူရင်လင်မယားဖြစ်နိုင်တယ်။ နှစ်ဦးသဘောတူ
ရင် လင်ခန်း မယားခန်း ပြတ်စဲနိုင်ပါတယ်။ တစ်ဘက်သတ်ကွာခြင်း၊ အကြောင်းမဲ့ကွာခြင်းကို ခွင့်မပြုပါဘူး။
          အမှူ့တစ်ခုမှာ ဒီမိန်းမကို ကျွန်တော်မှာရှိသမျှ စည်းစိမ်တွေအကုန်ပေးပါမယ်။ လင်မယားနှစ်ဦးပိုင်ပစ္စည်းက မိမိဝေစုလည်း စွန့်ပါမယ်။ လျော်ကြေးပေးဆိုရင်လဲ ပေးပါမယ်။ ကွာပြီးတဲ့နောက် မယားစရိတ်၊ ကလေးစရိတ် ထောက်ပါ ဆိုရင်လဲ ထောက်ပါမယ်။ ကွာပေးတော်မူကြ ပါဆိုပြီး တရားစွဲလာဖူးတယ်။ ကွာလိုသူ လင်ရဲ့အကြောင်းပြချက်တွေဟာ ကွာရှင်း လောက်တဲ့ အိမ်ထောင်ရေးပြစ်မှူ့ (၇)ခုထဲမှာ မပါဘူး။ ကွာရန်အကြောင်းမရှိ (မဲ့)တဲ့အတွက် ကွာမပေးခဲ့ပါဘူး။
          အခြားဘာသာတွေမှာတော့ ဒီလိုမဟုတ်ဘူး။ လင်ရဲ့ဆန္ဒအရ မယားကို အကြောင်းတစ်စုံတစ်ရာမပြပဲ (တလာက်)ပေးပြီး ကွာရှင်းနိုင်တယ်။
          မြန်မာ ဗုဒ္ဓဘာသာဝင်တို့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲကြရင် နှုတ်နဲ့လည်း ကွာလို့ရတယ်။ ဒါပေမဲ့ လူရဲ့စိတ်ဆိုတာ ယုံရတာမဟုတ်ဘူးလေ။
          မချစ်နိုင်တော့လို့၊ မေတ္တာကုန်လို့ ကွာရှင်းကြပြီဆိုမှတော့ တစ်ယောက်နဲ့တစ်ယောက် မသက် ဆိုင်တော့ကြောင်း သက်သေခံစာချုပ်စာတမ်းလေးတော့လုပ်ထားသင့်ပါတယ်။ ရှေ့နေကြီးများရှိပါတယ်။ (၂၅၀) တန်တံဆိပ်ခေါင်းမှာ ကွာရှင်း ကြောင်း စာရိုက်ပြီး၊ သက်သေနှစ်ယောက်ရှေ့နဲ့၊ တရားရုံးတရား သူကြီးရှေ့မှာလက်မှတ်ထိုးပြီးစာချုပ်လုပ်ထားဖို့လိုပါတယ်။ဒီလိုလုပ်မထားရင်၊ နောင်မှာတစ်ယောက်ယောက်
သေတဲ့အခါမှာဖြစ်စေ၊ နောက်အိမ်ထောင်ပြုတဲ့အခါမှာဖြစ်စေ၊ကွာရှင်းပြီးတဲ့သူကလာပြီးအမွေတောင်းတတ်
တယ်။ခြောက်စား၊ ဟောက်စားလုပ်ပြီး နောက်ပွဲကို လာဖျက်တတ်တယ်။ စာရေးသူတို့ လောကမှာ မကြာ ခဏတွေ့ခဲ့ဖူးပါတယ်။ ကွာပြီးတဲ့သူကို မယုံပါနဲ့။ ကွာတာကြာခဲ့ပြီမို့ မဖြစ်လောက်ဘူးမထင်ပါနဲ့။ မဖြစ်သေး တာပါ။


(ခ)    လင်ဖြစ်သူရဟန်းဘောင်သို့ထာဝရကူးပြောင်းခြင်း။

          ရဟန်းတော်များဟာ မိမိရဲ့လူ့ဘ၀ကမိဘဆွေမျိုးများရဲ့ အမွေကိုလည်း ဆက်ခံခွင့်မရှိဘူး။ လူ့ဘ၀က ဇနီးရဲ့အမွေကို လည်း ဆက်ခံခွင့်၊ ရပိုင်ခွင့်မရှိဘူး။ ရဟန်းဆိုတာ ဒုလ္လဘ၀တ်တဲ့ရဟန်းကို ဆိုလိုခြင်းမဟုတ် ပါ။ ထာဝရ ရဟန်းဝတ်သွားသူကို သာဆိုလိုပါတယ်။
          ဖိုးသူတော်နဲ့ မယ်သီလတို့ကတော့ သာမန်ပုဂ္ဂိုလ်များအတိုင်း (မယား၊ လင်)ရဲ့ အမွေဆက်ခံခွင့် ရှိပါတယ်။


(ဂ)    အိမ်ထောင်ရေးပြစ်မှု့ကြောင့် လင်မယားကွာရှင်းခြင်း။

          အိမ်ထောင်ရေး ပြစ်မှု့မှာ၊သာမန်အိမ်ထောင်ရေးပြစ်မှု့(၅)မျိုးနဲ့ကြီးလေးသောအိမ်ထောင်ရေး ပြစ်မှု့(၂)
မျိုးရှိပါတယ်။အထက်အပိုဒ်(၁)အရ နှစ်ဦးသဘောတူကွာရှင်းရင်ဖြစ်စေ၊သာမန်အိမ်ထောင်ရေးပြစ်မှု့ကြောင့်
ကွာရှင်းရင်ဖြစ်စေ၊ ပစ္စည်းခွဲဝေ တဲ့မူဟာ အတူတူပဲဖြစ်ပါတယ်။ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု့ကြောင့် ကွာရှင်းခွင့်ရရင်တော့ ကျူးလွန်သူ (အပြစ်ရှိသူ) ဟာ လင်မယားနှစ်ဦးပိုင် ပစ္စည်းအပေါ်က ဘာဝေစုမှမရဘဲ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ကွာရှင်းပေးရပါတယ်။
          အိမ်ထောင်ရေးပြစ်မှု့ကြောင့်ကွာချင်တယ်ဆိုရင်၊ တရားရုံးမှာ ကွာလိုမှု့ စွဲဆိုရပါတယ်။ ဒါကြောင့်ရှေ့နေများထံကို အမှု့အပ်ကြပါတယ်။ ရှေ့နေက ကွာရန်လုံလောက်တဲ့ အိမ်ထောင်ရေးပြစ်မှု ရှိ/မရှိ ဖေါ်ထုတ်မေးမြန်းရပါတယ်။ ကွာလိုသူတွေမှာ နှစ်ဦးပိုင်ပစ္စည်း ဘာရှိသလဲ မေးမြန်းရပါတယ်။ ပစ္စည်းရှိရင် ပစ္စည်းခွဲဝေပေးစေလိုမျှ တစ်ပါတည်းတရားစွဲရပါတယ်။ ကွာလိုမှု့ နှင့် ပစ္စည်း ခွဲဝေပေးစေ လိုမှု့ဆိုပြီး သက်သာခွင့်(၂)ရပ်ပေါင်းပြီး တရားစွဲဆိုရတယ်။ ကွာလိုမှုအတွက် ရုံးခွန်တော် တံဆိပ်ခေါင်း (၄၀၀၀) ကပ်ရတယ်။ ပစ္စည်းခွဲဝေပေးစေလိုမှူ့အတွက် မိမိရမဲ့ဝေစုအပေါ် ထိုက်သင့်တဲ့ရုံးခွန်တော် ထမ်းဆောင်  ရတယ်။ ဥပမာ လင်မယား နှစ်ဦးပိုင်အိမ်က သိန်း(၂၀၀၀)တန်တယ်။ မိမိဝေစုက သိန်း (၁၀၀၀) ဆိုရင်၊ သိန်း (၁၀၀၀)အပေါ်မှာ (၀.၅) % ရာခိုင် နှုန်း ရုံးခွန် (၅)သိန်း ထမ်းဆောင်ရတယ်။
          တရားရုံးက ကွာရှင်းခွင့်နဲ့ ပစ္စည်းခွဲဝေပေးစေလိုမှု ဒီကရီချပေးတယ်။ ဒါဆိုရင် ဒီလင်နဲ့မယားဟာ လွတ်လပ်သူတွေဖြစ် သွားပြီး။


ပစ္စည်းခွဲဝေခြင်း

          လင်နဲ့မယား သဘောတူကွာရှင်းရင်ဖြစ်စေ၊ သာမန်အိမ်ထောင်ရေးပြစ်မှူ့ကြောင့်ကွာရှင်းရင်ဖြစ်စေ ပစ္စည်းကိုအောက် ပါအတိုင်း ခွဲဝေပေးရတယ်။
          (က)  ခန်းဝင်ပစ္စည်း၊ နှစ်ပါးစုံပစ္စည်း၊ သာမန်လက်ထပ်ပွား ပစ္စည်းတွေကို လင်နဲ့မယားအညီအမျှခွဲဝေ ယူရတယ်။
          (ခ)   ပါရင်းပစ္စည်း၊ အမွေရလက်ထပ်ပွား ပစ္စည်းအပေါ်မှာ ပါလာသူ၊ အမွေရသူက (၂/၃)ပုံ၊ ကျန်သူက(၁/၃)ရတယ်။

ကိုဖြူ          ။         ။   ကွာရှင်းစေ-ဆိုပြီး တရားရုံးက ဒီကရီချလိုက်ရင်၊ ဒီလူတွေဟာ လွတ်လပ်သူတွေဖြစ် သွားကြပြီး နောက်အိမ်ထောင်ပြုလို့ ရသလားဆရာ။ (ဟုတ်ကဲ့) ဒီတရားရုံးက ချလိုက်တဲ့ ကွာစေ စီရင်ချက်ကို အပေါ်အယူခံရုံးက ပယ်ဖျက်လိုက်ရင်ရော ဘယ်လိုလဲဆရာ။
ယူတီကေ     ။         ။   အောက်တရားရုံးက ကွာစေလို့ ဒီကရီချလိုက်ရင်၊ အဲဒီနေ့ကစပြီး လွတ်လပ်သူပဲ။ အယူခံရုံးက မကွာစေနဲ့ဆိုပြီး ဆုံးဖြတ်လိုက်ရင် အဲဒီနေ့ကစပြီး (ပိုနေမြဲ-ကျားနေမြဲ) လင်မယားပြန်ဖြစ် သွား ပြန်တယ်။ လင်ရှိမယား ပြန်ဖြစ်သွားတယ်။
ကိုဖြူ          ။         ။   အောက်ရုံးက ကွာစေ အမိန့်ရလို့ နောက်ယောင်္ကျားယူလိုက်တယ်။ အပေါ်ရုံးက ကွာစေအမိန့်ကို ပြန်ပယ်ဖျက်လိုက်တယ်။ နောက်ယူတဲ့လူ မယားခိုးမှု ဖြစ်မလားဆရာ။ မယားပြန်ပေး ရမှာလား။
ယူတီကေ     ။         ။   အောက်ရုံးရဲ့ ကွာစေ ဒီကရီချတဲ့နေ့နဲ့ အပေါ်ရုံးက မကွာစေနဲ့ ဒီကရီချတဲ့နေ့ အကြား ဆောင်ရွက် ချက်ဟာ “ကွာစေ” ဒီကရီအမိန့်တည်နေစဉ် ဆောင်ရွက်ချက်ဖြစ်ဖို့ အပြစ်မရှိပါဘူး။ သူ့မယား ပြန်ဖြစ်သွားရင်တော့၊ နောက်လူနဲ့ ထိမ်းမြားခြင်းဟာ ပျက်ပြယ်သွားပြန်တယ်။ ဆက်ပြီး ပေါင်းသင်းလို့ တရားမ၀င်တော့ဘူး။
ကိုဖြူ          ။         ။   ဒုတိယလူနဲ့ပေါင်းသင်းတဲ့ကာလမှာ ကလေးတွေရှိလာရင်၊ ကလေးမွေးလာရင်ရော ဘယ်သူ့မှာ တာဝန် ရှိသလဲဆရာ။
ယူတီကေ     ။         ။   (အင် -) (ဒုတိယလူ - လား) (တရားသူကြီး - လား)


UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

Credit to ဆရာဦးထွန်းကြည်(မဟာဝိဇ္ဇာ၊သိပ္ပံ၊ဥပ​ဒေ)

သူရူးမှု စစ်ဆေးစီရင်ခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

 အချို့သော အမှုအခင်းတွေမှာ ရူးသွပ်တဲ့ တရားခံတွေ ပါလာတာကို တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားမိတာက အဲဒီလို သူရူးမှု...